ဆေးထိုးမှား၍ သေဆုံးရသည် စွပ်စွဲပြီး အထူးကုဆေးရုံ ဆရာဝန်ကို အမှုဖွင့်

ပို့စ်တင်ချိန် - 2/13/2014 08:02:00 PM




ဇော်ဇော်ထွေး| ကြာသာပတေးနေ့၊ ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်မြို့နယ်တွင် ဆေးထိုးမှား၍ လူတစ်ဦးသေဆုံးရသည်ဟု စွပ်စွဲပြီး အထူးကုဆေးရုံမှ ဆရာဝန်ကို အမှုဖွင့်တိုင်တန်းထားသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုကို ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ ပြည်တော်သာလမ်းတွင် နေထိုင်သည့် သေဆုံးသူ၏ ဇနီးတော်စပ်သူက အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းဖြစ်စဉ်တွင် ဆေးထိုးမှားခြင်း လုံးဝမရှိခဲ့ဘဲ လူနာ၏ နှလုံးရောဂါ အခံကြောင့်သာ အမောဖောက်ပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားရခြင်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂလိကဆေးရုံမှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာစိန်ဌေးက မဇ္ဈိမကို ပြောကြားခဲ့သည်။

အမှုမှာ ဇန်နဝါရီလ ၂၅ ရက် ည၁၀နာရီအချိန်က ခင်ပွန်းဖြစ်သူသည် ရင်ခါင်းပူ၍ ဗိုက်အောင့်သဖြင့် ကိုယ်တိုင်ကားမောင်းပြီး အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်ရှိ အထူးကုဆေးရုံသို့ သွားရောက်ပြသခဲ့သည်ဟု တရားလိုက ရဲထံတွင် ပြောပြထားသည်။

ထို့နောက် ၎င်းဆေးရုံမှ ဆရာဝန်ဖြစ်သူ ဒေါက်တာထက်အောင်က အကြောဆေး(၁)လုံးထိုးပေးပြီး (၁)မိနစ်ခန့်အကြာတွင် ပါးစပ်မှ အမြှုပ်ထွက်၊ နှုတ်ခမ်းပြာ၊ လျှာခေါက်၊ မျက်လုံးပြူး၊ ဆီး/ဝမ်းများထွက်၍ အင်းစိန်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသစဉ် ည ၁၁နာရီ ၁၅မိနစ်အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူကို ဆေးထိုးပေးခဲ့သည့် ပုဂ္ဂလိကဆေးရုံမှ ဒေါက်တာထက်အောင်၏ ဆေးမှားယွင်းထိုးသွင်းခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ယူဆရသဖြင့် အရေးယူပေးရန် ဒေါ်ခင်ခင်ထွေးက စွပ်စွဲတိုင်တန်းထားသော အမှုဖြစ်သည်။

“လူနာက ဗိုက်အောင့်လို့ ဆေးရုံကို ရောက်လာတယ်။ အဲဒါကို စစ်ဆေးပြီး ဗိုက်အောင့်ရင်ထိုးတဲ့ ပန်တိုးစစ်(Pentozic) ကိုထိုးပေးလိုက်တယ်။ ဒီဆေးက ဘာမှဘေးထွက်ဆိုးကျိုးမရှိပါဘူး၊ ဒါပေမယ့် လူနာက နှလုံးရောဂါအခံရှိတော့ အမောဖောက်လာတယ်။ အဲဒါကြောင့် ဆရာဝန်ကိုယ်တိုင် ဆေးရုံကို လိုက်ပို့ရင်း လမ်းမှာပဲ ဆုံးသွားတာပါ” ဟု ဆေးရုံအုပ် ဒေါက်တာစိန်ဌေးက ရှင်းပြခဲ့သည်။


ထို့ပြင် ဆေးထိုးမှားခြင်း လုံးဝမဟုတ်ကြောင်းနှင့် အဆိုပါ လူနာနှင့် ပက်သက်သည့် ဆေးကုသမှုမှတ်တမ်းများကိုလည်း သက်ဆိုင်ရာများအနေဖြင့် အချိန်မရွေးလာရောက် စစ်ဆေးနိုင်သည်ဟု ဆရာဝန်ကြီးက ဆိုသည်။

ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက (ပ)၁၅၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး မောင်မောင်ဦးကိုယ်တိုင် အမှုဖြစ်စဉ်အား စစ်ဆေးနေပြီး ပြစ်မှုပေါ်ပေါက်ပါက ပုဒ်မ ၃၀၄-က ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Mizzima