ကြည့်ပြီးလျှင် အလိုလျောက် ပျက်သွားမည့်ပုံများ၊ ဗီဒီယိုများ ပေးပို့နိုင်မည့် Slingshot ၀န်ဆောင်မှု ဖေ့စ်ဘွတ် စတင်

ပို့စ်တင်ချိန် - 6/25/2014 02:00:00 PM


သန်းထိုက်စိုး

ဓာတ်ပုံများ၊ ဗီဒီယိုများကို တစ်ဖက်လူထံ ပေးပို့လိုက်ပြီး ထိုသူကြည့်ပြီး သွားသည်နှင့် အချိန် အတိုင်းအတာ တစ်ခုအတွင်း ထိုဓာတ်ပုံများ၊ ဗွီဒီယိုများ အလိုလျောက် ပျက်သွားစေမည့် Slingshot ၀န်ဆောင်မှုကို ဖေ့စ်ဘွတ်ခ်က စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလားတူ ၀န်ဆောင်မှုဖြင့် နာမည်ကျော် နေသော Snapchat ကို ယှဉ်ပြိုင်ရန် ဖေ့စ်ဘွတ်ခ်က Slingshot ကို ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။ သို့သော် Slingshot က တစ်ခုထူးခြားသည်မှာ တစ်ဖက်လူ ပေးပို့လိုက်သော ပုံများ၊ စာများ၊ ဓာတ်ပုံများကို ဒီအတိုင်း ကြည့်လို့မရဘဲ မိမိဘက်ကလည်း အလားတူ ပေးပို့ပြီးမှသာ ကြည့်ခွင့်ရမည်ဖြစ်သည်။

Slingshot တွင် မိမိ ဖေ့စ်ဘွတ်ခ် အကောင့်သုံး၍ မှတ်ပုံတင်နိုင်သလို ဖုန်းနံပါတ်ဖြင့်လည်း မှတ်ပုံတင်နိုင်သည်။ မှတ်ပုံတင်ပြီး၍ Slingshot ကို ၀င်လိုက်သည် နှင့် ဖုန်းကင်မရာ ပွင့်လာမည် ဖြစ်ပြီး ဓာတ်ပုံ၊ ဗွီဒီယို ကြိုက်ရာ ရိုက်နိုင်သည်။ ပုံ သို့မဟုတ် ဗွီဒီယိုကို ဖော်ညွှန်းရန် စာလုံးရေ ၁၄၀ ထိ ရေးနိုင်သည်။ ထို့နောက် Slingshot သုံးသူတစ်ဦး သို့မဟုတ် အများထံ ပေးပို့နိုင်သည်။ တစ်ဖက်လူသည် အလားတူ ပြန်ပေးပို့မှသာ ၎င်းထံ ပို့ထားသည်များကို ကြည့်ရှုခွင့်ရအောင် Slingshot က ဖန်တီးထား သည်။ Snapchat အပလီကေးရှင်းသည်လည်း အလားတူပင် အလိုလျောက် ပျက်သွားသည့် ၀န်ဆောင်မှုမျိုး ပါရှိပြီး လူငယ်ဆယ်ကျော် သက်များကြား ရေပန်းစားသည်။ ဖေ့စ်ဘွတ်ခ်သည် Snapchat ကို ဒေါ်လာသန်း သုံးထောင်ဖြင့် ၀ယ်ရန် ကမ်းလှမ်း ခဲ့သေးသော်လည်း အထမမြောက်သဖြင့် ယခုကဲ့သို့ ကိုယ်ပိုင် Slingshot ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လောလောဆယ်၌ အမေရိကန် နိုင်ငံတွင်သာ အသုံးပြု နိုင်ဦးမည်ဖြစ်သည်။ အိုင်ဖုန်း၊ အန်းဒရွိုက်ဖုန်း နှစ်မျိုးလုံးနဲ့ သုံးနိုင်သည်။

Source: Daily Mail
The Messenger