ချင်းတွင်းမြစ်ကြောင်းအတွင် ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျ၍ ပျောက်ဆုံးနေ

ပို့စ်တင်ချိန် - 4/25/2014 08:13:00 AM


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်နှင့် (၂)မိုင်ခန့်အကွာ လေးအိမ် တန်း ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း ယခုလ ၂၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်က ခရီးသည်တင်အမြန်ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ရေထဲသို့ပြုတ်ကျပျောက်ဆုံးလျက်ရှိကြောင်း ဟုမ္မလင်း မြို့နယ်ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးမှ ပြောပြသည်။
“ မုံရွာ - ဟုမ္မလင်း အဆန် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျပျောက်ဆုံးနေတာဖြစ်ပါတယ်..” ဟု ၎င်းက ဆက်လက်၍ ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီရုံး၏ မှတ်တမ်းများအရ ခရီးသည်တင် အမြန်ရေယာဉ် ခုတ်မောင်းသွားလာနေစဉ် ယာဉ်ပေါ်မှ စီးနင်းလိုက်ပါသော ခရီးသည်တစ်ဦး မြစ်ထဲသို့ပြုတ်ကျပျောက်ဆုံးခဲ့ရသည့် ခရီးသည်တင် အမြန်ရေယာဉ်မှာ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်းမှ “ ပွင့်ဖြူအောင်” ရေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ရေယာဉ်အား မောင်းနှင်သူမှာ ဘုတလင်မြို့နယ် ချောင်းဝကျေးရွာနေ ကိုနိုင်ဦး ဆိုသူပြီး ရေယာဉ်ပေါ်မှ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေသည့် ခရီးသည်မှာ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာနေ ကိုသန်းဇော်ဦး အသက်(၂၉)နှစ်ဆိုသူဖြစ်သည်။
“ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်..။ အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်က အလွန်နည်းနေပါပြီ..” ဟု ရွေပြည်အေး ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်စိုးဝင်းနှင့်အဖွဲ့က ပြောပြသည်။
ခရီးသည်တင်ရေယာဉ်အား ပေါ့လျော့တန်စွာမောင်းနှင်ခဲ့သူအား ဟုမ္မလင်းမြို့မရဲစခန်းမှ ဥပဒေအရ အရေး ယူဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ ကယ်ဆယ်ရေးအဖွဲ့မှ ပြောပြသည်။
ပြီးခဲ့သည့် မတ်လက မုံရွာမြို့မှ ဟုမ္မလင်မြို့သို့ ခုတ်မောင်းသွားလာလျက်ရှိသော ခရီးသည်တင် အမြန်ရေယာဉ်တစ်စီးသည် မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ကျောက်ဆောင်ဆိပ်ကမ်းနေရာတွင် ရေယာဉ်ပေါ်မှ စီးနင်းလိုက်ပါလာသူ ခရီးည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့ရသောဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရှိရ သည်။

ကိုတိုး ချင်းတွင်း