ဂျပ်စတင်ဘီဘာ ယာဉ်မတော်တဆမှုဖြစ်

ပို့စ်တင်ချိန် - 6/25/2014 09:13:00 PM


ဘီဘာလီဟေးလ်က Steak House ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး ကာဒီလက် အနက်ရောင် Escalade ကားကြီးနဲ့ စားသောက်ဆိုင်က ပြန်ထွက်လာတဲ့ ဂျက်စတင်ဘီဘာကို BMW ကားတစ်စီးက ဝင်တိုက်လိုက်တာပါ။

ဇွန်လ ၂၄ ရက်နေ့က သူ့ချစ်သူ ဆလီနာဂိုးမက်ဇ်နဲ့အတူ စားသောက်ဆိုင်ကအထွက်မှာ အခုလို ဝင်တိုက်ခံရတာလည်း ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရကတော့ BMW ကားဟာ အရှိန်မထိန်းနိုင်ဘဲ ဘီဘာရဲ့ ကားကို ဝင်တိုက်တာလို့ ဆိုပါတယ်။BMW ကားက ဘီဘာရဲ့ နောက်ခန်း ညာဘက်ကို ဝင်တိုက်လိုက်တာ ဖြစ်ပါတယ်။ ကားကို ဒရိုင်ဘာမပါဘဲ ဘီဘာ တစ်ယောက်တည်းက မောင်းလာတာ ဖြစ်ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း၊ သူ့အခြေအနေ ကောင်းမွန်ကြောင်း၊ အခင်းဖြစ်ပွားပြီးချိန်မှာ ချက်ချင်းပဲ ဘီဘာဟာ နောက်ကားတစ်စီးပေါ်ပြောင်းပြီး အမြန်ဆုံး ထွက်သွားကြောင်း ACESHOWBIZ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းမှာတော့ ဘီဘာဟာ ပါပါရက်ဇီတွေ လိုက်လာမှန်းသိလို့ ရှောင်ပြေးရာက သူ့ကားကို BMW ကားက ဝင်တိုက်သွားတာလို့ ဖော်ပြထားပါတယ်။ ဘီဘာတစ်ယောက် ဒီလိုကား မတော်တဆမှုဖြစ်တာ တစ်ကြိမ်မကတော့ပါဘူး။ ပါပါရက်ဇီတွေရဲ့ ရန်ကို ရှောင်ရင်းတိမ်းရင်း မကြာခဏ ယာဉ်မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မနှစ်တုန်းကလည်း ဘီဘာက သူ့ဖာရာရီကားလေးနဲ့ မောင်းထွက်သွားတုန်း ပါပါရက်ဇီတစ်ယောက် နောက်က ကားနဲ့လိုက်ရာက လမ်းဖြတ်ကူးသူတစ်ယောက်ကို တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကလည်း သူ့နောက်ကို သည်းကြီးမည်းကြီး လိုက်နေတဲ့ ပါပါရက်ဇီ ကားနှစ်စင်းဟာ အချင်းချင်း တိုက်မိတာတွေ ဖြစ်ခဲ့ပါသေးတယ်။ တော်ဝင်မင်းသမီး ဒိုင်ယာနာဟာလည်း ပါပါရက်ဇီတွေရဲ့ ရန်ကြောင့် ကားမှောက်ပြီး သေဆုံးခဲ့ရပါတယ်။

The Voice Weekly