အင်းစိန်မြို့နယ် ပေါက်တောဝမီးပွိုင့်အနီး လမ်းဘေးဈေးဆိုင်နှင့် လူခြောက်ဦးကို တက္ကစီဝင်တိုက်

ပို့စ်တင်ချိန် - 3/25/2014 03:44:00 PM


ရန်ကုန်၊ မတ် ၂၄

တက္ကစီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်အနီးတွင် မတ်လ ၂၃ ရက်၊ ည ၉ နာရီဝန်းကျင်က လမ်းဘေးဈေးဆိုင်များနှင့် လူခြောက်ဦးကို ၀င်တိုက်မှု ဖြစ်ပွားခဲ့သည်။

“အရှိန်ကတော့ တော်တော်ပြင်းတယ်။ အတိုက်ခံရတဲ့အထဲမှာ ဗိုက်ကြီးသည် တစ်ဦးလည်းပါတယ်။ နောက် ကောင်မလေးတစ်ဦးကတော့ ကားအောက်က ဆွဲထုတ်ရတယ်”ဟု အနီးရှိ မျက်မြင်ဈေးသည် တစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၀က်သားတုတ်ထိုးဆိုင်နှင့် ကွမ်းယာဆိုင်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီး တက္ကစီ ယာဉ်မှာလည်း ပလက်ဖောင်းပေါ်သို့ ရောက်ရှိနေခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် အဆိုပါ တက္ကစီယာဉ်မောင်းမှာ အရက်သောက်ထားကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် အနီးရှိလူ တချို့က ၀ိုင်းဝန်းထိုးကြိတ်မှုများရှိခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

အဆိုပါ ယာဉ်မောင်းကိုလည်း အင်းစိန်ရဲစခန်းက ယာဉ် (ပ) ၃၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၃၈/ ၂၇၉ တို့ဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်ဟု အဆိုပါ အမှုစစ်က ပြောသည်။

ဇော်ဇော်ထွေး
Mizzima Burmese