ဝန်ကြီးဌာနများ၏ ချေးငွေ လက်ကျန်စာရင်းများ ကွဲလွဲမှုများဖြစ်ပေါ်



နေပြည်တော်၊ ဖေဖော်ဝါရီ ၅

၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်၏ နိုင်ငံတော် အရအသုံးစာရင်းများ တင်ပြရာတွင် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ဝန်ကြီးဌာနများ၏ ချေးငွေလက်ကျန် စာရင်းများ ကွဲလွဲနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု လွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မတီက ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပသည့် လွှတ်တော်သို့ တင်ပြလိုက်သည်။

ပညာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့သည် ပြည်ထောင်စု ဘဏ္ဍာငွေ ရသုံးမှန်းချေ ငွေစာရင်းတွင် မှန်မှန်ကန်ကန် ဖော်ပြထားမှု မရှိခြင်း၊ စာရင်းခေါင်းစဉ် မှားယွင်းစွာ ဖော်ပြခြင်း၊ လျော့နည်း ဖော်ပြခြင်းနှင့် ထည့်သွင်း ဖော်ပြရမည့် စာရင်းတွင် ထည့်သွင်းဖော်ပြမှု မရှိခြင်း စသည်တို့ကို တွေ့ရှိရကြောင်း ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး (ပြည်သူ့လွှတ် ကိုယ်စားလှယ်) က ကော်မတီနှင့် စာရင်းစစ်ချုပ် ကိုယ်စားလွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှုတွင် ဝန်ကြီးဌာနများသည် နိုင်ငံပိုင် ငွေကြေးကို အလွဲသုံးစား ပြုလုပ်သည်ဟု ယူဆ၍ မရသောကြောင့် ဥပဒေအရ အုပ်ချုပ်ရေးပိုင်းမှ သတိပေးမည့် အခြေအနေရှိမည်ဟု ယူဆရကြောင်း ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က The Voice သို့ ပြောကြားသည်။
“ဟိုအရင်တုန်းက မရဖူးတဲ့ ချေးငွေတွေကို သုံးရတဲ့အခါမှာ စာရင်းဇယား ပြန်ပြတော့ လွဲနေတာတွေ ဖြစ်မှာပါ။ ပြန်ပြီးစိစစ် တင်ပြလို့တော့ ရပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်လာမှုကြောင့် ဝန်ကြီးဌာနများ၏ သာမန်ရငွေ၊ အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို ပေါ်လွင်အောင် ဖော်ပြပြီး ဌာနအလိုက် စိစစ်သူအဆင့်ဆင့်က အလေးထား လုပ်ဆောင်ရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ တင်ပြပြောဆိုထားသည်။

ထို့အပြင် ဝန်ကြီးဌာနများ၏ ပိုလျှံငွေများ ရှိပါက နှစ်စဉ် ဒီဇင်ဘာလတွင် အပ်နှံသွားရန် သက်ဆိုင်ရာက ညွန်ကြားချက် ထုတ်ပြန်ပြီး ရသုံးစာရင်းများ၊ ဖြည့်စွက် တောင်းခံငွေများနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေး ကော်မရှင်နှင့် ပြည်ထောင်စု လွှတ်တော်သို့ ဘဏ္ဍာရေးနှစ် မကုန်မီ တင်ပြရန် လိုအပ်နေကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာ တင်ပြချက်တွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဝန်ကြီးဌာနများသည် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၉၅ ဒသမ ၅၅၈ သန်း ရရှိထားပြီး အမေရိကန်ဒေါ်လာ ၁၁,၅၉၀ ဒသမ ၅၈၃ သန်းကို ထုတ်ယူသုံးစွဲထားပြီ ဖြစ်ကြောင်း ငွေစာရင်း ကော်မတီ၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly

နိုင်ငံခြားသတင်းထောက်တစ်ဦး ရွှေတိဂုံစေတီအနီး ဓားထောက်လုယက်ခံရ





ရွှေတိဂုံစေတီမှအပြန် ဗဟန်းဈေးအနီးတွင် လမ်းလျှောက်နေသည့် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူကို စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၄ ရက် ည ၉နာရီခွဲတွင် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်သည် ၎င်း၏ ဧည့်သည်အမျိုးသမီးတစ်ဦးနှင့် အတူဗဟန်းဈေးအနီး လမ်းလျှောက်နေစဉ် စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်သောကြောင့် အိုင်ဖုန်းတစ်လုံး၊ ဖုန်းဆင်းမ်ကတ်တစ်ကတ်၊ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်၊ ဆွဲကြိုးတစ်ကုံး၊ မြန်မာငွေတစ်သိန်းနှင့် စာရွက်စာတမ်းများ လုယက်ခံရကြောင်း စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်ကပြောသည်။

““သူက စက်ဘီးနဲ့လာတာ။ ကျွန်မလက်ကို ဖမ်းကိုင်တယ်။ အစက သူ့ကို စိတ်မနှံ့တဲ့သူတစ်ယောက်လို့ ထင်နေတာ။ ဓားကိုထုတ်ပြီး လုယူတာပဲ။ ဓားထုတ်တော့ ကျွန်မသူငယ်ချင်းကလည်း ထွက်ပြေးသွားတယ်။ ဗဟန်းရဲစခန်းကို သွားပြီးအကြောင်းကြားထားခဲ့တယ်””ဟု အလက်ဇန္ဒားဖောင်ကပြောသည်။

အလက်ဇန္ဒားဖောင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေကို ယုံကြည်သောကြောင့် ညဘက်လမ်းလျှောက်ခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါလုယက်ခံရမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်တိုင်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။

““သူက အမှုမဖွင့်ခဲ့ပါဘူး။ အခုတော့ သူပြောပြတဲ့ပုံသဏ္ဌာန်နဲ့လူကို ဖမ်းဆီးမိဖို့ စောင့်ကြည့်နေပါတယ်။ အမှုမဖွင့်ပေမယ့် တရားခံကို မိအောင်ဖမ်းဆီးမှာပါ””ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးမြင့်လွင်စန်းကပြောသည်။

Author: ငြိမ်းချမ်း

7day Daily


ပြန်လည် ကိုးကား ရေးသားနိုင်မယ့် အကောင်းဆုံး Valentine Day’s စကားလုံးများ


၁။ ရူးသွပ်မှု မဟုတ်ဘူးဆိုရင် အဲ့ဒါ အချစ်မဟုတ်တော့ဘူး။

“When love is not madness, it is not love.”

Pedro Calderon de la Barca (စပိန် ပြဇာတ်ဆရာ ၁၆၀၀-၁၆၈၁)

၂။ “Valentine လောက်ကြီးမြတ်တဲ့ သူတော်စင် ရှိတော့မှာ မဟုတ်ဘူး။”

“I claim there ain’t another Saint as great as Valentine.”

Ogden Nash (အမေရိကန် ကဗျာဆရာ ၁၉၀၂-၁၉၇၁)

၃။ မင်းအတွက်ပါဆိုတဲ့ ကိုယ့်အချစ်တွေအားလုံးကို သယ်ဆောင်ဖို့ဆိုရင် ရာနဲ့ချီတဲ့နှလုံးသားလည်း နည်းသေးတယ်။


“A hundred hearts would be too few to carry all my love for you.”

Unknown

၎။ “ပင့်သက်ရှိုက်သံ အခိုးအငွေ့တွေနဲ့ အလျှင်အမြန်ကူးလူးမှုဟာ အချစ်ဖြစ်တယ်။”

(ရင်ဖိုလှိုက်မောနေရတာဟာ အချစ်ဖြစ်တယ်။)

“Love is a smoke made with the fume of sights.”

William Shakespeare (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သရုပ်ဆောင် ၁၅၈၂-၁၆၁၆)

၅။ ကိုယ်နဲ့အတူ ကြီးပြင်းပါ။ (အိုးအောင်မင်းအောင် ပေါ့။) အကောင်းဆုံး ဖြစ်ရမယ်။

“Grow old with me! The best is yet to be.”

Robert Browning (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ ၁၈၁၂-၁၈၈၉)

၆။ အချစ်ဆိုတာ လူနှစ်ယောက် ပါဝင်ကစားနိုင်ပြီး နှစ်ယောက်စလုံး နိုင်နိုင်တဲ့အရာ။

“Love is a game that two can play and both win.”

Eva Gabor (ခေတ်ဆန်တဲ့ အသိုင်းအ၀ိုင်းမှာ ရေပန်းစားသူ၊ အမေရိကန် မင်းသမီး ၁၉၁၉-၁၉၉၅)

၇။ အချစ်စစ် ဇာတ်လမ်းတွေဟာ ပြီးဆုံးရိုး ထုံးစံမရှိဘူး။

“True love stories never have endings.”

Richard Bach (အမေရိကန် စာရေးဆရာ ၁၉၃၆-၁၉၉၉)

၈။ အချစ်ဆိုတာ ခံစားမှုကဗျာ။

“Love is the poetry of the senses.”

Honore de Balzac (ပြင်သစ် ၀တ္ထုရေးဆရာ၊ ပြဇာတ်ရေးဆရာ ၁၇၉၉-၁၈၅၀)

၉။ အချစ်ဆိုတာ နှစ်ယောက်သား အရူးထခြင်းပါပဲ။

“Love is being stupid together.”

Paul Valery (ပြင်သစ် ကဗျာဆရာ၊ အက်ဆေးရေးသူ၊ တွေးခေါ်ပညာရှင် ၁၈၇၁-၁၉၄၅)

၁၀။ ငါ့နှလုံးသားကို မင်းဆီအပ်နှင်း၊ မင့်နှလုံးသားလည်း ပြန်ပေးပါ။ ဒို့နှလုံးသားတွေကို အတူတွဲ သော့ခတ်သိမ်းကြမယ်လေ။ ပြီးရင်တော့ သော့ကို ၀ဲပလိုက်ပါလေ။

“My heart to you is given; Oh, do give yours to me; We’ll lock them up together, And throw away the key.”

