အခေါက်ရွှေ ရောင်းလိုအား မြင့်တက်

ပို့စ်တင်ချိန် - 4/25/2014 08:22:00 PM


ရန်ကုန်၊ ဧပြီ ၂၄

ပြည်တွင်းရွှေဈေးမှာ ရွှေဘုံသာ ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား မြင့်နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက The Voice သို့ ပြောကြားသည်။
“သင်္ကြန်မတိုင်ခင်က ရွှေဝယ်စုထားတဲ့သူတွေက သင်္ကြန်ပြီးတော့ ပြန်ထုတ်ရောင်းတဲ့သူ များလို့ ဈေးကွက်ထဲမှာ ရောင်းအား များနေတယ်” ဟု ၎င်းကဆိုသည်။

သင်္ကြန်မတိုင်မီက အရောင်းအဝယ် အေးခဲ့သည့် ပြည်တွင်းရွှေဈေးကွက်တွင် သင်္ကြန်အလွန်တွင် လက်ကား (အပိုင်း) ဈေးနှင့် လက်လီ (အထည်) ဈေးကွက်ပါ အရောင်းအဝယ် ပြန်ကောင်းလာပြီ ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
“ရွှေဈေးက အနိမ့်ပိုင်းထဲ ရောက်နေတော့ ခုရက်ပိုင်း ဆိုင်မှာလည်း အရောင်းအဝယ် ပြန်ကောင်းလာတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ အဖွင့်ဈေးမှာ ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၁၅၀၀ ကျပ် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၂၈၆ ဒေါ်လာဖြင့် ဈေးဖွင့်ထားပြီး ဆက်လက်ကျဆင်းနိုင်ခြေ ရှိကြောင်း ရွှေဘုံသာအခေါက်ရွှေ လက်ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly