သင်္ကြန်အလှပြကား အသွင်ဖြင့် တရား မ၀င် သစ်ခိုးထုတ်ခြင်းအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 4/25/2014 09:22:00 AM



ဧပြီလ ၁၅ ရက်နေ့က ပုသိမ်ကြီး မြို့နယ်၊ အုန်းချောကျေးရွာအနီး ၁၆ မိုင်ဂိတ်အနီးတွင် သင်္ကြန်အလှပြကား အသွင်ဖြင့် သစ်ခိုးထုတ်ရန်ကြိုးစားသည့် ကားခုနစ်စီးအား ဖမ်းဆီးရမိခဲ့ ကြောင်း
မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

"သင်္ကြန်အကြတ်နေ့ ညကိုးနာရီက အေးရှားဝေါလ်တိုးဂိတ်နားမှာ သင်္ကြန်အလှပြ ယာဉ်ပုံစံနဲ့ သစ်တန် ၆၀ ကျော် ကို တရားမ၀င်
သယ်ဆောင်လာတာကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ကျွန်တော့်
တစ်သက်မှာ ဒီလိုပုံစံနဲ့ သစ်ခိုးထုတ်တာကို ဒါ ပထမဆုံးအကြိမ် ကြုံဖူးတာပါ။

သင်္ကြန်အလှပြကားအစစ်တွေ ဆိုရင် ဘာအလေးချိန်မှ မပါတာကြောင့် ပေါ့ပေါ့ပါးပါးသွားလာနိုင်ရ မှာဖြစ်ပေ
မယ့် အဲ့ဒီကားခုနစ်စီးက ၀န်တွေအများကြီး သယ်ဆောင်လာ သလို ဖြစ်နေတာကြောင့် မသင်္ကာလို့ တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကားမှာ အသံချဲ့စက်တွေ၊ မီးစက်တွေ ပါ တင်ဆောင်
လာပြီး အဆိုတော်တွေ နဲ့ တကယ့်အလှပြကားပုံစံ လုပ်ထား တာပါ။

ကားပတ်လည်မှာလည်း "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
ခရီးသွားခြင်း (ရှမ်း ပြည်နယ်) အထူးအစီအစဉ်"
ဆိုတဲ့ ဗီနိုင်း တွေ ချိတ်ဆွဲထားပြီး "ဒို့သစ်တော ဒို့အနာဂတ်"၊ "သစ်တောဆိုင်ရာဗဟုသုတများ ပြည်သူလူထုအကြား ရောက်ရှိပြန့်နှံ့စေ
ရမည်"ဆိုတဲ့ စာသား တွေလည်း ပါဝင်ပါတယ်။

သူတို့ စာသား တွေက သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းသူတွေနဲ့
ကျွန်တော်တို့ သစ်တောဦးစီးဌာန ကို ခုတုံးလုပ်ထားတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သင်္ကြန်အလှပြယာဉ်ပုံစံမျိုးနဲ့ ခိုးထုတ်တဲ့
အတွက် သင်္ကြန်မှာ ရိုးရိုးသားသားအလှပြယာဉ် လုပ်တဲ့လူတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

နောက်နှစ်တွေဆိုရင် မြို့တွင်း မှာလှည့်တဲ့ သင်္ကြန်အလှပြယာဉ် တွေကိုတောင် စစ်ဆေးရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်"ဟု ပုသိမ်ကြီးမြို့နယ်မှ သစ်တောဦးစီး အရာရှိ ဦးတင့်ခိုင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

တမလန်းသစ်အမျိုးအစား တန်ချိန် ၆၀ ကျော်ကို တရားမ၀င်တင်ဆောင်လာ
သည့် ၁၂ ဘီးကား လေးစီး၊ ၁၀ ဘီး ကား နှစ်စီး၊ ၆ ဘီးကား တစ်စီး၊ စုစုပေါင်း ကားခုနစ်စီးပေါ်မှ တရားခံ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းတရားခံများကို သစ်တောဥပဒေ ၄၂ (ခ)ဖြင့် အပြစ်ပေး အရေးယူ
ရုံသာမက ပိုမိုပြင်းထန်ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဥပဒေအကြံပေး၊ တရားသူကြီး များဖြင့် ညှိနှိုင်းဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

"အခုလို သင်္ကြန်တွင်း အစိုးရ ၀န်ထမ်းတွေ နားတဲ့ရက်မျိုးဆို တရားမ၀င်သစ်ခိုးထုတ်မှုတွေကို ပိုမိုလုပ်လေ့ရှိတာကြောင့် ဒီနှစ်သင်္ကြန် တွင်းမှာ စီမံချက်ချပြီး ဖမ်းဆီးခဲ့တာပါ။

ဧပြီလ ၁၂ ရက် နေ့ကလည်း ထုံးဘိုကျေးရွာထဲက ၀င်းအလွတ်တစ်ခုထဲကို သတင်းအရ ၀င်ရောက် စစ်ဆေးတော့ ပိတောက်နဲ့ တမလန်းသစ် ၃၅ တန်နဲ့ ကျောက်စိမ်း အရိုင်းတုံး ရှစ်တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပါ
သေးတယ်။

သစ်အချို့ကို ၂၂ ဘီးကားပေါ်မှာ အံဝှက်တွေလုပ် ပြီး တင်ဆောင်ထားတာ
ဖြစ်ပြီး ကျောက်စိမ်းတုံးတွေကိုတော့ ဂုန်နီအိတ် နဲ့ ထုတ်ထားတာပါ။ ကျောက်စိမ်းတုံး တွေကိုတော့
အုန်းချောရဲစခန်းကို အပ်နှံထားပါတယ်။

ဒါကြောင့် ဒီနှစ် သင်္ကြန်ပိတ်ရက်အတွင်းမှာကို ဖမ်းဆီး
ရမိတဲ့ သစ်တန်ချိန်စုစုပေါင်း တန် ၁၀၀ ကျော် ရှိခဲ့ပါတယ်"ဟု ဦးတင့်ခိုင် က ဆိုသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၄ ခုနှစ်၊ ဧပြီလဒုတိယပတ်အထိ ပုသိမ် ကြီးမြို့နယ်တွင် ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ တရားမ၀င်သစ် တန် ၂၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ် ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနစာရင်း များအရ သိရသည်။

ကြေးမုံဝင်း
မြန်မာတိုင်း(မ်)