သမ္မတကြီး စကားမတည်ခဲ့လေသလား

ပို့စ်တင်ချိန် - 6/25/2014 02:00:00 PM


၂၀၁၄ ခုနှစ်၊ ဇွန်လ( ၁၀ ) ရက်နေ့ညက ပီနန်ဆရာတော်ကြီး နှင့် သံဃမဟာ နာယက အဖွဲ့တို့အကြား ကျောင်းပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိနေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြု ခရီးထွက်နေချိန်တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးမှ သံဃာတော် ၂၈၁ပါး၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ကျော်ခန့်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကာ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များအား အင်အားသုံး ဖယ်ရှားကာ သီတင်းသုံးနေသည့် သံဃာတော် အပါး ၂၀ နှင့် လူ(၃၂) ဦးကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

နောက်တစ်နေ့ ဇွန်လ(၁၁)ရက်နေ့ နေ့လည်(၁) နာရီမှာ ကမ္ဘာအေး သာသနာရေး ဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပြီး၊ ထိန်းသိမ်းထားသော လူ(၃၂)ဦးအား တာမွေမြို့မ ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး၊ သံဃာတော် အပါး(၂၀)အနက် အင်္ဂလန် ဆရာတော် အပါအဝင် သံဃာ ၅ပါးကို သံဃနာယကရုံးမှ အဓမ္မ လူဝတ်လဲစေပြီး တာမွေ တရားရုံးမှာ ၂၉၅/၂၀/၉၀ ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ကြောင်း စိတ်မကောင်းစွာ သိခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ စာရေးသူအနေနဲ့ ကိုယ်တိုင် အသိသက်သေအဖြစ် ပါဝင်ခဲ့ရသည့် ဖြစ်စဉ်ကတော့ (၂၉-၃-၂၀၁၄)ရက်နေ.က ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ကိုဇင်ဝိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်လာပြီး၊ မနက်ဖြန် ပီနန် ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းမှာ ကျောင်းပိုင်ဆိုင်မှု ပြသာနာ သတင်းစာ ရှင်းလင်းပွဲ လာခဲ့ပါလို့ ဖိတ်ပါတယ်။ စာရေးသူလည်း (၃၀-၃-၂၀၁၄)မှာ သွားရောက်ခဲ့တော့ ကိုဇင်ဝိုင်းက ပီနန်ဆရာတော်ကြီးရဲ့ တပည့်ရင်း အင်္ဂလန် ဆရာတော်နဲ့လည်း မိတ်ဆက်ပေးပါတယ်။

ဖြစ်စဉ်ကို မေးမြန်းလျှောက်ထား ကြည့်တော့ “၁၉၉၅ ခုနှစ်တွင် ပီနန် ဆရာတော်ကြီးကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်တော့ အဲဒီဘွဲ့ကို လာယူတဲ့အခါ ဦးစောမြင့်က အသက်ကြီးလာလျှင် ဆရာတော်ကြီး သီတင်းသုံးဖို့ အတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်နိုင်ဖို့ လျှောက်ထားခဲ့တယ်” ဆရာတော်ကြီးက “ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ရင် ပြည်ပ သာသနာပြု လေ့ကျင့်ရေးကျောင်း ဆောက်ချင်တယ်”ဟု မိန့်ကြားခဲ့တာ စပြီးပေါ်ပေါက်လာခဲ့တယ်။ ကျောင်းတော်ကြီးကို ပြည်တွင်းပြည်ပ စေတနာရှင်တွေရဲ့ လှူဒါန်းငွေနှင့် ဆောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူတွေက ရေစက်ချ လှူဒါန်းခဲ့တာကို သိရတယ်။ ပြည်ပသာသနာပြု ရဟန်းတော်များကို သတင်းစာကနေ တဆင့် ခေါ်ယူခဲ့တယ်။ ဝင်ခွင့်ကို အင်္ဂလိပ် ဘာသာနဲ့ ဖြေဆိုကြရတယ်၊အဲဒီတုန်းက ရဟန်း သီလရှင်အပါး ၁၀၀ကျော် ဖြေဆိုခဲ့ရာ ၄၄ ပါး ရေးဖြေအောင်မြင်ခဲ့တယ်၊ နှုတ်ဖြေကို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြေဆိုခဲ့ရပြီး ရဟန်းတော် ၂၁ ပါးနှင့် သီလရှင် ၅ပါး ရွေးချယ်ခဲ့ပါသည်။ ၂၀၀၂ခုနှစ်တွင် သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆ပါးကို ထိုင်ဝမ်၊ နှစ်ပါးကို အမေရိကန်၊နှစ်ပါးကို နယူးဇီလန်စတဲ့ နိုင်ငံတွေကို သာသနာပြုစေလွှတ်ခဲ့တယ်။

