မြန်မာမြို့ကြီးသုံးမြို့သို့ မေလအတွင်း စတင်ပျံသန်းပြေးဆွဲရန် ဗန်ကောက်လေကြောင်းလိုင်းနှင့် ဂျပန်လေကြောင်းတို့ လိုင်းသဘောတူ

ပို့စ်တင်ချိန် - 4/25/2014 08:37:00 AM



ရန်ကုန်၊ ဧပြီ ၂၂

ထိုင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့သို့ ယခုနှစ် မေလအတွင်းမှ စတင်ကာ လေကြောင်းလိုင်းများ ပြေးဆွဲသွားရန် စီစဉ်လျက်ရှိသည်။

ဂျပန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Japan Airline (JAL) နှင့် လေကြောင်းဆိုင်ရာ သဘော တူညီချက် (Codeshare) ဖြင့် အဆိုပါ ထိုင်းလေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များသို့ ဘန်ကောက်နှင့် ဆက်သွယ် ပြေးဆွဲသွားရန် စီစဉ်ခြင်းလည်း ဖြစ်သည်။

ဗန်ကောက် လေကြောင်းလိုင်းသည် မြန်မာနိုင်ငံအပြင် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ပါ ပျံသန်းမှုများ ပြုလုပ်ရန် ဂျပန်လေကြောင်းလိုင်းနှင့် သဘောတူညီမှု ရယူထားခဲ့သည်။

မြန်မာနိုင်ငံတွင်း ခရီးသွား ၀င်ရောက်မှုနှုန်း မြင့်တက် လာခဲ့ပြီးနောက် ထိုင်းလေကြောင်းလိုင်းများသည် မြန်မာနိုင်ငံသို့ ခရီးစဉ်များ ပြေးဆွဲရန် ကြိုးပမ်းလျက်ရှိပြီး ထိုင်းပြည်တွင်း၌သာ ပျံသန်းလျက်ရှိသည့် Nok Air ကလည်း ၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ ခရီးစဉ်များ စတင်ပျံသန်း ပြေးဆွဲခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းလေကြောင်းလိုင်းသည် သုဝဏ္ဏဘူမိ လေဆိပ်မှနေ၍ ပြည်တွင်းနှင့် ပြည်ပနိုင်ငံပေါင်း ရှစ်နိုင်ငံသို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက်ရှိနေသည့် ဗန်ကောက်အခြေစိုက် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ခရီးသည် ၀င်ရောက်မှုနှုန်း ပိုမို မြင့်တက်လာခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတည်းတွင်ပင် လက်ခံနိုင်သည့် ပြည်ပခရီးသည် ပမာဏထက် သုံးသိန်းကျော် ပိုမိုဝင်ရောက်ခဲ့ပြီး နိုင်ငံတကာခရီးစဉ် ပျံသန်းမှုအကြိမ်ပေါင်း နှစ်သောင်းကျော် အထိ စံချိန်တင် တိုးတက်လာခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားခဲ့သည်။

မြန်မာသံတော်ဆင့်