ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို လက်ပံတောင်းဒေသခံ တချို့ ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 6/25/2014 12:54:00 PM


စာသင်ကျောင်းများကို ဖွင့်လှစ်ရန် တက်ရောက် လာသည့် လက်ပံတောင်းတောင် အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ အား  လက်ပံတောင်း ဒေသခံ တချို့က ဇွန်လ (၂၄) ရက်နေ့ နံနက် (၉း၄၅) နာရီ အချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

 ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းခေါင်း ဆောင်သော အဖွဲ့ သည် တုံကျေးရွာရှိ နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်လှစ်ရန် လာရောက်စဉ် ဒေသခံများက တုံကျေးရွာလမ်းထိပ်ဇရပ်တွင် စောင့်ဆိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဘာမှ ပွင့်လင်း မြင်သာမှုရှိအောင် လုပ်ဆောင် မပေးဘူး။

 ဒေသခံတွေရဲ့ နစ်နာမှု ကိုလည်း ၀န်ကြီးတစ်ပါး အနေနဲ့ လျစ်လျူရှုနေတယ်။ လယ်တီသိမ်ကို ဖြိုဖျက်တုန်း ကလည်း တိတ်တဆိတ် လုပ်ဆောင် သွားတယ်။ ကျောင်းဖွင့်ပွဲလာမှ ပေါ်တင် ထွက်လာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတာရော၊ မကောင်းတာရော ပွင့်ပွင့်လင်းချပြပေး စေချင်ပါတယ်။

              ဒေသခံတွေရဲ့ ခံစားချက်တွေကိုလည်း ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ ဝင်တွေက လျစ်လျူရှု လက်ပိုက်ကြည့် နေတယ်။ လိုအပ်ချက်တွေ ကိုလည်း ဘာမှ အကောင်အထည် ဖော်ဆောင်ခြင်း မရှိသေးဘူး။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တာပါ ဟု တုံကျေးရွာမှ မမာချိုက The Messenger Media သို့ ပြောသည်။ ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံ အင်အား (၁၀၀) နီးပါးမှ တောင်းဆိုချက် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ  ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း  သိရသည်။

                အဆိုပါ တုံကျေးရွာရှေ့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လအတွင်းက လက်ပံတောင်းတောင် ပဋိပက္ခ စုံစမ်းစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အစီရင်ခံစာ အပေါ် မကျေနပ်သဖြင့်  လက်ပံတောင်း ဒေသခံ တချို့က ဆန္ဒထုတ်ဖော်မှုများ  ပြုလုပ်ခဲ့သည်။ ယခု တစ်ကြိမ်တွင်လည်း အစီရင်ခံစာအပေါ် လုပ်ငန်းဖော် ဆောင်ရွက်ပေးမည့် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ ကိုလည်း ယင်းနေရာ၌ ပင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

                ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် တို့သည် လက်ပံတောင်းတောင်ဒေသ ဖွံ့ ဖြိုးရေး လုပ်ငန်းများ အတွက် ဖောင်းကတာ ကျေးရွာ စာသင်ကျောင်း၊ တုံကျေးရွာ စာသင်ကျောင်း နှင့် အောင်ချမ်းစည် ကျေးရွာ စာသင်ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒေသခံ တချို့နှင့် တွေ့ဆုံကာ စီမံကိန်းကြီးနှင့် ပတ်သက်၍ တင်ပြချက်များကို လက်ခံ ဆွေးနွေးခဲ့သည်။

The Messenger News Daily