ဆရာတော်ကြီးက ပြည်ပမှာပဲ အနေများပြီး သင်တန်းဖွင့်ပြီး သင်တန်းဆင်းတဲ့ အခါမှ ဒီကျောင်းတော်ကြီးကို ပြန်လည်ကြွရောက်ခဲ့တယ်လို့ သိရတယ်။ ဆရာတော်ကြီး ပြန်လည်ကြွရောက်လာတော့ ကျောင်းတော်ကြီးရဲ့ ဥပဿကာ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဦးစောမြင့် ဥက္ကဌရာထူးက နားတဲ့အချိန်ဖြစ်လာတော့ ငွေစာရင်းတွေ ရှင်းဖို့ကိစ္စပေါ်ပေါက်ခဲ့တယ်၊ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ၂၀၀၂ ဒီဇင်ဘာရောက်မှ (မဟန) ဆရာတော်တွေ ကျောင်းတော်ကြီးထဲကို ပင့်ဆောင်လာတာ ကြားသိခဲ့ရပါတယ်။ ပင့်ရတဲ့ အကြောင်းကတော့ သြဝါဒခံယူဖို့ဆိုပြီး အမှန်တကယ် အခမ်းအနားကျတော့ ကျောင်းတော်ကြီးကို ထိုးအပ်ခဲ့တယ်။ အဲဒီတုန်းက မဟန ဥက္ကဌက မကွေးဆရာတော် ဦးကုမာရ လက်ထက်လို့ ထင်ပါတယ်။ အဲဒီအချိန်က RFAနဲ့ အင်တာဗျူးတော့ မကွေးဆရာတော်က ကျောင်းတော်ကြီးကို (မဟန)မှသိမ်းယူတာ မဟုတ်ဘူး။ အစိုးရက သိမ်းတာဖြစ်တယ်။ (မဟန)ကို အပ်နှံထားတာ ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးမှာ သံဃာတွေအပေါ် အကြမ်းဖက်တဲ့အပေါ် ပီနန်ဆရာတော်ကြီးက (မဟန)အနေနဲ့ ၀င်ရောက်တားဆီးပေးဖို့ တောင်းဆိုခဲ့တဲ့ အပေါ် အမြင်မကြည်ထဲ့ဘူး။

