ဓါးခုတ်ခံရသော အမှုကို တိုင်ကြားထားသော်လည်း ရဲစခန်းမှ ဖမ်းဆီးအရေးယူခြင်းမရှိသေး

ပို့စ်တင်ချိန် - 4/27/2014 08:36:00 PM


မိုးမိတ်၊ ဧပြီ ၂၇။

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့တွင် ဧပြီ ၁၈ ရက် နေ့က ဖြစ်ပွားခဲ့သော ဓါးခုတ်ခံရမှုနှင့်ပတ်သက်ပြီး တရားခံအားမြင်တွေ့နေရသော်လည်း
ရဲစခန်းမှ ယနေ့တိုင် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်းမရှိသေးပါဘူး ဟု ဓါးဖြင့်အခုတ်ခံရသူ ကိုသီဟမှ ပြောသည်။


အဆိုပါဖြစ်စဉ်မှာ မိုးမိတ်မြို့လက်ခုပ်တန်းရပ်ကွက်ရှိ တီဗီဂိမ်းဆိုင်အနီး၊ ည ၉း၃၀ နာရီ အချိန်၌ ကိုသီဟ ဆိုသူအားနောက်ကွယ်မှ ဓါးကိုင်ဆောင်ထားသော
လူတစ်စုကဝင်ရောက် လုပ်ကြံသွားကြောင်း၊  ၎င်း မှ အခင်းဖြစ်ပွားရာညတွင်းချင်း မိုးမိတ်မြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည် ။

ဓါးခုတ်ခံရသူမှာ မိုးမိတ်ပြည်သူ့ ဆေးရုံတွင် ဦးခေါင်းနှောက်စေ့နှင့်ဘယ်ဘက်နထင်စပ်ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသမှု
ခံယူခဲ့ကြောင်းနှင့် ညာလက်ဖျံအကြောနှစ်ချောင်းပြတ်သွားကြောင်း ဆေးမှတ်တမ်းအရ သိရသည်။


ဓါးခုတ်ခံရသူမှာ မိမိအားလုပ်ကြံသူကို သက်သေများနှင့် ၎င်းရဲစခန်းတွင် ထွက်ဆိုပြောပြခဲ့ပြီးဖြစ်သော်လည်း အဆိုပါတရားခံမှာမြို့ပေါ်တွင်သွားလာနေလျှက်
ရှိနေကြောင်း၊ ရဲဝန်ထမ်းများမှ တရားခံအားအချိန်နှင့်တပြေးညီ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း လုပ်ကြံခံရသူ ကိုသီဟက ထပ်မံ
ပြောကြားသည် ။


“ ကျွန်တော် ကိုယ်တိုင်ရဲစခန်းကိုသွားတိုင်တယ်၊ အသိသက်သေတွေနဲ့တရားခံဘယ်သူဆိုတာ လည်းပြောပြခဲ့ပါတယ်၊ ဥပဒေကိုအားကိုးလို့ ဥပဒေအတိုင်း
ဖြစ်စေချင်တာပါ ၊ဒီလိုသာ အားကိုးလို့ မရဘူးဆိုရင်၊ ကြာလာရင်ဥပဒေမဲ့မြို့ဖြစ်သွားမှာပဲ ” ဟု ၎င်းကဆိုသည်။


ထိုအမှုနှင့် ပတ်သက်၍ မိုးမိတ်မြို့မ ရဲစခန်းမှ ဒုရဲမှုးကျော်သိန်းက “ ကျနော်တို့ရဲစခန်းအနေနဲ့ သက်ဆိုင်ရာ နယ်မြေရဲတွေနဲ့ စုံစမ်းရှာဖွေနေပါတယ်၊  အလုပ်ကတစ်ခုထဲမဟုတ်တော့ကျွန်တော်တို့မရရအောင် ဖမ်းဆီး အရေးယူသွားမှာပါ။ သတင်းကြားတယ်ဆိုပေမယ့်တိကျတဲ့ သတင်းမဖြစ်တော့
အခုလိုဖမ်းဆီးရေးမှာ  ကြန့်ကြာနေတာဖြစ်ပါတယ်၊ မဖမ်းတာမဟုတ်ပါဘူး ၊ကျနော်တို့ကြိုးစားစုံစမ်းနေဆဲပါ ” ဟု အထက်ပါ ဒုရဲမှုးကပြောသည်။

ထွန်းထွန်း။
The Myanma Age