Frederick Saunders

Ref:brainz.org
trend myanmar


ဗုဒ္ဓဆင်းတုတော်အချို့ မျက်လွှာတော်ပွင့်ခြင်း နိုင်ငံရေးနှင့် သက်ဆိုင်ဟုဆို



မော်လေး၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၅

ဗုဒ္ဓဆင်းတုတော်အချို့ မျက်လွှာတော်ပွင့်ခြင်းများ ဖြစ်ပေါ်နေခြင်းမှာ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှုများနှင့် သက်ဆိုင်နေ ပြီး နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအခြေအနေများကို သတိထားကိုင် တွယ်ရန်လိုအပ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာ
ရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဖေဖော်ဝါရီ ၅ ရက်က စံတော်ချိန်သို့ ပြောဆိုသည်။

' ကျွန်တော်တို့ ဒီနှစ် ဇူလိုင်မကျော်မချင်း နိုင်ငံရေးအခြေအနေက မကောင်း နိုင်ဘူး။ ဒီထက်ပိုပြီး ပြင်းထန်အောင် မပြောချင်ပါဘူး။ ကျွန်တော်တို့နိုင်ငံက အောင်နိမိတ်ထွန်းတဲ့ ကျွန်းဖြစ်တဲ့အတွက် ဆင်းတုတော်တွေ မျက်လွှာတော်တွေ ပွင့်တယ်ဆိုတဲ့ ထူးခြားချက်က
နိုင်ငံမှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်လာမယ်ဆိုတာနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် နိုင်ငံကိုအုပ်ချုပ်တဲ့သူတွေအနေနဲ့ နိုင်ငံရေးကို ကိုင်တွယ်ရာမှာ သတိရှိဖို့လိုပါတယ် ' ဟု ၎င်းကပြောဆိုသည်။

ထူးခြားချက်များ ဖြစ်ပေါ်လာမည့် အကြောင်းကို ၎င်းက လတ်တလော တွင် ဖြစ်ပွားနေသည့် နိုင်ငံရေးဖြစ်စဉ်များ၊ မီဒီယာလောကမှ ယူနတီဂျာနယ် သတင်းထောက်နှင့် အမှုဆောင်ကိစ္စများကို ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကင်းမြို့နယ်တွင် ဆင်းတု
တော်တစ်ဆူမှ မျက်လွှာတော်ပွင့်တော်မူခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီအတွင်း ရက်အနည်းငယ်သာခြား၍ တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်အတွင်း ဆင်းတုတော်နှစ်ဆူမျက်လွှာတော်ပွင့် ခြင်း၊ မျက်တောင်ခတ်ခြင်းများ ရှိခဲ့ကြောင်းသိရသည်။ ထို့နည်းတူ နယ်မြို့အချို့၌လည်း အလားတူ
ဖြစ်ရပ်မျိုး ဖြစ်ပေါ်မှုများရှိသည်။
စံတော်ချိန်နေ့စဉ်သတင်း

အမျိုးသမီးကောလိပ်ကို ကယောင်ချောက်ချားစေခဲ့တဲ့ အံ့မခန်း ပန်းပုလက်ရာ



အသက်ပါလှတဲ့ အံ့ဖွယ်ရုပ်တု တစ်ခုကို Wellesley ကောလိပ်မှာ ထားရှိထားပါတယ်။ အဲ့ဒီ့ရုပ်တုဟာ အမျိုးသားတစ်ယောက် အိပ်တစ်ဝက်လမ်းလျှောက်နေပုံ ဖြစ်ပြီး သူ့ချည်းသက်သက်တော့ ဘာမှအပြစ်ဆိုစရာ မရှိပေမယ့် အဲ့ဒီ့ ရုပ်တုဝတ်ထားတဲ့ အတွင်းခံကတော့ Wellesley ကောလိပ် ကျောင်း သူတွေကို နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေပါတယ်။ ဒါပေမဲ့ Wellesley ကောလိပ် (အမျိုးသမီးကျောင်း) ကျောင်းအုပ်ကတော့ “အဲ့ဒီ့အပိုင်းက ပညာသားပါတယ်။” လို့ပြောပါတယ်။

ဖုတ်ကောင်လိုမျိုး သိမှုမဲ့ မျက်လုံးပိတ်ထားတဲ့ လူတစ်ယောက် “အိပ်တစ်ဝက်လမ်းလျှောက်သူ” ဆိုပြီး ဒီရုပ်တုကို နာမည်ပေးထားပါတယ်။ Wellesley ကောလိပ်က Davis ပြတိုက်မှာ ပြမယ့် ပန်းပုပညာရှင် Tony Matelli ရဲ့ လက်ရာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲတရားဝင် မဖွင့်လှစ်ခင် ကာလ ဖေဖော်ဝါရီလ နံနက်အစောပိုင်း ကျောင်းရဲ့လူစည်ကားတဲ့နေရာမှာ ဒီရုပ်တုကိုထားတာကို တွေ့မြင်ခဲ့ရတာဖြစ်ပြီး ဒီရုပ်တုကို ဖယ်ရှားပစ်ဖို့ ကျောင်းသူတစ်ယောက်က အွန်လိုင်းကနေ တောင်းဆိုခဲ့ပါတယ်။

ဒီရုပ်တုဟာ “စိုးရိမ်ကြောင့်ကျမှု၊ ကြောက်လန့်မှုတွေရဲ့ ရင်းမြစ်ဖြစ်ပြီး လိင်အကြမ်းဖက်မှုနဲ့စပ်ဆက်တဲ့ အတွေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။” လို့ လက်မှတ် ၃၀၀ ပါ လျှောက်လွှာတစ်ခုအရ သိရပါတယ်။ အဲ့ဒီ့လျှောက်လွှာဟာ ရုပ်တုကိုဖယ်ရှားပေးဖို့ ကျောင်းအုပ်ထံ အနူးအညွတ် အသနားခံစာပါ။

“အံ့မခန်းအနုလက်ရာတွေမှာ စိတ်ခံစားချက်တွေကို နက်နက်ရှိုင်း လှုံ့ဆော်ပေးနိုင်တဲ့ စွမ်းအားရှိနေတယ်။ ပြီးတော့ မမျှော်လင့်ထားတဲ့ အကြံဉာဏ်သစ်တွေကိုလည်း ဆွပေးတယ်။ ဒီရုပ်တုဟာလည်း အံ့မခန်းအနုလက်ရာဖြစ်တဲ့အတွက် အဲ့ဒီ့အတိုင်းပဲ။” ဆိုပြီး ကျောင်းအုပ် Bottomly နဲ့ ပြတိုက်ညွှန်ကြားရေးမှုး Lisa Fischman တို့နှစ်ယောက်ဟာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။

Ref:ap.org
သတင်းဘုရင်

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းအား အလိုအလျောက် မီးပွိုင့်စိမ်းပြီး ယာဉ်လမ်းကြောင်း ရှင်းလင်းသည့်စနစ် တပ်ဆင်မည်



ဝင်းမြင့်ကျော်
ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းများအား အလိုအလျောက် မီးပွိုင့်စိမ်းကာ ရှင်းလင်းသည့်စနစ်ကို တပ်ဆင်ထားသော ရှစ်မိုင်လမ်းဆုံ (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့အတွင်း ယာဉ်ကြောများ ပိတ်ဆို့နေသည့် မီးပွိုင့်များအားလုံးတွင် ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းများအား အလိုအလျောက် ထိန်းချုပ်ပြီး မီးပွိုင့်စိမ်းကာ လမ်းကြောင်းရှင်းပေးသည့် စနစ်ကို တပ်ဆင်သွားရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ ယင်းကဲ့သို့ မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့လာသည့် ယာဉ်လမ်းကြောင်းအား အလိုအလျောက် ထိန်းချုပ်ပြီး မီးပွိုင့်စိမ်းပေးကာ ယာဉ်လမ်းကြောင်းရှင်းသည့် စနစ်ကို မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်စမ်းသပ်တပ်ဆင်ထားသည်။

“ရှစ်မိုင်လမ်းဆုံမှာ ယာဉ်ကြောကျပ်တည်းလာတဲ့ လမ်းကြောင်းကို အလိုအလျောက် မီးပွိုင့်စိမ်းပြီးတော့ လမ်းကြောင်းရှင်းတဲ့စနစ်ကို ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့က ရှစ်လလောက် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးတော့မှ ဒီစနစ်ကို စမ်းသပ်ပြီးတော့ အသုံးပြုခဲ့တာဖြစ်တယ်။ စမ်းသပ်တဲ့အခါမှာ အောင်မြင်မှုရှိတဲ့အတွက် ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ယာဉ်ကြောပိတ်ဆို့တတ်တဲ့ မီးပွိုင့်လမ်းဆုံတွေ အားလုံးမှာ တပ်ဆင်သွားဖို့ ဂျိုက်ကာအဖွဲ့နဲ့ ဆွေးနွေးလေ့လာမှုတွေ ပြုလုပ်နေပါပြီ။ မကြာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပွိုင့်ရှိ လမ်းဆုံစုစုပေါင်း ၁၆၀ ကျော်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်)မှ သိရသည်။

Myawady News

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ




မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေနိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီ နည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေ ထွက်လေ မှတ်တာ၊ ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြယ်စင်

ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း အစိုးရပြောကြား



6-2-2014

ဇန်နဝါရီလ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြထားတဲ့ မကွေးတိုင်း ပေါက်မြို့ နယ်ကစက်ရုံဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံသာဖြစ်ပြီး ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်မထုတ်လုပ်ဖို့ ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားပြီး ဖြစ်တာကြောင့် Unity Journal မှာ ဖော်ပြခဲ့သလို ဓါတုလက်နက်စက်ရုံဆိုတာ မဟုတ်မှန်ကြောင်း RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က ဖြေကြားခဲ့တာပါ။

“သူရေးထားတဲ့သဘောက ကျနော်တို့က ဓါတုလက်နက်တွေ chemical weapon တွေကို ထုတ်လုပ်နေတယ်လို့ အဓိပ္ပာယ်ပေါက်အောင်လို့ သူကရေးထားတယ်၊ ကျနော်တို့နိုင်ငံက အဲဒါနဲ့ပတ်သက်လို့ ကွန်ဗန်းရှင်းမှာ ကျနော်တို့ လက်မှတ်ရေးထိုးထားတယ်၊ ဒါကြောင့်မို့ ကျနော်တို့က ဓါတုဗေဒလက်နက်တွေကို ထုတ်စရာအကြောင်းမရှိဘူး၊ ဒါဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်တဲ့စက်ရုံ၊ ဒီမှာကျနော်တို့ ဓာတုလက်နက် ထုတ်လုပ်တယ်လို့ နိုင်ငံတကာကယူဆလို့ရှိရင် သူ့မှာကွန်ဗန်းရှင်းအရ ကျနော်တို့ကို သူတို့မေးမှာပေါ့”

ဒါ့အပြင် UNITY JOURNAL ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတာဟာလည်း နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ အရေးယူထားတာဖြစ်ကြောင်း သူတို့အနေနဲ့ ကန့်သတ်တားမြစ်ထားတဲ့နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သတင်းယူခဲ့တဲ့အတွက်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ်မှာ လျှို့ဝှက်ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီးတဲ့နောက်၊ ဂျာနယ်ရဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဌာနေသတင်းထောက် ကိုလူမော်နိုင်ကို ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ကို သတင်းတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။
RFA Burmese

