အလုပ်ရှင်နှိပ်စက်၍ ငါးဖမ်းလှေပေါ်မှ ခုန်ချသည့် မြန်မာလှေလုပ်သား ၂ ဦးကို ကယ်တင်

ပို့စ်တင်ချိန် - 6/25/2014 09:20:00 AM


ထိုင်းနိုင်ငံအရှေ့ပိုင်း လရောင်းခရိုင်ထဲမှာ အလုပ်ရှင်နှိပ်စက်လို့ လှေပေါ်ကနေ ပင်လယ်ထဲ ခုန်ချခဲ့တဲ့ မြန်မာ အလုပ်သမား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံထုတ် ဖတ်ထယားဒေးလီးနျူးစ် သတင်း မှာ ဖော်ပြသွားပါတယ်။

ခရိုင်ရေလမ်းထိန်းသိမ်းရေးဗဟိုဌာနရဲ့ သတင်းပေးချက်အရ ပင်လယ်ထဲမှာ မျောနေတဲ့ အမျိုးသား ၂ ဦးကို သွားရောက်ကယ်ဆယ်ခဲ့တာလို့ အမှတ် ၁ ရေကြောင်းတပ်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ၀ီရဖန်း ဆုခ်ကွန့် က ဇွန်လ ၂၃ ရက် ညနေပိုင်းမှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

သူတို့ကို ကယ်ဆယ်ရေးသင်္ဘောက တွေ့ရှိခဲ့တဲ့နေရာဟာ လရောင်းခရိုင် မာတာဖွတ်စက်မှုဇုန် အပိုင် ကမ်းစပ်နဲ့ ၂ မိုင်လောက်ဝေးတဲ့ ပင်လယ်ပြင်ဧရိယာထဲမှာဖြစ်ကြောင်း ၊ အချိန် ၂ နာရီကြာ ရှာဖွေ ကယ် ဆယ်ရေးလုပ်ခဲ့ပြီး ဗူး ၁ လုံးစီကို ဖက်တွယ်မျောပါနေတဲ့ သူတို့ဟာ ကယ်ဆယ်ရေးလှေအဖွဲ့ကိုအဝေးကနေ လက်လှမ်းမြှောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကုန်းပေါ်ရောက်ပြီး နွမ်းနယ်နေတဲ့ သူတို့ကို ရှေးဦးသူနာပြုစုပြီး သီရိခေတ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းချက်အရ သူတို့ ၂ ဦးဟာ ကိုခင်နိုင် (၂၀ နှစ်) နဲ့ ကိုချူး (၂၆) နှစ်တို့ဖြစ်ပြီး ချွန်းပူးရီးခရိုင် ဆတဟိပ် လှေဆိပ်ကနေ ငါးဖမ်းလှေပေါ် ရောက်ခဲ့ကြောင်း၊ လှေပေါ်မှာ ကျွန်လိုခိုင်းစေခံရပြီး နှိပ်စက်တဲ့အတွက် ကြာရင် အသတ်ခံရမှာစိုးလို့ လူတွေအိပ်နေတဲ့အချိန် လှေပေါ်ကနေ ခုန်ချခဲ့တာလို့ တာဝန်ရှိ သူတွေကို ဖြေကြားသွားပါတယ်။

ဒီလဆန်းပိုင်း ၈ ရက်နေ့ကလည်း ဖူးကစ်ခရိုင် အန်ဒါမန်ပင်လယ်ပြင်မှာ အလုပ်သမား ၃ ဦး ငါးဖမ်းလှေပေါ်က ခုန်ချခဲ့ပြီး ၁ ဦးကိုဘဲ ထိုင်းအာဏာပိုင်တွေက အသက်ကယ်တင်နိုင်ခဲ့ကာ ၂ ဦး ပျောက်ဆုံးခဲ့ပါတယ်။

 DVB