အပူစုပ်ပန်ကာ ဝါယာရှော့ခ် ဖြစ်ရာမှ လှိုင်မြို့နယ်၌ အိမ်ခြောက်လုံး မီးလောင်

ပို့စ်တင်ချိန် - 4/27/2014 10:16:00 AM




ရန်ကုန်၊ ဧပြီ ၂၆

လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၇ မိနစ်က မွေ့ရာလုပ်ငန်း လုပ်ကိုင်သော နှစ်ထပ် ပျဉ်ထောင်အိမ်ရှိ အပူစုပ်ပန်ကာ ဝါယာရှော့ခ် ဖြစ်ရာမှ အိမ်ခြောက်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး တစ်ထပ် ပျဉ်ထောင်အိမ်တစ်လုံး မီးဟပ်ခံရကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ ပန်းခြံကျောင်းလမ်းရှိ မွေ့ရာလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းကြိုင်၏ နှစ်ထပ်ပျဉ်ထောင်အိမ် အောက်ထပ် နောက်ဘက်ခြမ်း အခန်းတွင် သိုလှောင်ထားသော လဲမှို့များက မီးဖိုချောင် နံရံတွင် တပ်ဆင်ထားသော အပူစုပ်ပန်ကာ အတွင်းသို့ ဝင်ရောက်ခဲ့ရာမှ ဝါယာရှော့ခ်ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့ကာ နှစ်ထပ်အိမ်တစ်လုံး အပါအဝင် အိမ်ခြောက်လုံး မီးလောင်ခဲ့ပြီး တစ်ထပ်ပျဉ်ထောင် အိမ်တစ်လုံး မီးဟပ်ခဲ့ကြောင်း မီးလောင်မြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားသည်။

“မီးလောင်တာကို ဘေးအိမ်က စမြင်ပြီး အော်လို့ ရပ်ကွက်က လူတွေ ဝိုင်းငြှိမ်းပေမယ့် မွေ့ရာလုပ်တဲ့အိမ်က စလောင်တာမို့ မီးအရှိန်က အရမ်းပြင်းပြီး ဘယ်လိုမှ မငြှိမ်းနိုင်ခဲ့ဘူး။ ပြီးတော့ မီးစလောင်တဲ့ အိမ်နားမှာ အကြော်ဖိုလုပ်ငန်း လုပ်တဲ့အိမ်ပါ မီးကူးစက်သွားတာကြောင့် မီးညွန့်က အရမ်းကြီးလာတာကို မြင်ပြီး ရပ်ကွက်ထဲက လူတွေ တော်တော် ကြောက်သွားတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ ကိုအောင်သော်ဖြိုးက ရှင်းပြသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် ၂၉ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ အထောက်အကူပြု ယာဉ်သုံးစီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅၀၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၀၀ တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေအိမ် မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၅၀ ကျော်ခန့်ကို ပန်းခြံကျောင်းလမ်းရှိ အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးဝင်းကြိုင်ကို လှိုင်မြို့မ ရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

The Voice Weekly