ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားတဦးထံမှ ရာဘ ၄ သောင်း ဖမ်းမိ

ပို့စ်တင်ချိန် - 6/25/2014 09:12:00 PM



ဓာတ်ပုံ – manager.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပတ်နမ့်မြို့နယ်ထဲမှာရှိတဲ့ ဆရနီးကျွန်း ရေပြင်စစ်ဆေးရေးဂိတ်မှာ မြန်မာအလုပ်သမားတဦးဆီက စုစုပေါင်း ရာဘအလုံးရေ ၄ သောင်းပါ အထုပ် ၂၀ ထုပ်နဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၀ ဒသမ ၁၃ ဂရမ် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြပါတယ်။



မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ၀င်လာတဲ့ စင်းလုံးငှားလှေတစီးကို ရေတပ် အာဏာပိုင်ရဲတွေက မင်္သကာလို့ စစ်ဆေးရာမှာ အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား မျိုးမင်းကို ထံကနေ အဲဒီ မူးယစ်ဆေးတွေ ဖမ်းမိတာလို့ ရနောင်း ဒုခရိုင်ဝန် နိုင်းဖိနစ် ဘွန်းလိုတ်က ဇွန် ၂၄ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်စစ်ဆေးချက်အရ မျိုးမင်းကိုဟာ ဟတ်ယိုင်ခရိုင် ဆုန်ခလာမြို့နယ်မှာ အလုပ်ရှင်ရှိတဲ့ မြန်မာအလုပ်သမားတဦးဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေကို ကော့သောင်းကနေ ဟတ်ယိုင်ကို ပို့ပေးဖို့ အငှား သယ်ဆောင်လာခဲ့ကြောင်းနဲ့ သယ်ဆောင်ခ ဘတ် ၄ သောင်း ရရှိကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ရာဘမူးယစ်ဆေးတွေဟာ အနီရောင်နဲ့ ကမ္ဘာ့လုံးပေါ်မှာ ခြင်္သေ့ရပ်နေတဲ့ တံဆိပ် ပါရှိတာကြောင့် ထိုင်းဘက်က အလိုရှိကြောင်း ၀ရမ်းထုတ်ထားတဲ့ ဗိုလ်မှူးယိဆေးနဲ့ ဆက်စပ်တဲ့ ဂိုဏ်းကလို့ ယူဆရကြောင်း အမှတ် ၈ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က ဗိုလ်မှူး ၀ိဆစ် ဆုကွန်းဆက် ကလည်း သတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မျိုးမင်းကို ကို အဆင့် ၁ အပြင်းစားမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဆက်လက်အရေးယူနိုင်ဖို့ ပတ်နမ့်ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

DVB Burmese