ခင်ဝင့်ဝါ မျက်ရည်ကျတဲ့ အကြောင်းရင်း



”နယ်ခံ ပရိသတ်တွေက ကိုယ့် အတွက် အထူး အဆန်း ဖြစ်သလို ရိုက်ကူးရေး အနေနဲ့လည်း ကြီးကြီး ကျယ်ကျယ် ဖြစ်တယ်။ တစ်ခါ တလေ ပျော်လွန်းလို့ မျက် ရည် တောင် ကျမိတယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။

ပထမဆုံး နယ်ရိုက် ကွင်းမှာ ရလာတဲ့ အသိကတော့ နယ်ခံ ပရိသတ်တွေက ရိုးသားပြီး ပွင့်လင်း ကြကြောင်း ခင်ဝင့်ဝါ က ပြော သည်။

ခု လတ်တလောမှာ ခင်ဝင့်ဝါက ရေစကြို၊ ပခန်းကြီး၊ ပခုက္ကူနဲ့ ပုဂံ ဘက်မှာ ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ပန်းချီစိုးမိုး၊ စိုးရန်အောင်၊ မိုးယုစံတို့နှင့် အတူ သွားရောက် ရိုက်ကူးနေကြောင်း သိရသည်။

ခင်ဝင့်ဝါက The Beauties Concept Website တွင် Most Beautiful Girl of the year 2013 နံပါတ် ၆ အဖြစ် ရွေးချယ် ခံရ သလို Global Beauties Website တွင် Miss Grand 2013 နံပါတ် ၅ စာရင်းတွင် ပါဝင်နေသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

”ခင်ဝင့်ဝါ ဆိုတာထက် မြန်မာ နိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ အနေ နဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ပွဲ တစ်ခုမှာ မမျှော်လင့်ဘဲ ကမ္ဘာက အသိအမှတ်ပြု ခံရတဲ့အထဲ မှာ ပါဝင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိတယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။

”ပြိုင်ပွဲ တစ်လျှောက်လုံး အား ပေးတဲ့ ပရိသတ်ရော၊ မိသားစုဝင်ရော ပြီးတော့ Organizer က အကို အစ်မတွေ ရော ကျေးဇူးတင်တယ်” ဟု ၄င်းက ဆက်ပြောသည်။

”ဘယ်အရာမဆို အဆိုးနဲ့ အကောင်းဟာ ဒွန်တွဲနေတာပဲ။ တိုက်ခိုက် ခံရသလို ဝေဖန်ခံရတယ်။ ဒါကို ခံနိုင် ရည်ရှိရမယ်။ အရေးကြီးတာက စိတ်ဓာတ် ခွန်အားပဲ” ဟု ၄င်းက ပြောသည်။

ထူးထူး
From:popular

ပန်းသီး ဖျော်ရည် ပုံမှန် သောက်သုံးလျှင် အရေပြား တွန့် ခြင်းမှ ကာကွယ်နိုင်




ပန်းသီး ဖျော်ရည်ကို ပုံမှန် သောက်သုံး ပေးပါက အသက်အရွယ် ရလာသည့် အခါ အသားအရေ တွန့်ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်း တို့ကို ကာကွယ် ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ ရှိချက်တွင် ဖော်ပြ ထားပါသည်။

ပန်းသီး ဖျော်ရည်တွင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် အပါအ၀င် အခြားသော ဓာတ်ပေါင်း များက ခန္ဓာကိုယ် အရေပြား ဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်း ဖွင့်ဖြိုးရန် အထောက်အပံ့ ပေးကြောင်း ပညာရှင်များက ပြောကြား ပါသည် ။

မြ၀တီ

ပြည်တွင်း လေကြောင်းလိုင်းများ လုံခြုံမှု ရှိလာမည်လော



(သဇင်ဦး)

လေယာဉ် လက်မှတ်ခ နှုန်းထားကို ပြည်ပခရီးစဉ်နီးပါး ပေး၍ စီးနေရသော ပြည်တွင်း လေကြောင်းလိုင်းများ အနေနှင့် လုံခြုံစိတ်ချရမှု အပိုင်းတွင် အားနည်းနေမည် ဆိုပါက ပြည်တွင်း လေကြောင်းလိုင်းများတွင် ဝင်ရောက်လာမည့် ပြည်ပ လေကြောင်းလိုင်းများကို ယှဉ်ပြိုင်ရန် မလွယ်ကူလှပေ။

ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇ လေကြောင်းလိုင်း၏ နည်းပညာအမှား Technical Error ကြောင့် ဖြစ်ပွားခဲ့ရသည့် လေယာဉ်ဘီး အပူရှိန် လွန်ကဲ၍ မီးခိုးထွက်ရသည့် ဖြစ်စဉ်မှာ ပြည်တွင်း ခရီးသည်များအတွက် ၂၀၁၄ ခုနှစ်တွင် ပထမဆုံး စိုးရိမ် ထိတ်လန့်မှုကြီး ဖြစ်ခဲ့ရသည်။
ယင်းဖြစ်စဉ်၌ လေယာဉ် ပျံတက်ရန် ပြင်ဆင်ချိန်တွင် သတိပေး မီးလင်းခဲ့သဖြင့် လေယာဉ်မှူးက ဘရိတ် သုံးလိုက်ချိန်တွင် ယင်းသို့ အပူလွန်ကဲရခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ Techincal Error မှာ ဖြစ်လေ့ရှိကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ယင်းသို့ “စိုးရိမ်ဖွယ်ရာမရှိ ပုံမှန် ဖြစ်စဉ်တစ်ခု” ဖြစ်လာပါက လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဖြစ်စေ၊ သက်ဆိုင်ရာေ လကြောင်းလိုင်းက ဖြစ်စေ ခုံရုံးဖွဲ့၍ စစ်ဆေးကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန လေယာဉ်စက်မှုမှ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

ပြည်တွင်း လေကြောင်းလိုင်းများ ပြေးဆွဲရာတွင် လေယာဉ်ပျံ ပြေးဆွဲ၍ မြေပြင်ပေါ် ပြန်လည် ဆင်းသက်ချိန်၌ လေယာဉ်၏ စက်ပစ္စည်း၊ သတိပေးချက်၊ ပျံသန်းမှုနှင့် လေယာဉ်ဘီး စနစ်များကို စစ်ဆေးပြီး ထူးခြားသည့် အစီရင်ခံစာရှိပါက လိုအပ်လျှင် ပြင်ဆင်၍ နောက်တနေ့ လေယာဉ်ပျံ မတက်မီ အချိန်အထိ စစ်ဆေးပေးကာ လေယာဉ်မှူးကလည်း မျက်မြင် ပြန်လည် စစ်ဆေးပြီး လေယာဉ်စက် မနှိုးခင်နှင့် စက်နှိုးပြီးချိန် တွင်လည်း ထပ်မံ စစ်ဆေးကြောင်း လေယာဉ်ပျံ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှု အပိုင်းနှင့် ပတ်သက်ပြီး ဦးဝင်းဆွေထွန်းက ရှင်းပြသည်။

နည်းပညာအရ စနစ်မှားယွင်း၍ မတော်တဆမှုများ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း လုံခြုံရေးအရ သတိထားရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မီးခိုးများ အူထွက်နေသည့် လေယာဉ်သည် Parking အတွင်းရှိ လေယာဉ်များအကြား ပြန်ဝင်လာသည့်အတွက် ယင်း Parking အတွင်းရှိနေသည့် ဆီပန့်များ၊ လေယာဉ်များအတွက် လွန်စွာအန္တရာယ် များပြားလှကြောင်း၊ တစ်စုံတစ်ရာ အရေးကြုံလျှင် ဆင်းသက်ရမည့် Security Area လုံခြုံရေး နေရာကို ဆင်းသက်ပြီး လိုအပ်ပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်ရမည် ဖြစ်၍ စနစ်တကျဖြစ်ရန် လိုအပ်ကြောင်း EVA Airline တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများ၏ ဝန်ဆောင်မှု၊ လုံခြုံမှု စသည်တို့အပေါ် အခြေခံ၍ ကောက်နုတ်ထားချက် အရ အဲပုဂံလေကြောင်းလိုင်းသည် လုံခြုံမှုအပိုင်းတွင် ကြယ်နှစ်ပွင့်သာ ရသဖြင့် လုံခြုံမှုအပိုင်း အားနည်းချက် ရှိကြောင်းနှင့် Air Mandalay လေကြောင်းလိုင်း သည်လည်း ကြယ်သုံးပွင့်သာ သတ်မှတ်ခံရကြောင်း ပြည်တွင်းလေကြောင်းလိုင်း များ၏ အားနည်းချက်ကို နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ယှဉ်၍ Airline Ratings ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းသို့ လုံခြုံရေး အပိုင်းတွင် သာမက ဝန်ဆောင်မှု အပိုင်းတွင်လည်း အားနည်းချက်များကို တွေ့နိုင်ကြောင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်း မတော်တဆ မဖြစ်မီ ရက်ပိုင်းကလည်း ဟဲဟိုး လေဆိပ်သို့ နံနက် ၆ နာရီ ထွက်မည့် အဲမန္တလေး လေကြောင်းလိုင်းမှ လေယာဉ်သည် နေ့လယ် ၁၂ နာရီ ကျော်သည်အထိ လေယာဉ် မထွက်နိုင်သေးဘဲ ဟဲဟိုးလေဆိပ်သို့ ညနေ ၄ နာရီထိုးမှသာ ရောက်ရှိခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သွားခဲ့သေးသည်။

နိုင်ငံခြားသားများ အနေနှင့် တစ်နေ့တာ အချိန်ကုန်ခဲ့ပြီး လေယာဉ် စောင့်ဆိုင်းနေချိန်တွင် ဧည့်သည်ကို ကျွေးမွေးသည့် နေ့လယ်စာမှာ ထမင်းကြော် တစ်ဘူးစီ ဖြစ်၍ မည်သို့မျှ မျက်နှာပန်းမလှ ဖြစ်ခဲ့ရာ အဆိုပါ ဧည့်သည်များက အပြန်တွင် အဲမန္တလေးနှင့် မပြန်လိုကြောင်း ဝိုင်းဝန်း တောင်းဆိုကြသဖြင့် လေကြောင်းလိုင်း ပြောင်းလဲ စီစဉ်ပေးခဲ့ရ၍ အဆိုပါ ခရီးသွား ကုမ္ပဏီအတွက် များစွာ ထိခိုက်မှု ရှိခဲ့ကြောင်း ယင်းခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ထိုကဲ့သို့ လေကြောင်းလိုင်းများ၏ လေယာဉ်ပြေးဆွဲချိန် ကြန့်ကြာမှု၊ လေယာဉ်ချိန် မမှန်ကန်မှုများ စသည့် လေကြောင်းရေးရာ ကိစ္စများကို ဖြေရှင်းရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက လေကြောင်းရေးရာ ကော်မတီကို နိုဝင်ဘာလတွင် ဖွဲ့စည်း၍ လေကြောင်းလိုင်းများနှင့် ဆွေးနွေးခဲ့သော်လည်း ထူးခြားသည့် အဖြေမထွက်ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ICAO အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်က နိုဝင်ဘာလက ဒုတိယအကြိမ် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်းများကို ထပ်မံစစ်ဆေးခဲ့ရာ လိုအပ်ချက် ၄၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ကနဦး ထုတ်ပြန်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ချက်မှာ ထွက်ရှိလာခြင်း မရှိသေးကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

