မောင်တောမြို့နယ်တွင် အဓိကရုန်းနှိမ်နှင်းရေး အသင့်စုဖွဲ့ လေ့ကျင့်မှုပြုလုပ်

ပို့စ်တင်ချိန် - 3/25/2014 12:04:00 PM

(မောင်တောမြို့တွင် အဓိကရုန်းနှိမ်နင်းရေးအတွက် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေစဉ်)

မောင်တောမြို့နယ်အတွင်း အဓိကရုဏ်းနှိမ်နင်းရေး အသင့်စုဖွဲ့ လေ့ကျင့်မှု တစ်ရပ်အား မတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေ့ကျင့်မှုအား မောင်တောမြို့ပေါ် ဘောလုံးကွင်းအနီး ဈေးဟောင်းမြေနေရာ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့ပြီး အဆိုပါ လေ့ကျင်မှုတွင် အမှတ် (၁) နယ်ခြား စောင့်ရဲတပ်ဖွဲ့ (BGP)၊ နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် တပ်ရင်း (၅၃၇) (၅၆၅)(၅၆၄) တို့ပါဝင်သော အင်အား ၁၁၈ ဦးဖြင့် လေ့ကျင့်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရန် နီးကပ်လာချိန်တွင် ဘင်္ဂါလီကျေးရွာများတွင် မီးရှို့မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂါလီ ကျေးရွာများတွင် လက်နက်နှင့် ကျည်ဆံများ ဆက်တိုက်ဖမ်းဆီး ရမိခြင်းများကြောင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ထပ်မံတိုးမြှင့်ကာ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ ရဲကင်းစခန်းများတွင် ရဲတပ်ဖွဲ့အင်အား၊ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကိရိယာ၊ ယင်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု၊ အဓိကရုဏ်းနှိမ်နင်းရေး စွမ်းရည်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ယင်းအပြင် လုံခြုံရေးရဲတပ်ဖွဲ့ နေရာချထားမှုတွင် အားနည်းချက်များ ရှိနေပြီး မြို့နယ်အတွင်းပိုင်း သာမက နယ်စပ်တစ်လျှောက်တွင်လည်း လစ်ဟာမှုများ ရှိနေကြောင်း ဒုချီးရားတန်းဖြစ် စဉ်များစစ်ဆေးရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group