နောက်ဆုံး ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွက် ပြည်ပနိုင်ငံအသီးသီးက မြန်မာရဟန်းတော်တွေ စုစည်းပြီး သံဃာဥသျှောင် အဖွဲဖွဲ့စည်းပြီးတော့ ပီနန်ဆရာတော်ကြီးက ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာလည်း မဟနအဖွဲ့နဲ့ စင်ပြိုင်လုပ်တယ်လို့ အငြိုးဖွဲ့တာတွေရှိလာတယ်။ ၂၀၁၀ အစိုးရသစ် လက်ထက်မှာ ဆရာတော်ကြီး မြန်မာပြည်ကို ပြန်လည်ကြွလာချိန်မှာတော့ ကျောင်းတော်ကြီးရဲ့ ၁၁ ထပ်မှာ တယ်လီဖုန်းတာဝါတိုင်တွေ အထိုင်ချလို့ ငှားရမ်းထားတယ်၊ ၄ထပ်မှာ ရုံးခန်းတွေ ငှားထားတယ်၊ ၂ ထပ်မှာ Video ရိုက်ဖို့ အခန်းတွေ ငှားထားတယ်၊ မြေညီထပ်မှာ မင်္ဂလာခန်းမ ငှားထားသေးတယ်။ အဲဒီလို စီးပွားရေး လုပ်စားနေတာကို မြင်ခဲ့ရတယ်။ ဆရာတော်ကြီးက အဲဒီ အခြေအနေမှာ မူလရည်ရွယ်ထားတဲ့အတိုင်း ပြည်ပသာသနာပြု တက္ကသိုလ်ကြီး ပြန်လည်မွေးဖွားဖို့ ကျောင်းတော်ကြီးမှာ သီတင်းသုံး နေထိုင်ဖို့ စီစဉ်ခဲ့ရင်း (မဟန)က သူတို့ ပိုင်ဆိုင်တဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပြီးတော့ ဆရာတော်ကြီးကို ဖယ်ရှားပေးဖို့ အကြောင်းကြားလာခဲ့တယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အဆင့်ထိ ဖြစ်လာရတာပေါ့၊ မဟာသန္တိသုခက မွေးထုတ်လိုက်တဲ့ ပထမပတ် သင်တန်းသားတွေက စင်္ကာပူမှာ လေးပါး၊ အမေရိကန်မှာ နှစ်ပါး၊ ကနေဒါမှာ တစ်ပါး၊ အင်္ဂလန်မှာ တစ်ပါး၊ ထိုင်ဝမ်မှာ နှစ်ပါး၊ သြစတြေးလျမှာ တစ်ပါး၊ နယူးဇီလန်မှာ နှစ်ပါး၊ ပြည်တွင်းမှာ လေးပါးရှိပြီး သာသနာ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့” မိန့်ကြားခဲ့ပါတယ်။

မွန်းလွဲနှစ်နာရီလောက်မှာ အဲဒီသတင်းစာရှင်းလင်းပွဲကို MPCက ကိုညိုအုန်းမြင့်နဲ့ အခြားတစ်ဦး၊ ၀န်ထမ်း အမျိုးသမီးလေး တစ်ဦး ရောက်ရှိလာပါတယ်။ ဆရာတော်ကြီးကို လာရောက် တွေ့ဆုံလျှောက်ထားဖို့ ရှိတယ်လို့၊ နိုင်ငံတော် သမ္မတကြီးဆီက မှာကြားချက်ကို သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက လျှောက်ထားခိုင်းလိုက်လို့ လာရတာဖြစ်တယ်လို့ ပြောပါတယ်။ ကိုဇင်ဝိုင်းက စာရေးသူကိုပါ လိုက်ဖို့ပြောပြီး ဆရာတော်ကြီး သီတင်းသုံးတဲ့ အခန်းထဲကို သွားရောက်ခဲ့ကြတယ်။

ဆရာတော်ကြီးကို တွေ့တဲ့အခါ ကိုညိုအုန်းမြင့်က ဆရာတော်ကြီးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လျှောက်ထားခိုင်းလိုက်တဲ့ အတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စေလွှတ်လိုက်လို့ လာခဲ့တာ ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတကြီးက ဆရာတော်ကြီးကို ဆရာတော်ကြီး အေးချမ်းစွာ သတင်းသုံးပါရန်နဲ့ သန္တိသုခ ကျောင်းတိုက်ကြီးကိုလည်း အတင်းဝင်ရောက် ဖယ်ရှားခိုင်းတာမျိုး မပြုလုပ်ပါကြောင်း၊ စိတ်ပူပန်မှု မရှိစေလိုပါကြောင်း၊ သီတဂူ ဆရာတော်ကြီးကလည်း သမ္မတကြီးကို သန္တိသုခ ကျောင်းတိုက်ကြီး ကိစ္စ ပြောပြထားပါကြောင်း၊ ပြည်ပ သာသနာပြု တက္ကသိုလ် ပြန်ဖွင့်လှစ်နိုင်ရေး အတွက်လည်း နိုင်ငံတော် သမ္မတထံ ဆရာတော်ကြီးက စာရေးပေးစေလိုကြောင်း၊ အဲဒီစာကိုလည်း ကိုညိုအုန်းမြင့်တို့က စာစီရေးသားပေးပြီး ဆရာတော်ကြီး ဖတ်ရှုပြင်ဆင်ကာ လက်မှတ်ရေးထိုး ပေးရုံသာ ဖြစ်ပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲက ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေရဲ့ သဘောထား တောင်းဆိုချက်ကိုလည်း ရေးမှတ်ယူသွားပါမည် ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ခဲ့ရပါတယ်။