လေယာဉ် မတော်တဆမှုများ မဖြစ်ပွားရေးအတွက် လုံခြုံရေး၊ ပြင်ဆင်ရေး၊ ပျံသန်းရေး၊ အုပ်ချုပ်ရေးစသည်တို့ ပါဝင်သည့် Safety Mangement System (SMS) စနစ်ကို လေကြောင်းလိုင်းတိုင်းတွင် နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

လေယာဉ် မတော်တဆမှုများမှာ ပြီးခဲ့သည့် နှစ်များကလည်း တစ်နှစ်လျှင် နှစ်ခု ဖြစ်ပွားပြီး “စိုးရိမ်ဖွယ်ရာ မရှိသော ဖြစ်စဉ်” မှာလည်း တစ်နှစ်လျှင် ဆယ်ခု ဖြစ်ပွားတတ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံ စုံစမ်း သိရသည်။

မလေးရှား အသွားအပြန် ခရီးစဉ်အတွက် လေယာဉ် လက်မှတ်ခ တစ်သိန်း ရှစ်သောင်းနီးပါး (ကန်ဒေါ်လာ ၁၇၉ ဒေါ်လာ) ကုန်ကျချိန်တွင် ပြည်တွင်းခရီးစဉ် အသွားအပြန်အတွက် (ဥပမာ- မန္တလေးခရီးစဉ်) လေယာဉ် လက်မှတ်ခမှာလည်း တစ်သိန်းခွဲနီးပါး ကုန်ကျသဖြင့် လေယာဉ် လက်မှတ်ခမှာ ပြည်ပခရီးစဉ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မြင့်မားနေသည်ဟု ဆိုနိုင်သော်လည်း ဝန်ဆောင်မှု အပိုင်းမှာ လေယာဉ်ချိန် မမှန်ခြင်း၊ လေယာဉ်စက်ပိုင်းဆိုင်ရာ သံသယရှိခြင်း၊ လုံခြုံမှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ပြည်တွင်း လေကြောင်းလိုင်း ဈေးကွက်မှာ ပြည်ပမှ အလုံးအရင်းနှင့် ဝင်ရောက်လာပါက နောက်ကျ ကျန်နေဦးမည်သာ ဖြစ်ကြောင်း လေယာဉ်စီး ခရီးသည်များ၊ ခရီးသွား လုပ်ငန်းရှင်များနှင့် ပြည်ပလေကြောင်း လိုင်းများက ဝိုင်းဝန်း သုံးသပ် ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်းလိုင်း ရှစ်လိုင်း၊ လေယာဉ် ၄၃ စင်းတို့ဖြင့် ပြည်တွင်းတွင် လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ၊ အစိုးရ အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုသာ အခြေပြု ပြေးဆွဲပေးလျက် ရှိသည်။

The Voice Weekly

IPhone 6 တွင် 10 Megapixel ကင်မရာပါမည်



iPhone 6 မှာ 10 Megapixel အရည်အသွေးရှိ ကင်မရာ ပါဝင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ aperture f/1.8 ပါဝင်ပြီး CMOS Censor အပြင် ကင်မရာကို အရည်အသွေးမြင့်တင်ပေးမယ့် အခြားသော Feature သစ်များစွာ ပါဝင်လာကြောင်း သိရ ပါတယ်။ အရင် iPhone 5S အထိ ကင်မရာက 8 Megapixel အထိပဲ ပါဝင်ပါတယ်။ iPhone 6 ကို ၄.၇ လက်မအရွယ်နဲ့ ထုတ်လုပ်ပြီး ဇွန်လမှ ဖြန့်ချိပါ မယ်။ ပြီးတော့ ၅.၇ လက်မ အရွယ်ကို စက်တင်ဘာလောက်မှာ ထုတ်လုပ်ဖြန့်ချိ မယ်ဆိုပြီးတော့ တရုတ်ပြည်ကနေ သတင်းထွက်ရှိ လာခြင်း ဖြစ်ပါတယ်။ လက်ရှိ ပုံမှာ ပြထားသလို သာ ဖြစ်မယ်ဆိုရင် iPhone က ဒီဇိုင်းအများကြီး ပြောင်းလဲသွားမှာတော့ အမှန်ပါပဲ။ ယနေ့အချိန်အထိ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်ထားနိုင်တာကိုလည်း iPhone 6 မှာ ဆက်ခံယူသွားဖွယ် ရှိပါတယ်။ iPhone 6 ကို လာမယ့် ဇွန်လမှာ မိတ်ဆက်ပြသ သွားနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။

Aung Kham ( www.smart.com.mm )

Ref:Smart Pro Journal

ရော်နယ်ဒိုအတွက် အီဘရာဟီမိုဗစ်ရဲ့ မွေးနေ့လက်ဆောင်




ယမန်နေ့က ၂၉နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကို အီဘရာဟီမိုဗစ်က Nike အမှတ်တံဆိပ်
အင်္ကျီတစ်ထည်ကို တွစ်တာမှတစ်ဆင့် မွေးနေ့ လက်ဆောင် ပေးခဲ့ပြီး အဆိုပါ အင်္ကျီတွင် ဇလာတန်ကို ယှဉ်ပြိုင်ရဲလားဆိုသည့် စာသားရေးသားထားခဲ့ကြောင်း သိရသည်။အီဘရာဟီမိုဗစ်နှင့်
ရော်နယ်ဒိုတို့မှာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ခြေစစ်ပွဲတွင် ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို မိမိသာရသင့်သည်ဟု အီဘရာဟီမိုဗစ်က ဝေဖန်ခဲ့ဖူးသည်။

သို့သော် ရော်နယ်ဒိုက အီဘရာဟီမိုဗစ်၏လက်ဆောင်နှင့် ပတ်သက်၍ ယခုကဲ့သို့ တုံ့ပြန်သွားသည်။ “မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်
ပါတယ်။ အဲဒီလက်ဆောင်က ငါ့အတွက် မင်းထင်ထားတာထက် ပိုကောင်းနေတယ်”ဟု တွစ်တာမှတစ်ဆင့် ပြန်လည်ပြောကြား ထားသည်။ အီဘရာဟီမိုဗစ်၏ ၃၃နှစ်မြောက် မွေးနေ့ပွဲကို အောက်တိုဘာလ ၃ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရော်နယ်ဒိုအနေဖြင့် ၎င်း၏ကိုယ်ပိုင် ပြတိုက်သို့ ဖိတ်ခေါ်ဖွယ်ရှိနေကြောင်း သတင်းများက
ဖော်ပြသည်။

YoYarLay

တရုတ်တန်းက စစ်ကိုင်းလမ်း



------------------
ရေးသားသူ- သီဟ

လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များက နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီးလွတ်ရုံလမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများကို ရှောင်တိမ်းရင်း ထိုင်စရာစားပွဲတစ်ခုရရန် မနည်းရှာရသည်။ ကျဉ်းကျဉ်းကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံများဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေးရဲ့ညနေပိုင်းသည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးအခါသမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။

“ထိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင် စစ်ကိုင်းလမ်းက စောင့်နေမယ်သူမှာလို့ ...” အစချီတဲ့ စတီရီယိုအဆိုကျော်ခိုင်ထူး၏ တေးသွားက ဟော်လိုဂစ်တာနှင့် လိုက်ဖက်ညီစွာ ပျံ့လွင့်လာကာ လေထုထဲရှိ အကင်ညှော်နံ့များနှင့် ရောထွေးသွားခဲ့သည်။ အဖြူရောင်အင်္ကျီလက်ရှည်နှင့် ပလေကပ်ပုဆိုးအစိမ်းရောင် အဆင်ရိုးရိုးကို ၀တ်ဆင်ထားသည့် လူတစ်ယောက်။ စားဝိုင်းသောက်ဝိုင်းတွေကြား ဂစ်တာကို အားရပါးရတီးခတ်ကာ လည်ပင်းကျောများထောင်သည်အထိ ခိုင်ထူး၏သီချင်းကို မာန်ပါပါတီးခတ်နေသည်။ သူ့သီချင်းသံကြောင့် စားသောက်နေသူများ အနှောင့်အယှက်ဖြစ်ပုံမရ။

သူကတော့ ရန်ကုန်ညတွေရဲ့ အဓိပတိ တရုတ်တန်း(၁၉ လမ်း)ရှိ စားသောက်ဆိုင်တန်းတွေကြား ၁၉ လမ်း ခိုင်ထူးဟု လူသိများသည့် ကိုထွန်းရွှေပင်ဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအထိ ၁၉ လမ်းတွင် ညစဉ်ညတိုင်း ဂစ်တာတစ်လက်ဖြင့် စားသောက်သူများအား လာရောက်ဖျော်ဖြေသူတစ်ဦး။ အဆိုတော်ခိုင်ထူးနှင့် ရုပ်ချင်းအနည်းငယ်ဆင်တူပြီး အားနှင့်မာန်နှင့် သီချင်းဆိုလိုက်လျှင် ခိုင်ထူး၏ ဆိုဟန်ဆိုပေါက်နှင့် ခပ်ဆင်ဆင်ပင်။

ခိုင်ထူး၏ နာမည်ကြီးသီချင်းများဖြစ်သည့် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ သိလား၊ အဉ္ဇလီ အစရှိသည့်သီချင်းများကို အဆိုများသလို ကိုယ်တိုင်ကလည်း ခိုင်ထူးကို အသည်းစွဲ ကြိုက်နှစ်သက်သူတစ်ဦးဟု ၀န်ခံသည်။ ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်ကာလများဆီက မိသားစုစားဝတ်နေရေးကြောင့် တတ်ထားသည့်ဂစ်တာပညာဖြင့် အသက်မွေးမည်ဟု စဉ်းစားရင်း ၁၉ လမ်းတွင် လာရောက်ဖျော်ဖြေခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။

