ဆင်ရိုင်းတစ်ကောင်မှ အစွယ်ဖြင့်ထိုးသတ်၍ ရွာသား(၂)ဦးသေဆုံး

ပို့စ်တင်ချိန် - 4/25/2014 09:34:00 PM


နေပြည်တော်၊ ဧပြီ ၂၅

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပလူဇ၀ကျေးရွာ ချောင်းစပ်အနီးတွင် မည်သည့်အရပ်မှဝင်ရောက်လာမှန်းမသိသော ဆင်တစ်ကောင်ရောက်ရှိလာရာ ရွာအတွင်းသို့ဝင်ရောက်မှုမရှိစေရေး ရွာသူ/သားများမှ ၀ါးများအား မီးရှို့ပြီး အော်ဟစ်ခြောက်လှန်မှု့များပြုလုပ်ခဲ့သဖြင့် ၎င်းဆင်မှာ ကလေးဝ-မော်လိုက်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါဆင်မှာ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးဝ- မော်လိုက်ကားလမ်းဘေး၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာအနီးရှိ ဦးအဲညီထွေး(၄၀)နှစ်၏နေအိမ် အတွင်းသို့ဝင်ရောက်၍ ဦးအဲညီထွေးအား အစွယ်ဖြင့်ထိုးသတ်ခဲ့ကာ ကားလမ်းအတိုင်း မော်လိုက်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၇ နာရီအချိန် မန်ဖာလေးကျေးရွာအနီး၊ ကားလမ်းဘေးရှိ ဦးဘသောင်း(၈၂)နှစ်၏လယ်တဲအားဖျက်ဆီး၍ ဦးဘသောင်းအား အစွယ်ဖြင့်ထိုးသတ်သွားခဲ့ကြောင်း သတင်းအရ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာန/မြို့နယ်သစ်တော ဦးစီးဌာနမှဝန်ထမ်းများနှင့် ကလေးဝပြည်သူ့ဆေးရုံမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆင်အား တောနက်ထဲသို့မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်