တပ်မတော်သား ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းဖို့ ပြည်သူ ၁၀ ဦးလို

ပို့စ်တင်ချိန် - 6/25/2014 01:14:00 PM


အနည်းဆုံး ပြည်သူ ၁၀ ဦးက လက်မှတ်ရေးထိုး တိုင်ကြားတာ မှန်ကန်လို့ ရှိရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်က ရုပ်သိမ်းလို့ ရတော့မှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် အဲဒီအချက်ကို ထည့်သွင်းဖို့ ဇွန်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်က ရုပ်သိမ်းမယ်ဆိုရင် ပြည်သူတစ်ဦးရဲ့ တိုင်ကြားချက်နဲ့ စစ်ဆေး အရေးယူနိုင်တယ်လို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပေမယ့် အမျိုးသား လွှတ်တော်ကတော့ အနည်းဆုံး ပြည်သူ ၁၀ဦးက တိုင်ကြားရမယ်လို့ ပြင်ဆင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးဇော်မြင့်ဖေကတော့ "fair(မျှတမှု) ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း အကာကွယ်တစ်ခု ရတာပေါ့" လို့ ဆိုပါတယ်။

မမှန်မကန် တိုင်ကြားလို့ ရှိရင်လည်း တိုင်ကြားသူတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဆွဲဆို အရေး ယူနိုင်တယ်လို့ အဲဒီဥပဒေကြမ်းမှာ ထည့်ထားပါတယ်။

အဲဒီ ဥပဒေကြမ်း ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

The Voice