“ကျွန်တော်စဆိုဖြစ်တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးတာနဲ့ ဗိုလ်ချုပ်ဈေးမှာစဆိုတယ်။ ဆိုခါစကတော့ နည်းနည်းအခက်အခဲရှိတယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်”ဟု ၁၉ လမ်း ခိုင်ထူးခေါ် ကိုထွန်းရွှေကပြောသည်။

ဒီအလုပ်ကြောင့် သူ့တွင် သိမ်ငယ်စိတ်လုံးဝမရှိဟုလည်း အခိုင်အမာပြောသည်။ နေ့စဉ် ညနေ ၆ နာရီစွန်းစွန်းအချိန်များတွင် ၁၉ လမ်း၏ ညများနှင့်အတူ စီးမျောရန် ရောက်ရှိလာခဲ့ကာ ည ၁၀ နာရီကျော်ကျော်ခန့်မှ ပြန်လေ့ရှိသည်။

စားသောက်ဝိုင်းများက ဖိတ်ခေါ်လျှင် လာရောက်သီဆိုတတ်သလို သူစိတ်ပါလျှင်လည်း စားသောက်ဝိုင်း တစ်ခုခုနားတွင် ဆိုနေလေ့ရှိ၏။ ဘယ်ရွေ့ဘယ်မျှရစေဟု သဘောမထားဘဲ စေတနာကြေးဖြင့် သီဆိုတတ်သည့် သူက အသံအဆင်မပြေလျှင် အဲဒီညအတွက် ဆက်မဆိုဟု ပြောသည်။

“ပရိသတ်ကို မလိမ်ချင်ဘူး။ အသံက ဆိုလို့အဆင်မပြေတော့ရင် အဲဒီညလှည့်ပြန်သွားတာပဲ”ဟု ၎င်းကပြောသည်။ နာမည်ကြီးအဆိုတော်တစ်ဦးမဟုတ်သော်လည်း အသံကိုအားပြု၍ ၀မ်းကျောင်းနေသူတစ်ဦးဖြစ်ဖြင့် အသံနှင့်ပတ်သက်၍ ဂရုတစိုက်ထားပုံကိုလည်း “အသံပျက်စေမယ့် အရက်တို့ ဘီယာတို့ လုံးဝမသောက်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆိုးခဲ့၊ မိုက်ခဲ့တာတော့ ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ ဒါတွေ ဘာမှမလုပ်တော့ဘူး။ အစားအစာကိုလည်း ဂရုစိုက်တယ်။ အသံကို ထိခိုက်စေမယ့်ဟာကိုရှောင်တယ်”ဟု သူကပြောသည်။

ညစဉ်သီချင်းဆိုနေရသူတစ်ဦးဖြစ်သဖြင့် အသံမ၀င်စေရန် သံပရာသီးကိုလည်း တစ်နေ့လျှင် နှစ်လုံး၊ သုံးလုံးခန့် စားထားရသေးသည်။ သီချင်းစဆိုစဉ်အချိန်များက ၀ိုင်းများထံမှ စေတနာကြေးအနေဖြင့် တစ်ညလျှင် လေးရာ့ငါးဆယ် ငါးရာခန့်သာ ရရှိခဲ့သော်လည်း ယခုအခါ တစ်ညလျှင် နှစ်သောင်းခွဲ သုံးသောင်းအထိရတတ်ပြီး တစ်ခါတစ်ရံ ငါးသောင်းအထိပင် ရလေ့ရှိသည်။

သူလာဆိုနေသဖြင့် စားသောက်သူများနှင့် ဆိုင်ကို အနှောင့်အယှက်မဖြစ်ကြောင်း ၁၉ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မန်နေဂျာကပြောသည်။ သူ့အနေဖြင့် စားသောက်သူများကို အနှောင့်အယှက် ဖြစ်စေလောက်သည့်အပြုအမူမျိုး ဘယ်သောအခါမှမလုပ်ဟုဆိုသည်။

“ကျွန်တော်ဝိုင်းတစ်ဝိုင်းနားမှာဆိုရင် နှစ်ပုဒ်အများဆုံးပဲဆိုတယ်။ နောက်ပြီး ကျွန်တော်က အော်ချင်ရာအော်တာလည်းမဟုတ်တော့ စားသောက်သူတွေ အနှောင့်အယှက်မဖြစ်ပါဘူး”ဟု သူကပြောသည်။

စားသောက်ဝိုင်းများတွင် လူစုံလာရောက်လေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် နိုင်ငံခြားသုံးငွေကြေးများလည်း ရတတ်သည်ဟု သူကဆိုသည်။ ခိုင်ထူးသီချင်းများကို အဆိုများသော်လည်း တစ်ခါတစ်ရံ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်တို့၏သီချင်းများလည်း ဆိုတတ်သည်ဟုဆိုသည်။

“ပရိသတ်တောင်းဆိုရင် တောင်းဆိုသလိုပေါ့။ ဆိုပေးရတာတွေလည်း ရှိတယ်။ ကိုယ်တိုင်ကတော့ ခိုင်ထူးသီချင်းပဲ အဆိုများပါတယ်”ဟု သီချင်းများကို နုတ်စ်ဖြင့်တီးခတ်ခြင်းမဟုတ်ဘဲ အကြားဖြင့် ပြန်လည်တီးခတ်တတ်သည့် သူကဆိုသည်။

ခိုင်ထူး၊ စိုးလွင်လွင်၊ ဖိုးချိုတို့၏ သီချင်းများကို အဆိုများသူ ကြိုက်နှစ်သက်သူက ယနေ့ခေတ်ပေါ်သီချင်းများ မရဟုဆိုသည်။ သို့သော် မည်မျှပင်စိမ်းသည့်သီချင်းဖြစ်ပါစေ။ ဆယ့်ငါးမိနစ်ခန့် နားထောင်လိုက်လျှင် ပြန်တီးနိုင်သည်ဟုဆိုသည်။

“နုတ်စ်သမားမဟုတ်ပေမယ့် Earining သမားလည်း သူ့အားသာချက်နဲ့ သူပေါ့ဗျာ”ဟု (၁၃)နှစ်သားအရွယ်ကပင် ဂစ်တာတီးတတ်ခဲ့သည့် ကိုထွန်းရွှေကဆိုသည်။ ညစဉ် သီချင်းတွေနှင့်ဖျော်ဖြေနေသူက သီချင်းသီဆိုဖျော်ဖြေခွင့်မရတော့လျှင် အိမ်ဆိုင်လေးဖွင့်ကာ ဘ၀ကိုဖြတ်သန်းသွားမည်ဟု ရှေ့ရေးအတွက် သူ့အတွေးကိုပြောပြသည်။

သို့သော် ၁၉ လမ်းသည် သူ၏အသွေးအသားထဲတွင် ခိုင်မြဲစွာတွယ်ကပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိအလုပ်ကို သူတန်ဖိုးအလွန်ထားပြီး သေလျှင်ပင်လျှင် ၁၉ လမ်းတွင် သေချင်သည်ဟု သူကဆိုသည်။

“ကျွန်တော် ဒီ ၁၉ လမ်းမှာ သီချင်းဆိုရင်းနဲ့ပဲ သေသွားချင်ပါတယ်။ ရွှေမန်းတင်မောင်လိုပေါ့။ ဖျော်ဖြေနေရင်း သေသွားတာမျိုး”ဟု သူကပြောသည်။

“အသည်းရင်လှိုင်းခတ်သံ အတူဆုံချိန်အပြုံးတွေ နှုတ်ဆက်မယ်လေ တို့ဘ၀အတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ အချစ်ခွန်အား ရင်ဆိုင်ထား ....”

ညဥ့်က တဖြည်းဖြည်းရင့်လာခဲ့လေပြီ။ စားသောက်ဝိုင်းများလည်း ကျဲပါးလာခဲ့လေပြီ။ သီချင်းကိုချစ်တဲ့ ခွန်အားတွေနဲ့ ၁၉ လမ်း ခိုင်ထူးရဲ့ တေးသံသည်လည်း မကြာမီ တစ်ညတာအတွက် နှုတ်ဆက်တော့မည်ဖြစ်သည်။

“ကျွန်တော်သေရင်လည်း ၁၉ လမ်းမှာပဲ သေချင်ပါတယ်”ဆိုတဲ့ သူ့ရဲ့စကားသံကတော့ ၁၉ လမ်းကို မည်သည့်အခါမှ နှုတ်ဆက်သွားမည်မဟုတ်ဟု အသေအချာပြောဆိုနေသလိုပင်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ကြေးမုံ သတင်းစာ (၂-၆-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်း သတင်းစာ (၂-၆-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၂-၆-၂၀၁၄)

အကျယ်ချဲ့ကြည့်ရန်





နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် မောင်တောတွင် ထပ်မံဆန္ဒပြ


ကေဇူး | ကြာသာပတေးနေ့၊ ဖေဖော်ဝါရီ၊ ၆ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် နိုင်ငံသားဖြစ်မှု ဥပဒေကို အကောင်အထည် ဖော်ပေးရေးအတွက် ဖေဖော်ဝါရီ ၆ရက်တွင် ဒေသခံ ၁၀၀၀ကျော်က ထပ်မံ ဆန္ဒထုတ်ဖော်လိုက်သည်။

နိုင်ငံသားဖြစ်မှု အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်ခြင်းသည် ဖေဖော်ဝါရီ ၃ရက်က စစ်တွေတွင် ထုတ်ဖော်ပြီးနောက် ဒုတိယအကြိမ် ဖြစ်သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်၊ UNHCR နှင့် INGO များ ၇ရက်အတွင်းမောင်တောခရိုင်မှ ထွက်ခွာသွားရန်၊ ကုလသမဂ္ဂက တဖက်သတ် မှားယွင်းကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး အလေးအနက်ဆောင်ရွက်ပေးရန်၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှုကို ဥပဒေအတိုင်းအမြန်ဆုံး ဆောင်ရွက်ပေးရန် စသည့်အချက်များကို တောင်းဆိုထားသည်။

"ပဋိပက္ခတွေ ရခိုင်ပြည်နယ် အနှံ့မှာဖြစ်နေတယ် ဖြစ်လိုက်တိုင်း ကုလနဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေက ဝိုင်းဝိုင်းပြီးပြောတယ် ဒါဟာ ရိုးသားမှုမရှိဘူး လို့ယူဆတယ်။ အစိုးရအနေနဲ့ ဥပဒေကိုတိတိကျကျ မကိုင်တွယ်ရင် ပြဿနာကမပြီးနိုင်ဘူး”ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဦးစံညွှန့်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာတွင် အရပ်သားများနှင့် ရဲအမှုထမ်းတစ်ဦး သတ်ဖြတ်ခံရသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ဘက်မလိုက်သည့် အရေးပေါ်စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူး Valerie Amos က ဇန်န၀ါရီ ၂၃ရက်တွင် အရေးပေါ် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ရခိုင်ဒေသခံများကမူ ယင်းထုတ်ပြန်ချက်သည် တစ်ဖက်သတ် စွတ်စွဲခြင်းသာ ဖြစ်သည်ဟု စွပ်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“၂၀၁၅ မတိုင်ခင်တော့ ဒီနိုင်ငံသားဖြစ်ခွင့်တွေ အဖြူရောင်ကဒ်တွေကိစ္စဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်”ဟု ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်က မသီတာထွေးသေဆုံမှုနှင့် ပတ်သက်ပြီး လူမျိုးစုနှစ်စု ပဋိပက္ခဖြစ်ပွားရာမှ ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။

