ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖမ်းဆီးခံရသောစစ်သည်မှာ အသက်ရှင်လျက် ရှိနေသေးသည်ဟု မျှော်လင့်ကြောင်းနှင့် သေဆုံးသည်ဆိုပါက မည်ကဲ့သို့ သေဆုံးခဲ့သည်ကို သိလိုကြောင်း ဖခင်ဖြစ်သူ ပြောကြား

ပို့စ်တင်ချိန် - 3/25/2014 08:10:00 AM


တပ်ကြပ်ကြီး ခိုင်ထူးအောင်မပျောက်ဆုံးမီ သုံးလခန့်က မိတ္ထီလာမြို့ အန္တကူရေလယ်ဘုရားသို့ မိသားစုနှင့်အတူ ဘုရာဖူးသွားရောက်စဉ် နောက်ဆုံးရိုက်ကူးခဲ့သော ဓာတ်ပုံ (၀ဲမှယာ) တပ်ကြပ်ကြီး ခိုင်ထူးအောင်၊ ဖခင်ဖြစ်သူ ဦးဝင်းမာ၊ ခိုင်ထူးအောင်မိခင်၊ ခိုင်ထူးအောင်၏ညီမ
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး မိုင်တိုင်အမှတ် ၅၁/၅၂ ကြားတွင် တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဆလအ(ခွဲ)၉၄၄ (ဗန်းမော်)မှ တပ်ကြပ်ကြီး ခိုင်ထူးအောင်သည် အသက်ရှင်လျက်ရှိနေသေးသည်ဟု ယုံကြည်ယူဆကြောင်းနှင့် အကယ်၍သေဆုံးခဲ့သည်ဆိုပါက မည်သည့်နေရာ၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြင့် မည်သည့်အချိန်တွင် သေဆုံးခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း တပ်ကြပ်ကြီး ခိုင်ထူးအောင်၏ ဖခင်ဖြစ်သူ ဦးဝင်းမာက ပြောကြားသည်။

"ကျွန်တော့်သားလေး အသက်ရှင်လျက်ရှိသေးတယ်လို့ ကျွန်တော်ယုံကြည်သေးပါတယ်။ သားက ၂၀၁၃ ခုနှစ်အထိ အသက်ရှင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သားခွင့်ပြန်သွားတဲ့အချိန်နဲ့ ဖြစ်တဲ့အချိန်က သုံးလတောင်မခြားပါဘူး။ အခုနောက်ဆုံးထွက်လာတဲ့  ဓာတ်ပုံတွေကိုကြည့်ပြီး သားခိုင်ထူးအောင် အသက်ရှင်လျက်ရှိသေးတယ်လို့ ပိုပြီးယုံကြည်လာပါတယ်။ ၂၀၁၂ ခုနှစ်က နယ်စပ်မှာပြန်ပေးဆွဲခံရပြီး နောက်ခြောက်လရှိတော့ တပ်မတော်က သေစာရင်းသွင်းခံရပါတယ်။ ရှာနေတဲ့အချိန်အတွင်းမှာလည်း စစ်တပ်က လူကိုယ်တိုင်လာရောက်ဆက်သွယ်ခြင်း၊ နှစ်သိမ့်ခြင်းမရှိခဲ့ပါဘူး။ သူ့မိခင်တပ်ရင်းကဆိုရင် ခုချိန်ထိ ဖုန်းတစ်ချက်မဆက်ခဲ့ပါဘူး"ဟု ပျောက်ဆုံးခဲ့သော တပ်ကြပ်ကြီး ခိုင်ထူးအောင်၏ ဖခင်ဦးဝင်းမာက ပြောကြားခဲ့သည်။

"တပ်မတော်အနေနဲ့ ပြတ်ပြတ်သားသားရှာစေချင်တယ်။ တကယ်လို့ ကျွန်တော့်သား ခိုင်ထူးအောင် ကျဆုံးခဲ့တယ်ဆိုရင်တောင် ဘယ်အချိန်၊ ဘယ်နေရာမှာသေတယ် ကျွန်တော်မြင်ချင်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေရင်းနဲ့ ဖြစ်သွားတဲ့ စစ်သည်တစ်ယောက်ကို ဒီလိုတော့ ပစ်မထားစေချင်ပါဘူး။ ပြတ်ပြတ်သားသား ရှာပေးစေချင်ပါတယ်။ ဒီဖြစ်စဉ်က တိုက်ပွဲမှာကျဆုံးရတာနဲ့ မတူပါဘူး" ဟု ဦးဝင်းမာက ဆက်လက်ပြောကြားခဲ့သည်။

တပ်ကြပ်ကြီး ခိုင်ထူးအောင်မှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ကာ ၂၀၀၇ ခုနှစ်တွင် တပ်မတော်သို့  စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆလအ (၉၄၄) ဗန်းမော်မှ တွဲဖက်အနေဖြင့် စစ်တွေသို့ ၂၀၀၈ ခုနှစ်တွင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၆ ရက် မနက်ပိုင်းတွင် တစ်ဖက်အဖွဲ့အစည်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေကာ တပ်မတော်မှသေစာရင်းသွင်းခံရပြီး ခံစားခွင့်များကို ဆက်သွယ်လုပ်ဆောင်ရန် မိဘထံသို့ အကြောင်းကြားခံရသူ တပ်မတော်သားတစ်ဦးဖြစ်သည်။

ဖခင်ဖြစ်သူ ဦးဝင်းမာသည် လက်ရှိတွင် မိတ္ထီလာမြို့ မီးသတ်ရုံးအနီး နေထိုင်လျက်ရှိပြီး မိတ္ထီလာမြို့ ဗဟိုဈေးကြီးအတွင်း ဘုရားပန်းရောင်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်သည်။

EMG