အိုဘားမားမှ NSA ၏ ဖုန်းမှတ်တမ်း အများအပြား သိမ်းဆည်းမှုကို အဆုံးသတ်ရန် ပြောဆို

ပို့စ်တင်ချိန် - 3/25/2014 06:26:00 PM


အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ ဖုန်းမှတ်တမ်း အများအပြား သိမ်းဆည်းမှုကို အဆုံးသတ်ရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားမှ ကွန်ဂရက်သို့ ပြောဆိုရန် ပြင်ဆင်နေကြောင်း အကြီးတန်း အုပ်ချုပ်မှု ဆိုင်ရာ အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ သို့ရာတွင် လိုအပ်လာလျှင် အစိုးရအနေဖြင့် ၎င်းသတင်း အချက်အလက်များကို ဖွင့်ဆိုထားသော အချက်အလက်များကို ရယူနိုင်ခွင့်ကို ခွင့်ပြုထားကြောင်းလည်း ပြောဆိုခဲ့သည်။

အကယ်၍ ကွန်ဂရက်မှ အတည်ပြုခဲ့လျှင် သတင်း အချက်အလက် စုဆောင်းမှုကို အိုဘားမား၏ အုပ်ချုပ်ရေးဆိုင်ရာမှ ရပ်တန့်သွားမည် ဖြစ်သည်။ ၎င်းသတင်း အချက်အလက်များသည် အမေရိကန်တွင် ခေါ်ဆိုထားသည့် သန်းပေါင်းများစွာသော ဖုန်းခေါ်ဆိုမှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်အတွင်းက NSA၏ ကန်ထရိုက်တာဟောင်း အက်ဒဝပ် စနိုးဒင်၏ ၎င်းစောင့်ကြည့်မှု အစီအစဉ်ကို ဖွင့်ချခဲ့မှုကြောင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ လွတ်လပ်ခွင့် အခွင့်အရေးပေါ်တွင် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာခဲ့သည်။

အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသည့် ဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်ရန် အတွက်သာ အစိုးရသည် တရားရုံးမှ ခွင့်တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်တိုင်းမ်မှ ထုတ်ပြန်ခဲ့သည်။

စနိုးဒန်၏ ဖော်ထုတ်မှုကြောင့် အမေရိကန် အစိုးရ၏ သတင်းအချက်အလက်များ သိမ်းဆည်းမှု ပေါ်ပေါက်ခဲ့သည့်အတွက် အစိုးရ အပေါ်တွင် ပြစ်တင်ဝေဖန်မှုများစွာ ပေါ်ပေါက်လျက် ရှိသည်။

စနိုးဒင်သည် လက်ရှိတွင် ရုရှား၌ ယာယီ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံပြီး နေထိုင်လျက် ရှိသည်။

ကွန်ဂရက်မှ တရားဝင် ခွင့်ပြုသည့် အချိန်တွင် အိုဘားမား အစိုးရမှ NSA ၏ သတင်းအချက်အလက် စုဆောင်းမှု အစီအစဉ်ကို အသစ် ပြန်လည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

အစီအစဉ်နှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရင်နှီးသော မဟာမိတ် နိုင်ငံခေါင်းဆောင်များ အပေါ်တွင် ခိုးယူနားထောင်မှု ပိတ်ပင်ခြင်းကို ဇန်နဝါရီလ အတွင်းတွင် အိုဘားမားမှ  ပြုလုပ်ခဲ့သည်။

အစီအစဉ် ပြောင်းလဲမှုတွင် တယ်လီဖုန်း ကုမ္ပဏီများ အနေဖြင့် တယ်လီဖုန်း မှတ်တမ်းများကို ပုံမှန်အတိုင်း သိမ်းဆည်းထားနိုင်ကြောင်း ပါဝင်သည်။ အစောပိုင်း ကာလများက တယ်လီဖုန်း ကုမ္ပဏီများ အနေဖြင့် ဖုန်းမှတ်တမ်းများကို ၁၈ လ ကျော်အထိ သိမ်းဆည်းထားရမည် ဖြစ်သော်လည်း သတင်းအချက်အလက်သစ် စုဆောင်းမှုမှာ ပိုမိုအရေးကြီးကြောင်း ဆုံးဖြတ်ပြီး ၎င်းအစီအစဉ်ကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ အနေဖြင့် သတင်း အချက်အလက်များ စုဆောင်းခြင်းကို စက်တင်ဘာ ၁၁ ရက် ၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ကာကွယ်ရေး ဥပဒေ ကဏ္ဍ ၂၁၅ အရ တရားဝင် ကြီးကြပ်မှုဖြင့် သတင်းအချက်အလက်များကို ရယူနိုင်ကြောင်း စောင့်ကြည်လေ့လာရေး ဆိုင်ရာ တရားရုံးမှ အခွင့်အာဏာ ပေးခဲ့ခြင်း ဖြစ်သည်။

NSA မှ အရာရှိများနှင့် ဆီးနိတ်အမတ် ဒိုင်ယန်းဖိန်းစတိန်းတို့ ကဲ့သို့သော ဥပဒေပြု ပုဂ္ဂိုလ်များမှ ၎င်းသတင်း အချက်အလက် စုဆောင်းမှုများအပေါ်ကို ကာကွယ်ခဲ့ကြပြီး ၎င်းအချက်အလက်များကြောင့် အစိုးရ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြားကို ခြေရာခံနိုင်ခဲ့ပြီး အမေရိကန် အတွင်းရှိ ပူးပေါင်း ကြံစည်သူများကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် အများစုက ၎င်းလုပ်ဆောင်မှုမှာ အလွန်အကျွံ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး အာဏာရှင်ဆန်ဆန် ကျုးကျော် တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယခု အုပ်ချုပ်ရေးပိုင်းမှ တင်သွင်းမည့် အဆိုပြုလွှာတွင် အမျိုးသား ကာကွယ်ရေး ဥပဒေ ကဏ္ဍ ၂၁၅ ကို အနာဂတ်ကာလ သတင်း အချက်အလက် စုဆောင်းမှုတွင် အသုံးပြုခြင်း၊ မပြုခြင်းကို စဉ်းစားသွားရန် ပါဝင်ကြောင်း နယူးယောက်တိုင်းမှ ဖော်ပြခဲ့သည်။

REF: Reuters
The Myanma Age