ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်

ပို့စ်တင်ချိန် - 3/25/2014 06:10:00 PM


ရန်ကုန်၊ မတ် ၂၄

ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“နိုင်ငံတကာမှာလည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပဲ လုပ်နေတာ ဆိုတော့ ရန်ကုန်က အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လွှဲပေးတာပါ” ဟု (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေနှင့် အဆိုပါ ဌာနထံ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ဒါ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါ ဌာနထံမှ သိရှိရသည်။

“အမှိုက်သိမ်းတဲ့ လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ကိုင်ရင် စည်ပင်ထက် ပိုကောင်းလာမယ်လို့ ထင်တယ်။ အပြိုင်အဆိုင်နဲ့ အကောင်းဆုံးနဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အခုလို အမှိုက်ပုံးထဲမှာ ပြည့်လျှံနေတာတို့၊ အနံ့ဆိုးတွေ ထွက်နေတာမျိုး မရှိနိုင်တော့ဘူး” ဟု အလုံမြို့နယ် ဌာနရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ် ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကို ခရိုင်အလိုက်သာ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ မြို့နယ်တစ်ခုချင်းစီ လုပ်ကိုင်ခွင့် မပြုကြောင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနေနှင့် အာမခံကြေး ကျပ်သိန်း ၅၀ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ထွက်ရှိသော အမှိုက်များမှ စွမ်းအင် ထုတ်လုပ်မည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly