ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အင်းစိန်မှာ လူ၂ဝဝဆန္ဒပြ၊ နေ့စဉ်ရက်ဆက် တောင်းဆိုမှုများမြင့်လာနေ

ပို့စ်တင်ချိန် - 3/25/2014 12:38:00 PM


ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အင်းစိန်မှာ လူ၂ဝဝဆန္ဒပြ၊ နေ့စဉ်ရက်ဆက် တောင်းဆိုမှုများမြင့်လာနေ
၂ဝဝ၈ ဖွဲ့စည်းပုံဟာ နာဂစ်ဆိုင်ကလုန်းကာလမှာ ပြည်သူ့ဆန္ဒမပါဘဲ ပေါက်ဖွားလာခဲ့တာဖြစ်ပြီး ပုဒ်မ ၄၃၆ကို ဦးတည်ပြင်ဆင်ရမယ်လို့ အင်းစိန်မြို့နယ်မှာ မတ်လ ၂၄ရက်နေ့က လူ၂ဝဝလောက် ဆန္ဒပြခဲ့ပါတယ်။ ဘာ့ကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ဆန္ဒပြမှုတွေ လုပ်နေရတာလဲ။

၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီလမ်းကြောင်းကို လမ်းမှားရောက်အောင် တွန်းပို့နေတာဖြစ်ပြီး ပြင်ဆင်ဖို့ခက်ခဲအောင်လုပ်ထားတဲ့ ပုဒ်မ ၄၃၆ဟာ အဓိကသော့ချက်ဖြစ်တယ်လို့ ဆန္ဒပြသူ တစ်ယောက်ဖြစ်တဲ့ အထက်တန်းရှေ့နေ ဦးဇော်မျိုးဝင်းက ဆိုပါတယ်။

အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီးကနေ အောင်ဆန်း စက်မှုလက်မှုအထက်တန်းကျောင်းအထိ ကြွေးကြော်သံတွေ အော်ပြီး ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ)နဲ့(စ)တို့ကို ပြင်ဆင်ပေးဖို့ ပိုစတာတွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်မှာ စိုးရိမ်တဲ့စိတ်နဲ့ ဆန္ဒပြမှုကို ပူးပေါင်းပါဝင်ခဲ့သူ ဦးကျော်မြင့်က ဖွဲ့စည်းပုံ ပြင်ဆင်မှုနဲ့အတူ အစိုးရရဲ့ရိုးသားမှုကိုပြဖို့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြမှုတွေ မတ်လ ၂၃ရက်နေ့မှာ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရန်ကုန်မှာတော့ ၃ရက်ဆက်တိုက်ရှိနေပြီဖြစ်သလို နောက်ထပ်ဆန္ဒပြပွဲတွေလည်း ပြုလုပ်သွားမယ့်အခြေအနေမှာ ရှိနေပါတယ်။