စဥ့်ကိုင်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး အင်းအား ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 4/25/2014 06:20:00 PM


အောင်ကိုဦး

စဥ့်ကိုင်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း စဥ့်ကိုင်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲကို အင်အား၂၀၀ ခန့်ဖြင့် ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် မြို့မရပ်ကွက်ရှိ ဆန်းသီရီ ရုပ်ရှင်ရုံရှေ့မှစတင်၍ မြို့ပတ်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စဥ့်ကိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဆောင်၍ ပြည်သူများဖြင့်ပူးပေါင်း ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး တရားဝင် ခွင့်ပြုမိန့် ရပြီး ဖြစ်သည်။

"၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ စီးတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲတွေ မြို့ရွာအနှံ့ လုပ်နေကြတယ်၊ ဘာကြောင့်လုပ်နေရတာလဲ ဆိုတာ အခုချိန်မှာ ပြည်သူတွေ သိနေကြပါပြီ၊ ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေဟာ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖေါက်ပြဋ္ဌာန်းထားတဲ့ အချက်တွေပါဝင်နေတယ်၊ ဒါကြောင့် ပြင်ဆင်ဖို့ဆန္ဒဖော်ထုတ် တောင်းဆိုနေကြတာပါ"ဟု ဦးဆောင်သူ စဥ့်ကိုင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်ဝင်းက မဇ္ဈိမ ကိုပြောသည်။

ဆက်လက်၍ ဦးကျော်ဝင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော ပုဒ်မ ၅၉(စ) လုံးဝဖျက်သိမ်းပေးရန် လိုကြောင်းနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးသည်လည်း အနာဂတ်နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ဒီမိုကရေစီလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အလိုရှိကြောင်းပြောသည်။

ဆန္ဒဖော်ထုတ်ကြသူများသည် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး" "ပုဒ်မ ၄၃၆ ချက်ချင်းပြင်ဆင်ရေး" "ပုဒ်မ ၁၈ ဖျက်သိမ်းရေး" "တရားဥပဒေစိုးမိုးရေး" "ပုဒ်မ ၅၉ (စ)(ဃ) ဖျက်သိမ်းရေး ဒို့အရေး" ဟူသောကြွေးကြော်သံများဖြင့် နံနက် ၁၁နာရီအထိ ဆန္ဒဖေါ်ထုတ်ကြသည်။ ဆန္ဒဖော်ထုတ်ရာသို့ တံတားဦး၊ ကျောက်ဆည်၊ ပလိပ်မြို့တို့မှ ပြည်သူများလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။

Mizzima Burmese