ပြီးခဲ့သော ဇန်န၀ါရီလအတွင်းက တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခြင်းနှင့် ဘင်္ဂလီကျေးရွာတွင်းတွင် ရွာသားများ အကြမ်းဖက်ခံရသည့် သတင်းများကြောင့် နိုင်ငံတကာက ပြန်လည်အာရုံစိုက်လာခဲ့သည်။ လက်ရှိတွင် ရခိုင်ပြည်နယ်တွင်းရှိမြို့နယ် အများစုတွင် ညမထွက်ရအမိန့် ချမှတ်ထားဆဲဖြစ်သည်။

Mizzima - News in Burmese

ဆွမ်းကွမ်းကိစ္စ မကျေနပ်၍ ကျောင်းထိုင် ဆရာတော်၏ တူမကို ရဟန်းတစ်ပါးက ဓားဖြင့်ထိုး


တောင်ငူ၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် ဆွမ်းကိစ္စ အဆင်မပြေ၍ ကျောင်းထိုင် ဆရာတော်၏ တူမဖြစ်သူကို အသက် ၃၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးက ဖေဖော်ဝါရီ ၃ ရက် ည ၁၁ နာရီခွဲတွင် ဓားမြှောင်ဖြင့် ထိုးခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် ဦးမှန်းလမ်းနှင့် ဈေးလမ်းထောင့်ရှိ နေရှင်နယ် ဘုန်းတော်ကြီးကျောင်းတွင် အထက်ပါ ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း၊ အသက် ၃၁ နှစ်၊ ဝါတော် ၂ ဝါခန့်ရှိ လူအမည် ဖိုးချမ်း (ခ) ဦးကုသလသည် ဈေးရောင်းချပြီး ပြန်လာကာ ဈေးဆိုင် ပစ္စည်းများ သိမ်းဆည်းနေသူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်မြင့်မြင့်စိုးကို ညနေပိုင်း၌ စကားပြော အဆင်မပြေ ဖြစ်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြိုးထားကာ ကျောင်းတိုက်ရှိ ဆွမ်းစားဆောင်တွင် အရိုးအသွား ၉ လက်မခွဲခန့်ရှိ စတီးဓားမြှောင်ဖြင့် လေးချက်ခန့် ဝင်ရောက် ထိုးနှက်ခဲ့ကြောင်း တောင်ငူမြို့နယ်၊ အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဆွမ်းကွမ်းကိစ္စ အဆင်မပြေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဓားနဲ့ထိုးတဲ့ ရဟန်းက ကျောင်းထိုင်ရဲ့တူမကို နဂိုကတည်းက မကျေမနပ် ဖြစ်နေတာ။ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ ကျောင်းထိုင်နဲ့ ဦးကုသလ စကားများတာကိုလည်း မြင့်မြင့်စိုးက ဘုန်းကြီးကို ပြန်မပြောဖို့ ဝင်တားတာကိုလည်း မကျေနပ်လို့ လုပ်လိုက်တာပါလို့ တရားခံက ဝန်ခံတယ်” ဟု အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်တစ်ဦးက ဆိုသည်။

ကျောင်းထိုင်ဘုန်းကြီး၏ တူမတော်စပ်သူ ဓားနှင့်အထိုးခံရသူ ဒေါ်မြင့်မြင့်စိုးသည် ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊ ကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာများဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီးသို ပို့ဆောင် ကုသထားရကာ ဒဏ်ရာအခြေအနေ စိုးရိမ်ဖွယ် မရှိကြောင်း တောင်ငူမြို့နယ် အမှတ် ၂ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ် (၄) ရပ်ကွက် ရွှေညာမြေလမ်းနေသူ၊ အခင်းဖြစ်ပွားပြီး ၂ နာရီခန့်တွင် ဓားဖြင့်ထိုးသည်ဟု တိုင်ကြားခံရသူကို တောင်ငူမြို့နယ် သံဃနာယက အဖွဲ့ထံ ပို့ဆောင် လူဝတ်လဲစေပြီး တောင်ငူမြို့နယ် အမှတ် (၂) ရဲစခန်းက (ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

The Voice Weekly

သတင်းမှားတွေ ထုတ်ပြန်တဲ့ UNနဲ့ INGO တွေ ဒေသအတွင်းက ထွက်သွားဖို့ ဘူးသီးတောင်မှာ ဆန္ဒပြတောင်းဆို


(နိရဉ္စရာ- ၆ ဇန်န၀ါရီလ ၂၀၁၄)

သတင်းမှားတွေ ထုတ်ပြန်တဲ့ အတွက် တင်းမာမူတွေ ကြီးထွားလာတာကြောင့် ဘူးသီးတောင် ဒေသခံ တစ်ထောင်ကျော်ဟာ လမ်းမတွေပေါ်ကို ထွက်ပြီး ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို ဒေသအတွင်းက (၇) အတွင်း ထွက်သွားဖို့ ဒီကနေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လယ် တစ်နာရီမှာ စတင်ခဲ့ပြီး ထောင်နဲ့ချီရှိတဲ့ ဘူးသီးတောင် ဒေသခံတွေဟာ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြကာ အဲဒီကတဆင့် ပိုစတာတွေ၊ ဆိုင်းဘုတ်တွေနဲ့ အတူ မြို့ထဲ လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးဦးသန်းလိုင်က နိရဉ္စရာကို ပြောပါတယ်။

“ ဆန္ဒပြတဲ့သူက စုစုပေါင်း တစ်ထောင်ကျော်ပါတယ်။  ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို အသီးသီး ကိုင်ဆောင်ပြီး ယူအန်နဲ့ အိုင်အန်ဂျီအိုတွေ ခုနှစ်ရက်အတွင်း မောင်တော ခရိုင်က ထွက်သွားဖို့ ဒီကနေ့ နေ့လယ်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ခုလို တောင်းဆိုရတာက ယူအန်နဲ့ အိုင်အန်အိုဂျီတွေဟာ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်မှာ ရခိုင်လူမျိုးတွေသတ်တဲ့ အတွက် မွတ်ဆလင် ဘင်္ဂလီ ကလေးနဲ့ အမျိုးသမီး ၄၀ ကျော်သေဆုံးခဲ့တယ်ဆိုပြီး မဟုတ်မမှန် သတင်းတွေ ထုတ်ပြန်တဲ့ အတွက် ဖြစ်ပါတယ်။ ခုလို ထုတ်ပြန်တဲ့ အတွက် ဒေသအတွင်း ပြဿနာတွေ ပိုပြီးတော့ တင်းမာလာခဲ့ရတယ်။ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေ ရှိနေသမျှ ဒေသအတွင်းမှာ ပြန်လည် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ယုံကြည်တဲ့ အတွက် ခုလို နိုင်ငံခြား အဖွဲ့အစည်းတွေ ထွက်သွားဖို့ တောင်းဆိုရတာပါ။”

အခုပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ သက်ဆိုင်ရာက ခွင့်ပြုချက်နဲ့ ပြုလုပ်တာ ဖြစ်တဲ့အတွက် အေးအေးချမ်းချမ်းနဲ့ဘဲ နေ့လယ်  ၁ နာရီက စတင်တဲ့  ဆန္ဒပြပွဲဟာ နေ့လယ် ၂ နာရီမှာ ပီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ အချက် (၇) ချက်ပါ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

(၁)UNHCR နှင့် INGO များ ၇ ရက်အတွင်း မောင်တောခရိုင်မှ အပြီးအပိုင်ထွက်ခွာသွားရန် (၂) ကုလသမဂ္ဂမှ တဘက်သတ် ကြေငြာချက်မှာ မှားယွင်းသဖြင့် ပြန်လည်ရုတ်သိမ်းပေးရန် (၃) ဒေသလုံခြုံ၊ အေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး (၄) ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန် ဆုံး အကောင်အထည် ဖေါ်ပေးရန်။ (၅) ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်ခံရမှု ဥပဒေအတိုင်း အမြန်ဆုံး အရေးယူရန် (၆) တိုင်းရင်းသား၊ ပြည်သူများအား ကာကွယ်ရန် (၇) ရဲတပ်ဖွဲ့အားလုံးကို အချိန်နှင့်တပြေးညီ လုပ်ပိုင်ခွင့်ပြုရန်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ ယူအန်နဲ့ အိုင်အန်ဂျီအို အလိုမရှိ။ အကြမ်းဖက်သမား အလိုမရှိ။ အေပီ၊ ဧရာဝတီ အလိုမရှိစတဲ့ ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့လည်း ဦးဦးသန်းလိုင်က ပြောဆိုသွားပါတယ်။

Narinjara

မိုးမိတ်-မန္တလေးလမ်းတွင် ရေသန့် ဖြန့်ချိရေးကားကို အဖွဲ့အစည်းတစ်ခုက ဆပ်ကြေးတောင်း


Thursday, February 6, 2014

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ AHA သောက်ရေသန့်လုပ်ငန်းက ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်သို့ သွားရောက်ကာ ဈေးကွက်ဖြန့်ချိပြီး အပြန် မိုမိတ်မြို့နှင့် ၁၃မိုင်ခန့်အကွာ အရောက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ငွေကျပ်ခြောက်သိန်း ဆပ်ကြေးအဖြစ်တောင်းခံခဲ့သဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု AHA သောက်ရေသန့် ပြင်ပဆက်ဆံရေး မန်နေဂျာ ဦးခိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

“ ဆပ်ကြေးပေးရတဲ့အချိန်မှာ ကျွန်တော်မပါပါဘူး။ ဖြန့်ချိရေးလုပ်ဖို့သွားတဲ့ လေးယောက်က ဖြစ်စဉ်နဲ့ ဆပ်ကြေးပေးခဲ့ရတယ် ပြောတဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို သွားရောက်အမှုဖွင့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကတဆင့် ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းကို သွားရောက် အမှုဖွင့်ဖို့ ပြောတဲ့အတွက် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်၊ အဲဒီရဲစခန်းကလည်း အမှုကိုလက်ခံထားပြီး အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်” PR မန်နေဂျာ ဦးခိုင်ဝင်းကပြောသည်။

