ရခိုင်အရေး ဘယ်တော့ အေးမလဲ

ပို့စ်တင်ချိန် - 6/25/2014 09:19:00 AM


ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာအား ဗိုလ်ချုပ် မောင်မောင်အုန်းကို ခန့်အပ်မည်ဟု သ
တင်းများ ထွက်ပေါ်လျက် ရှိရာ ယခု ၀န်ကြီးချုပ်အပြောင်းအလဲသည် ရခိုင်ပြည်နယ်ကိုအေးချမ်း တည်ငြိမ်စေ နိုင်မည်လား ဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။

                လက်ရှိ အစိုးရ သက်တမ်းသည် တစ်နှစ်ခွဲသာ ကျန်တော့ပြီး၊ ရခိုင်ပြည်နယ်၌ အရေးပေါ် အခြေအနေ တွင်သာ ထုတ်ပြန်လေ့ရှိသော ပုဒ်မ-၁၄၄ ကို ယခုအချိန် အထိ မရုပ်သိမ်းနိုင်သေးပေ။ ရခိုင်ပြည်နယ်တွင် လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ဇွန်လ (၂၁) ရက်နေ့ တွင် လွှတ်တော် ကိုယ်စားလှယ်များထံ အကြောင်းကြား ထားပြီး၊ (၂၅) ရက်နေ့တွင် လွှတ်တော် အစည်းအဝေး ကျင်းပမည် ဖြစ်သည်။

                  တာဝန်ပေးတဲ့ လူနဲ့ပဲ ကောင်းအောင် လုပ်သွားဖို့ပါပဲ။ ဒီမှာ ထိန်းချုပ်ရတာတော့ တော်တော် ခက်ပါတယ် ဟု ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးလှဟန် က The Messenger Media သို့ ပြောသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ရန် သတင်းများ ထွက်ပေါ် နေ သော ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ၀န်ကြီးဌာန  ဒုတိယ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ပြီး ရခိုင်ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်အပ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ (၂၀) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

                  ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ရခိုင် ပြည်နယ် ၀န်ကြီးချုပ်  ဦးလှမောင်တင်အား ၎င်း ၏ သဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက် ခွင့်ပြု လိုက်ကြောင်းလည်း ဇွန်လ (၁၉) ရက်နေ့တွင်  နိုင်ငံတော် သမ္မတရုံး က ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ် မောင်မောင်အုန်းသည် အတွေးအခေါ် ကောင်းသူတစ်ဦး ဖြစ်ပြီး၊ စစ်ရေးအမြင်ရှိကာ ရခိုင် တိုင်းရင်းသားများကို ကိုယ်ချင်းစာနိုင်မည်ဖြစ် သောကြောင့် ၎င်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်ကို ကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး  ဦးဇော်အေးမောင် က The Messenger Media သို့ပြောသည်။

                  မတ်လ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နိုင်ငံတကာ အကူအညီ ထောက်ပံ့ရေး အဖွဲ့အစည်းများဖြစ် သော INGO အဖွဲ့အစည်းများနှင့် UN အဖွဲ့အစည်းတို့၏ ရုံးခန်းများ၊ ဂိုထောင်များ ဖျက်ဆီးခံခဲ့ရသည်။ ထို့နောက် ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်အား ဖွဲ့စည်းခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခများတွင် နောက်ကွယ်မှ ကြိုးကိုင်သူများရှိ နေသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားထားခဲ့ သော်လည်း ယခုအချိန်အထိ နောက်ကွယ်မှ ကြိုးကိုင်သူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိ သေးပေ။

                 ဗိုလ်ချုပ် မောင်မောင်အုန်းကို အကြောင်းပြချက် ခိုင်လုံရင် ကန့်ကွက်ခွင့် မရှိဘူးပေါ့။ ဗိုလ်ချုပ် မောင်မောင်အုန်း ရောက်လာတဲ့အတွက် ရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အကြမ်းပတမ်း နှိမ်နင်းမယ်တို့ ဘာတို့ကတော့ လူတွေရဲ့ ထင်မြင်ချက်ပါ။ ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမှာပါ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက The Messenger Media သို့ ပြောသည်။ ရခိုင်ပြည်နယ် တွင် ဗိုလ်ချုပ်မောင်မောင်အုန်း အား ၀န်ကြီးချုပ် အဖြစ် ခန့်အပ်မည်မှာ ကိုးဆယ် ရာခိုင်နှုန်း သေချာနေပြီး၊ ရခိုင်တိုင်းရင်းသား တချို့ ကမူ ရခိုင်လူမျိုးများ ကိုသာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်စေလိုသော ဆန္ဒများလည်း ရှိနေသည်။

                  ဗိုလ်ချုပ် မောင်မောင်အုန်းရဲ့ ပုဂ္ဂလိက အရည်အချင်းနဲ့ စိတ်ဓာတ်ကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ဘက်က လူမျိုးတိုင်းရင်းသား စိတ်ဓာတ် အရ ကြည့်မယ် ဆိုရင် ရခိုင်ပြည်နယ်မှာ အပေါ်ကနေချပေးတဲ့ လူက ၀န်ကြီးချုပ်ဖြစ်တယ် ဆိုတော့ အရင်တုန်းက အတွေးအခေါ်ဟောင်းတွေ အပေါ်ပိုင်းမှာ အခုထိ ရှိနေသေးတယ် ဆိုတာ ထင်ဟပ်တာပေါ့ဗျာ ဟု ဥပဒေ ပညာရှင် ဦးသန်းမောင် (စစ်တွေ) ကပြောသည်။

                တခြားပြည်နယ်များတွင် ၀န်ကြီးချုပ်များသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများဖြစ်နေပြီး၊ ရခိုင်ပြည်နယ်တွင် တပ်မတော်မှ ပုဂ်္ဂိုလ်တစ်ဦး အား အပေါ်မှ တိုက်ရိုက် ခန့်အပ်ခြင်းသည် ရခိုင်တိုင်းရင်းသား တချို့၏ စိတ်ကို ကသိကအောင့်ဖြစ် စေကြောင်း၊ ဗိုလ်ချုပ် မောင်မောင်အုန်း တစ်ဦးတည်း ဖြင့် ရခိုင်ပြည်နယ်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဦးသန်းမောင် (စစ်တွေ)က သုံးသပ်သည်။ အစိုးရ သက်တမ်းသည် တစ်နှစ်ခွဲခန့်သာ ကျန်ရှိတော့ရာ ၎င်း ကိစ္စအား ဆန္ဒပြခြင်းများ မလုပ်ဆောင်သင့် တော့ကြောင်းလည်း ရခိုင် တိုင်းရင်းသား တချို့က သုံးသပ်ကြသည်။

                ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်၏ အမည်အရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူရမည် ဟု ပြဌာန်းထားသည်။  လက်ရှိ ရခိုင်ပြည်နယ်သည် ပဋိပက္ခများ ကြောင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိကာ တိုင်းပြည်၏  ဒုတိယအဆင်းရဲဆုံး ပြည်နယ် အဖြစ် ရပ်တည်လျက်ရှိသည်။

              မြန်မာနိုင်ငံတွင် တိုးတက်မှုများရှိလာ သော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို လိုအပ်နေသော နေရာများ တွင်ပေးရန် ခက်ခဲနေသေးကြောင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး Ms.Kyuang - wha Kang က ပြောကြားထားသည်။  ၎င်းသည် ဇွန်လ (၁၁)ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့  သွားရောက်ခဲ့သည်။

The Messenger News Daily