သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာများ လူသုံးဦးထံမှ လိမ်လည်သွား

ပို့စ်တင်ချိန် - 3/25/2014 03:41:00 PM


ရန်ကုန်၊ မတ် ၂၄

လူတစ်ဦးက လူသုံးဦးထံမှ စိန်၊ ရွှေရတနာများကို လိမ်လည်သွားသည်ဟု လိမ်လည်ခံရသူများက အမှု ဖွင့်တိုင်တန်းမှု တစ် ခုကို မတ် ၂၃ တွင် ပန်းဘဲတန်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ပထမအမှုမှာ စိန်ပွင့်များလိမ်လည်ခံရခြင်းဖြစ်ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင် မင်္ဂလာလမ်းနေ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်အောင်လင်း (၄၀)နှစ်က အမှုဖွင့်တိုင်တန်းထား ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အမှုမှာ ကမာရွတ်မြို့နယ်၊ အေးရိပ်မွန် (၁)လမ်းနေ သန့်ဇင်ဦး (ခ)သစ်အောင်ဇံဆိုသူသည် ပန်းဘဲတန်း မြို့နယ်ရှိ အစ်ကိုဖြစ်သူ ကိုဂျစ်၏ တော်ဝင်ရွှေဆိုင်တွင် စိန်ပွင့်များကို ပြန်လည်ရောင်းချပေးမည်ဟု ပြောဆို သဖြင့် သက်သေများရှေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကျပ်သိန်း ၆၅၆ သိန်းတန်ဖိုးရှိ စိန်ပွင့်များနှင့် စိန်ထည် ပစ္စည်းများကို ငါးကြိမ်တိုင် ယုံကြည်စွာအပ်နှံခဲ့သည်ဟု ရဲထံတွင် တိုင်တန်းထားသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးမျိုးမြင့် (၂၆)နှစ်ကလည်း ကိုသန့်ဇင်ဦး (ခ) သစ်အောင်ဇံကို ကျပ် သိန်း ၂၇၈ သိန်း တန်ဖိုးရှိ စိန်ပွင့်များအား လိမ်လည်ရယူမှု နှင့် အရေးယူပေးရန် တိုင်တန်းထားသည်။

အမျိုးသမီးတစ်ဦးကလည်း ကျပ်သိန်း ၁၂၃ သိန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ လိမ်လည်မှုဖြင့် သန့်ဇင် ဦး(ခ) သစ်အောင်ဇံကို ထပ်မံတိုင်ကြားထားသဖြင့် ပန်းဘဲတန်းရဲစခန်းက ပင် (ပ)၉၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၄၂၀ ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း အဆိုပါ ပစ္စည်းတန်ဖိုး ငွေများကို ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် သန့်ဇင် ဦး(ခ) သစ်အောင်ဇံကို လိမ်လည်မှုဖြင့် အရေးယူပေးရန် ကိုဇော်အောင်လင်းက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို ပန်းဘဲတန်းရဲစခန်းက (ပ)၉၇/၂၀၁၄ ဖြင့် အမှုဖွင့် စုံစမ်းရှာဖွေလျက်ရှိ သည်။

Mizzima Burmese