ဖေဖော်ဝါရီလ ၂ရက် နံနက်က မိုမိတ်မြို့နှင့် ၁၃မိုင်ဝေးသော မိုးသောက်ကြယ်စားသောက်ဆိုင်တွင် ရေဖြန့်ချိမှုပြုလုပ်ပြီး မန္တလေးသို့ ပြန်ရန် လမ်းခရီး၌ ညအိပ်ရပ်နားခဲ့ပြီး ၃ရက်နေ့ နံနက်
ခြောက်နာရီ ဝန်းကျင်တွင် ကျယ်လောင်သော အသံတစ်ချက်ကြားခဲ့ရသည်။ ထိုအသံကြားပြီးနောက် မိုးသောက်ကြယ် စားသောက်ဆိုင်နှင့် မဝေးသောနေရာရှိ စစ်တပ်စခန်းတစ်ခု မီးလောင်နေသဖြင့် ထွက်ကြည့်ရန် ပြင်ဆင်နေချိန်တွင် အနီးရှိ တောင်ပေါ်မှ အမည်မသိ အဖွဲ့အစည်းမှ လူ၃၀ခန့် (တောင်ပေါ်တွင် အယောက်လေးဆယ်ခန့် ရှိသေးဟုခန့်မှန်း)က ဆင်းလာပြီး ဘေးဘီဝဲယာများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ ထို့နောက်ကားအနီးသို့ လာရောက်ကာ ရိက္ခာအတွက် ငွေကျပ်ခြောက်သိန်း ဆပ်ကြေးပေးရန် တောင်းသဖြင့် ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

“လူတွေကို ဒုက္ခမပေးဘူးလို့ ပြောတဲ့အတွက် ငွေကိုင်တဲ့ ကိုဇော်မျိုးထွန်းက ပိုက်ဆံပေးလိုက်ပါတယ်၊ ပိုက်ဆံ ခြောက်သိန်းယူပြီး ထွက်သွားပါတယ်။ ရွာသားတွေရော၊ ဆိုင်တွေရော ဘာမှဖျက်ဆီးခြင်း မရှိပါဘူး။ ကျွန်တော်တို့ကိုလည်း”ဟု ရေသန့်ဈေးကွက်ဖြန့်ချိရေး ကားမောင်းသည့် ကိုဇော်မိုးကပြောသည်။

ယခုကဲ့သို့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မန္တလေးအပြန်တွင် နီးစပ်ရာ စစ်တပ် စခန်းတစ်ခုသို့ အကြောင်းကြားမှု ပြုလုပ်ခဲ့ပြီး တိုက်ရိုက်ပြန်ခဲ့ကာ ဖြစ်ပွားပုံများကို ရေသန့်စက်ရုံ တာဝန်ရှိသူထံ ပြန်လည်ရှင်းပြခဲ့ပြီး အမှုဖွင့်ခြင်းကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်ဟု AHA ရေသန့်လုပ်ငန်းက မိုးမိတ်ကို ရေသန့်သွားရောက်ဖြန့်ချိသူများက မဇ္ဈိမကိုပြောသည်။

Mizzima - News in Burmese

နိုင်ငံခြားသတင်းထောက်တစ်ဦး ရွှေတိဂုံစေတီအနီး ဓားထောက်လုယက်ခံရ

ပစ္စည်းအလုခံရသည့်အမျိုးသမီးက ရှင်းပြနေစဉ် ဓာတ်ပုံ-ကျော်ဇင်သန်း

ရွှေတိဂုံစေတီမှအပြန် ဗဟန်းဈေးအနီးတွင် လမ်းလျှောက်နေသည့် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူကို စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၄ ရက် ည ၉နာရီခွဲတွင် ဒီဗီဘီသတင်းထောက် စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်သည် ၎င်း၏ ဧည့်သည်အမျိုးသမီးတစ်ဦးနှင့် အတူဗဟန်းဈေးအနီး လမ်းလျှောက်နေစဉ် စက်ဘီးစီးလူတစ်ဦးက ဓားထောက်လုယက်သောကြောင့် အိုင်ဖုန်းတစ်လုံး၊ ဖုန်းဆင်းမ်ကတ်တစ်ကတ်၊ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်၊ ဆွဲကြိုးတစ်ကုံး၊ မြန်မာငွေတစ်သိန်းနှင့် စာရွက်စာတမ်းများ လုယက်ခံရကြောင်း စကော့တလန်နိုင်ငံသူ အလက်ဇန္ဒားဖောင်ကပြောသည်။

““သူက စက်ဘီးနဲ့လာတာ။ ကျွန်မလက်ကို ဖမ်းကိုင်တယ်။ အစက သူ့ကို စိတ်မနှံ့တဲ့သူတစ်ယောက်လို့ ထင်နေတာ။ ဓားကိုထုတ်ပြီး လုယူတာပဲ။ ဓားထုတ်တော့ ကျွန်မသူငယ်ချင်းကလည်း ထွက်ပြေးသွားတယ်။ ဗဟန်းရဲစခန်းကို သွားပြီးအကြောင်းကြားထားခဲ့တယ်””ဟု အလက်ဇန္ဒားဖောင်ကပြောသည်။

အလက်ဇန္ဒားဖောင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေကို ယုံကြည်သောကြောင့် ညဘက်လမ်းလျှောက်ခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါလုယက်ခံရမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်တိုင်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။

““သူက အမှုမဖွင့်ခဲ့ပါဘူး။ အခုတော့ သူပြောပြတဲ့ပုံသဏ္ဌာန်နဲ့လူကို ဖမ်းဆီးမိဖို့ စောင့်ကြည့်နေပါတယ်။ အမှုမဖွင့်ပေမယ့် တရားခံကို မိအောင်ဖမ်းဆီးမှာပါ””ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးမြင့်လွင်စန်းကပြောသည်။

Author: ငြိမ်းချမ်း
7day Daily

လာမည့် ၁၀ နှစ်တွင် မြေအောက်ရထားနှင့် ကောင်းကင်ရထား ပြေးဆွဲမည်


ကာလလတ် စီမံကိန်းအဖြစ် လာမယ့် ၂၀၂၅ ခုနှစ်လောက်ရောက်ရင် ရန်ကုန်မှာ မြေအောက်ရထားနဲ့ ကောင်းကင်ရထား ပြေးဆွဲနိုင်အောင် အကောင်အထည်ဖော်မယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်း ဆွေးနွေးစဉ် သူက ခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရထားလမ်းပိုင်းတွေဟာ ၁၀ ကီလိုမီတာကျော် ရှည်လျားမှာ ဖြစ်ပြီး စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောက်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)တို့ ပူးပေါင်း ရေးဆွဲတာလို့ သူက ရှင်းပြပါတယ်။

လောလောဆယ် ရထားပို့ဆောင်ရေးဝန်ကြီးဌာနဟာ ဆိုးရွားနေတဲ့ ရန်ကုန် – မန္တလေး လမ်းပိုင်း ပြုပြင်ဖို့အတွက် ဂျပန်နိုင်ငံက အိုဒီအေချေးငွေ အကူအညီ ရယူထားပြီးလည်း ဖြစ်ပါ တယ်။

DVB Burmese

မြန်မာ့အဖိုးတန်ဝါးများကို စနစ်တကျပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်ပါက မကြာမီပျောက်ကွယ်နိုင်


Thursday, February 6, 2014

စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းသည် သစ်တော၊ ဝါးတောများ ပေါများရာဒေသဖြစ်ရာ သစ်ခုတ်သူ၊ ဝါးခုတ်သူများအနေဖြင့် အသက် မွေးဝမ်းကျောင်းပြုရာအလုပ်အကိုင် တစ်ခုလည်း ဖြစ်သည်။

သို့သော် လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုမပြုနိုင်လျှင်
တောတောင် များမကြာမီ ပျောက်ကွယ်သွားနိုင် ကြောင်း သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူတစ်ဦးက ပြောသည်။

သစ်တွေကိုတော့ ဒေသခံတွေ ခုတ်တာနည်းပါတယ်။ မခုတ်ဖူး လို့တော့ မပြောပါဘူး။ ဒါပေမယ့် ကုမ္ပဏီတွေခုတ်တာက တစ်ရက် ကို တန်ပေါင်းများစွာခုတ်နေတာပါ။ ဟိုအရင်တုန်းကဆို ဒီတောထဲမှာ လူနှစ်ယောက်ဖက်သစ်ပင်တွေ ဆိုရင် ရေတွက်လို့တောင် မကုန် နိုင်ပါဘူး။ ခုတော့ ဒီလိုသစ်ပင်မျိုး မရှိသလောက်ရှားသွားပါပြီ။ ဝါး တွေဆိုလဲ တစ်ရက်တစ်ရက်ကို ကားနဲ့တိုက်နေကြတာမနည်းမနော ပါပဲ။ နောက်ပြီး ချင်းတွင်းမြစ် အတိုင်းဝါးဖောင်တွေဖွဲ့ပြီး အောက် ပိုင်းဒေသတွေကို ပို့ပေးနေကြတာ ဝါးဖောင်တစ်ဖောင်ကို ဝါးလုံးရေ သိန်းဂဏန်း
ပတ်ဝန်းကျင်မှာ ရှိပါ တယ်''ဟု ကလေးဒေသခံတစ်ဦး ကပြောသည်။

ကမ္ဘာ့ပညာရှင် ကြီးများက ဝါးနှင့်ပတ်သက်၍ ဝါးမျိုးစိတ်ပေါင်း
တစ်ထောင်ကျော် ရှိသည်ဟု မှတ်တမ်းတင်ထားကြ သည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးပေါင်း ၁ဝဝကျော်ရှိပြီး မျိုးကွဲ ၁၈မျိုးရှိ သည်။ ထိုသို့တန်ဖိုးရှိလှသော ဝါး များကို ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ် နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများ က ပြောကြသည်။

The Union Daily

UNITY ဂျာနယ်ဝိုင်းတော်သား ၅ ဦးကို ဖမ်းဆီးထားတဲ့ ကိစ္စ အစိုးရ ရှင်းလင်း


ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့်ထုတ်ဝေသော Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ (ဓာတ်ပုံ- ဧရာဝတီ)

UNITY အပတ်စဉ် ဂျာနယ်ပါ လျှို့ဝှက် ဓာတုလက်နက် စက်ရုံဆောင်းပါးကြောင့် ဖမ်းဆီးထိမ်းသိမ်း အရေး ယူ မှု နဲ့ ပတ်သက်ပြီး မြန်မာ့အသံက ထုတ်ပြန်ကြေညာမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌာန က ဖော်ပြချက် ကို
ဖေဖော်ဝါရီလ ၅ ရက်နေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။

