တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုနှုန်း မြင့်တက်လာခြင်းကြောင့် PCO အသုံးပြုသူ လျော့နည်းလာ

ပို့စ်တင်ချိန် - 3/25/2014 03:40:00 PM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေရာအနှံ့တွင် ဖွင့်လှစ်ပေးထားသည့် အများပြည်သူသုံး တယ်လီဖုန်းဆိုင် (PCO) များတွင် နေ့စဉ်ဖုန်းဆက်သူအရေအတွက် ကျဆင်းမှုမှာ ယခုနှစ်ဆန်းပိုင်းကာလများတွင် ပိုမိုသိသာလာကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် အဆိုပါ ဖုန်းဆိုင်အချို့မှ စုံစမ်းသိရသည်။



မြို့ကြီးများတွင် မိုဘိုင်းဖုန်းသုံးစွဲလာနိုင်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေခြင်းကြောင့် ယခုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်ကို အသုံးပြုသူဦးရေ ကျဆင်းလာရခြင်းဖြစ်ပြီး လူတစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် အခြေအနေ ရောက်လာပါက အဆိုပါဖုန်းဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။



“တစ်ရက်တစ်ရက်ကို ဖုန်းဆက်တဲ့သူ အတော်ကိုနည်းလာတယ်။ အရင်ကဆို တစ်ရက်ကို မိနစ်နှစ်ရာကျော်၊ သုံးရာလောက်အထိ ပြောကြတယ်။ အခုဆို တစ်နေ့ကို မိနစ်တစ်ရာလောက်တောင် မပြည့်ချင်ပြည့်ချင်ဖြစ်လာတယ်။ လူတိုင်းက ဖုန်းကိုင်လာနိုင်တော့ ဒီလိုဖုန်းဆိုင်တွေက သိပ်အသုံးမဝင်တော့ဘူး” ဟု ရန်ကုန်မြို့လယ်တွင်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အများပြည်သူသုံး တယ်လီဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။



ထိုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်များကို အသုံးပြုသူနည်းပါးလာခြင်းကြောင့် အဆိုပါဖုန်းဆိုင်များမှ ဝန်ထမ်းများ၏ နေ့စဉ်ရရှိနေသော အပိုဝင်ငွေများလည်း ကျဆင်းလာနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။



“အရင်လို ဖုန်းဆက်တဲ့သူကသိပ်မရှိတော့ အလုပ်လုပ်ရတာ ပျင်းလာတယ်။ နေကလည်းပူ၊ ဖုန်းဆက်တဲ့သူကလည်းမလာနဲ့ဆို အလုပ်လုပ်နေရတာ အဆင်မပြေတော့ဘူး။ အစိုးရလစာဆိုတော့ ဝင်ငွေကလည်းနည်းတော့ ဒီအလုပ်ကနေ ထွက်မလားစဉ်းစားနေတယ်” ဟု ကမာရွတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အများပြည်သူသုံး တယ်လီဖုန်းရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း သူမ၏ အလုပ်နှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ပြောသည်။



၂၀၁၀ ခုနှစ် ဝန်းကျင်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ ဖုန်းဆိုင်များသည် ကိုယ်ပိုင်မိုဘိုင်းဖုန်း အသုံးမပြုနိုင်သည့် လူများအတွက် အရေးပါသော ဆက်သွယ်ရေးရုံများဖြစ်ခဲ့သည်။ ထိုအချိန်များတွင် အဆိုပါ ဖုန်းဆိုင်များတွင် အသုံးပြုရသောသူများအနေဖြင့် အစိုးရက သတ်မှတ်ထားသည့် တစ်မိနစ်လျှင် သုံးဆယ်ကျပ်ထက် ပိုမိုသည့်ပမာဏများကို အမြဲပေးဆောင်ခဲ့ရသည်။ “အရင်က လူတွေက ဖုန်းမကိုင်နိုင်တော့ ပီစီအိုတွေပဲ အားကိုးရတယ်ဗျာ။ ကျွန်တော်တို့မှာ အဲ့ဒီအချိန်တွေကဆို ဖုန်းနဲ့ဆက်သွယ်မှုတွေ ပြုလုပ်ဖို့က မြန်မာ့ဆက်သွယ်ရေးရဲ့ ဒီဖုန်းဆိုင်တွေကလွဲလို့ တခြားရွေးချယ်စရာမရှိခဲ့ဘူး။ အဲ့ဒီတော့ အစိုးရက ဘယ်လောက်ပဲ ဖုန်းပြောခဈေးကို သတ်မှတ်ပေးပေး ကျွန်တော်တို့တွေ ပိုပေးရပါတယ်။ အခုလို လူတိုင်းဖုန်းကိုင်လာနိုင်တော့ အဲ့ဒီဆိုင်တွေဘယ်အလုပ်ဖြစ်တော့မလဲ” ဟု မိုဘိုင်းဖုန်းအသုံးပြုသူ အမျိုးသားတစ်ဦးကလည်း သူ၏အများပြည်သူသုံးတယ်လီဖုန်းရုံများ၏ အတွေ့အကြုံကို ပြောသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ လုပ်ငန်းများ စတင်ပြီးနောက်ပိုင်း လူတစ်ဦးချင်းမိုဘိုင်းဖုန်း အသုံးပြုလာနိုင်မှု သိသိသာသာတိုးတက်လာသည့် အချိန်တွင် မြို့ကြီးများပေါ်တွင် ဖွင့်လှစ်ထားသော အဆိုပါဖုန်းဆိုင်များကို ပိတ်သိမ်းမည်ဖြစ်ပြီး ဝေးလံခေါင်ဖျားသည့်ဒေသများတွင်သာ ထားရှိပေးထားမည်ဟုပြောကြားသည်။



ယခုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်များကို အသုံးပြုသူနည်းပါးလာခြင်းကြောင့် အဆိုပါ ဖုန်းရုံများတွင် အလုပ်လုပ်ကိုင်ကြသည့် ဝန်ထမ်းများအနေဖြင့် အခြားအလုပ်အကိုင်များကို ပြောင်းလဲလုပ်ကိုင်ရန်စဉ်းစားနေကြပြီး ပြီးခဲ့သည့်နှစ်အတွင်းမှ စတင်ကာ အလုပ်ထွက်ခဲ့သည့် ဝန်ထမ်းများလည်း ရှိခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။



ယခင်က ရန်ကုန်မြို့တွင်း၌ အများပြည်သူသုံးတယ်လီဖုန်းဆိုင် နှစ်ရာကျော်ရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင်မူ အဆိုပါအရေအတွက်ထက် လျော့နည်းနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ မိုဘိုင်းဖုန်းအသုံးပြုနေသည့်အရေအတွက်မှာ ခြောက်သန်းနီးပါး ရှိလာပြီဖြစ်ပြီး ယင်းတို့ထဲမှ တစ်သန်းကျော်သော ပမာဏသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲနိုင်နေကြပြီဖြစ်သည်။



ယုဇနကိုကို
Internet Journal