အဲဒီတုန်းက ကိုဇင်ဝိုင်းက အခုလိုနှုတ်နဲ့ နိုင်ငံတော် သမ္မတက လျှောက်ထားခြင်းထက် စာနဲ့ ပေးအပ်စေလိုကြောင်း၊ ညကြီးအချိန်မတော် ၀င်ရောက် သိမ်းဆည်းခဲ့တဲ့ ကိစ္စကို သမ္မတစာနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ၀င်ရောက်ပြောဆိုခဲ့တော့၊ ကိုညိုအုန်းမြင့်နှင့် လိုက်ပါလာတဲ့ တာဝန်ရှိသူ တစ်ယောက်က စိတ်မပူဖို့နဲ့ နိုင်ငံတော် သမ္မတရုံး ခွင့်ပြုချက်မပါပဲ သာသနာရေး ၀န်ကြီးဌာနက ဘာမှမလုပ်နိုင်ကြောင်း၊ ၀င်ရောက် သိမ်းယူတာမျိုးကို သမ္မတက လုံးဝ သဘောမတူ လက်မခံပါကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေး အဖွဲ့များကိုလည်း မှာကြားပေးထားမယ်လို့ ဆိုခဲ့ပြီး ဆရာတော်ကြီး အနေနဲ့ စိုးရိမ်မှု လုံးဝမရှိစေလိုကြောင်း ထပ်မံလျှောက်ထားခဲ့တာကိုလည်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်မှာတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပီနန်ဆရာတော်ကြီးဆီကို စေလွှတ် လျှောက်ထားခဲ့သလိုမျိုး အေးချမ်းစွာ ဆိုတာထက် အင်အားသုံး ၀င်ရောက်ချိပ်ပိတ် သော့ခတ်ပြီး ရဟန်းတော် တစ်ချို့ကိုလည်း အတင်းလူဝတ်လဲကာ ထောင်ထဲ ပို့တဲ့အဆင့် ရောက်သွားခဲ့ပါပြီ။

အဲဒီလို စာရေးသူကိုယ်တိုင် ကိုယ်တွေ့ အသိသက်သေ အဖြစ် မြင်တွေ့ခဲ့ရတဲ့အပေါ် အခြေခံပြီး သာသနာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့တော့ နိုင်ငံတော် သမ္မတရုံး၊ အကြံပေး ဦးအံမောင်က “အဲဒီကိစ္စတွေကို မသိပါဘူ၊ ဘယ်သူတွေ ဘာတွေပြောသလဲဆိုတာ ပြောတဲ့သူတွေမှာပဲ တာဝန်ရှိတယ်၊ ဘာစာတွေ ပေးသလဲဆိုတာလည်း မသိပါဘူး၊ နိုင်ငံတော် သမ္မတရုံးကလည်း ဘာစာမှ (မဟန)ကို မပေးပါကြောင်း၊ ဘာမှအကြောင်းမကြားပါဘူး”လို့ ဖြေဆိုခဲ့ပါတယ်။

နောက်ဆုံးတော့ အဆိုပါ ဖြစ်ရပ်အပေါ် မျက်မြင်ကိုယ်တွေ. သက်သေ တစ်ယောက်အဖြစ် မြင်တွေ့ခဲ့သူ စာရေးသူ အနေနဲ့ အခုလို အင်အားသုံး သိမ်းယူတဲ့ ကိစ္စအပေါ်မှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပဲ ကတိမတည်ခဲ့လေသလား၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းကပဲ သမ္မတကြီး မပြောခိုင်းတာကို ပြောခိုင်းခဲ့လေသလား ဒါမှမဟုတ် MPCက ကိုညိုအုန်းမြင့်ကပဲ ဘယ်သူမှ ဘာမှမပြောခဲ့တာကို ဆရာတော်ကြီးဆီလာပြီး လျှောက်ထားလေသလားလို့ တွေးရင်း… တွေးရင်း......

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ )
Tomorrow