Unity စာစောင်ပါ လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါးကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်ကြေညာ အသိပေးပါတယ်။

ဇန်နဝါရီ ၂၅ ရက်ထုတ် Unity စာစောင် အတွဲ (၃)၊ အမှတ် (၄) တွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်း နှင့်တစ်ကွ ဖော်ပြထုတ်ဝေခဲ့ သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် သတင်းရေးသားပေးပို့သူနှင့် ဂျာနယ် တိုက်တာဝန်ရှိသူအား စုံစမ်းအရေးယူပေးရန် ဇန်နဝါရီ ၃၀ ရက်တွင် သက်ဆိုင်ရာဌာန က ပေါက်မြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ) ၈/၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(က) /၉ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ယင်းဥပဒေပုဒ်မ ၃ (၁)(က) /၉ဖြင့် အရေးယူဆောင်ရွက်နိုင် ရန် Unity ဂျာနယ်မှ ဦးတင်ဆန်းပါ ၅ ဦး အား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ ပထမသတင်းပေးတိုင်ချက်ရေး ဖွင့်ခြင်းသည် မြန်မာနိုင်ငံ လျို့ဝှက်အက်ဥပဒေ ပုဒ်မ ၁၂ အရ ရဲအရေးပိုင်မှုဖြစ်ကြောင်း ပြဌာန်းထားသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ နှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ နှင့်အညီ အမှုစစ်အရာရှိက သက်သေ များအား စစ်ဆေးကာ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံး ဥပဒေပုဒ်မ ၅၄ အရ ပြစ်မှုတွင် စပ်ဆိုင် ပါဝင်ကြောင်း မသင်္ကာဖွယ်ရာဖြစ်သူ Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းပါ ၅ ဦး အား ဖေဖော်ဝါရီ ၁ ရက် တွင် ခေါ်ယူထိန်းသိမ်း စစ်မေးခဲခြင်းဖြစ်သည်။

ထိန်းသိမ်းထားသူများမှာ ပေါက်မြို့နေ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး(ခ) လူမော်၊ ၂၄ နှစ်၊ ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်နေ ဦးတင်ဆန်း ၅၂ နှစ်၊ ဖျာပုံမြို့နေ ဦးစည်သူစိုး ၂၂ နှစ်၊ လှိုင်သာယာမြို့နယ်နေ ဦးသဲရာဇာဦး(ခ) ရာဇာဦး(ခ) ကိုသဲ ၂၈ နှစ်နှင့် မြောက်ဥက္ကလာပမြို့နယ် နေ ဦးအောင်သူရ (ခ) ပိုင်သက်ကျော် ၂၅ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ဖမ်းဆီးရာတွင် ၂၄ နာရီထက် ကျော်လွန်ချုပ်ထားခြင်းမရှိ ဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၇ အရ ဦးတင်ဆန်းပါ ၄ ဦးအား ပုဇွန်တောင်မြို့နယ် တရားရုံးသို့ တင်ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက် အထိ ချုပ်ရီမန် တောင်းခံထားကြောင်း၊ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး (ခ) လူမော်အား ပေါက်မြို့ နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ချုပ်ရီမန်တောင်းခံထားကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင်ပေါက်မြို့နေ ဦးလူမော်နိုင် ၏ ဇနီး မလွင်လွင်မြင့် ၃၈ နှစ်အား အမှုဖြင့် ထပ်မံထိန်းသိမ်းမေးမြန်း ပြီး ပခုက္ကူမြို့နယ် တရားသူကြီး ဒေါ်ဆွေဆွေဝင်းမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ အာမခံ ပေး ခဲ့သည်။

အမှုအားစစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ မိသားစုများကို ဥပဒေနှင့် အညီ တွေ့ဆုံ ခွင့်ပြုထားကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


အိမ့်သံစဉ် ~
Irrawaddy

၉ ကြိမ်မြောက် ဆိုင်ကယ်လိုင်စင် လုပ်ပေးမည်


ပြည်တွင်းကို ရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ အခွန်ကောက်ခံပြီး မှတ်ပုံတင်လုပ်ပေးမယ်လို့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာ၀တီတုိင်း ဟသင်္တာြမို့တွင် လုိင်စင်လာလုပ်သည့် ဆုိင်ကယ်များအဖဲြ႔ေပါင္းစံု စုပေါင်းပြီး One Stop Services ပုံစံ လုပ်ပေးမှာ ဖြစ်ပြီး သတ်မှတ်ကာလ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးရမယ်။ ကျန် မှတ်ပုံတင်နဲ့ အထွေထွေကုန်ကျစရိတ် ကျပ် ၂ သောင်းကျော်ကျသင့်မယ်ဆိုပြီး ဖော်ပြထားပါတယ်။

အစိုးရဟာ ပြည်တွင်းရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၃ သန်းနီးပါးကို ၈ ကြိမ် လိုင်စင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

DVB Burmese

တယ်လီနောက စက်တင်ဘာတွင် ဆင်းကတ် သန်း ၃၀ စရောင်းပေးမည်


လာမယ့် ၂၀၁၄ စက်တင်ဘာဝန်းကျင်လောက် ရောက်ရင် မိုဘိုင်းဖုန်း ဆင်းကတ်ပေါင်း သန်း ၃၀ ကျော် စ ရောင်းပေးမယ်လို့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်လက်မှတ်ထိုးခဲ့ပြီ ဖြစ်တဲ့ တယ်လီနောဂရုဖ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ အာရှဒေသအကြီးအကဲ မစ္စတာ ဆစ်ဂ် ဘရစ်ကီး (Mr. Sigve Brekke) က သတင်းထောက်တွေကို ပြောပါတယ်။

cardဆင်းကတ်တွေကို စပြီး ရောင်းပေးပေးမှာဖြစ်သလို အင်တာနက်ပါ သုံးလို့ ရအောင် ဆောင်ရွက်ပေးမယ်လို့လည်း သူက ဆိုပါတယ်။

အင်တာ နက် မြန်နှုန်းမြင့်အောင် ဆောင်ရွက်ပေး မှာ ဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံပိုင် ဆက်သွယ်ရေးဌာနဆီက ငှားရမ်းသုံးစွဲမယ်၊ နောက်ပိုင်း စာချုပ်ပါ ခွင့်ပြုချက်အတိုင်း ကိုယ်ပိုင် International Gateway တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

တယ်လီနော မြန်မာဟာ လာမယ့် ၅ နှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

DVB Burmese

ကမ္ဘာ့ သက်တမ်းအတိုဆုံး အိမ်ထောင်သက်တမ်းကို ယူအေအီးက စံချိန်တင်


ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ဖြစ်ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တစ်မိနစ်မကြာပဲ ကွာရှင်းခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သူရဲ့ ဖခင်ဟာ သမီးလေး အိမ်ထောင်ပြုပြီးမှ အလုပ်ရာထူး တစ်ခု ပေးမယ်လို့ ဆိုထားတာကြောင့် သူ့အတွက် မိတ်ဆွေအမျိုးသားက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး တရားရုံးမှာ မင်္ဂလာဆောင် လက်မှတ်ထိုးပါ တယ်။ ပြီးတော့ ချက်ချင်းပဲ ရုံးဘေးက တရားရုံးမှာ ကွာရှင်း လက်မှတ် အတူထိုးကြ ပါတယ်။ ယင်းအတွက် ကြာမှာ ကြာသွားချိန်က တစ် မိနစ်တောင် မပြည့်ပါဘူး။ စက္ကန့်ပိုင်းသာ ကြာပြီး လက်ထက် စာချုပ်က မင်တောင် မခြောက်သေးတဲ့အချိန်မှာ ကွာရှင်းစာချုပ် ပေါ် လက်မှတ် ထိုးခဲ့ ကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယူအေအီးက ယင်း ဇနီးမောင်နှံရဲ့ အိမ်ထောင်ဟာ ကမ္ဘာ့ သက်တမ်း အတိုဆုံး အိမ်ထောင်အဖြစ် ဂင်းနစ် စံချိန် တင်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: emirate
အောင်ခမ်း ( International news for myanmar )

ဖေ့စ်ဘွတ်ခ်မှာသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့  လုပ်ဆောင်ဖို့နဲ့ ရှောင်ကြဉ်ဖို့လိုတဲ့အချက်များ


အွန်လိုင်းလောကနဲ့ အပြင်လောကမှာကွာဟချက်တွေအများကြီးရှိပါတယ်။ အွန်လိုင်းကနေတစ်ဆင့်မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ပြီးအပြင်မှာတွေ့ကြဆုံကြတာတွေ...
လဲပိုပြီးခေတ်စားလာပါတယ်။ ဒီလိုနဲ့ပဲ အရင်းနီးဆုံးသူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။ ကျောင်း၊အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့တကယ်ရင်းနီးနေတဲ့သူငယ်ချင်း ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုးဒီ ၁၂ ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ် နက်ဝေါ့ခ်တွေထဲမှာလူကြီး၊ လူငယ်တွေကြားမှာရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။

၁) ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Pictureတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။ ဒါမှ သူ့တို့ကိုယ်သူတို့  ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ ကိုယ်ကအမြဲရပ်တည်ပေးနေတာ သူတို့ပိုသိလာနိုင်ပါတယ်။

၂) ဘယ်လောက်ပဲဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ မလုပ်ပါနဲ့ ။ အားလုံးအတွက် အရှက်ရစေပါတယ်။

၃) မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့ ။ ဒါမှ ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်ကဖိတ်ကြားတာတွေရှိရင်လည်း သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကိုရနိုင်မှာပါ။

၎) သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကားပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း
မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကားပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။

၅) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံတွေက like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ခေတ်နောက်ကျပြီး ကသိကအောက်ဖြစ်စေတဲ့ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

၆) သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကိုတိုက်ရိုက်အကြောင်းကြားပေးပါ။ ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ်မခံရအောင် သတိထားသွားနိုင်မှာပါ။

(၇) In Relationship ကနေ Single လို့ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်စပ်စုတာတွေမလုပ်ပါနဲ့ ။ အကြောင်းစုံကိုပြောပြချင်တဲ့သူတွေကတော့ ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ပြီးပြောပြမှာပါပဲ။

၈) ကိုယ်နဲ့မသိမရင်းနီးတဲ့သူတွေကို Poke မလုပ်ပါနဲ့ ။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲ မလိုအပ်ရင် Poke မလုပ်ပါနဲ့။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

၉) မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့ ။ သူစိမ်းတွေက အန္တရာယ်များပါတယ်။

၁၀) ကိုယ့် Profile Picture တို့  cover pictureတို့မှာ သူငယ်ချင်းတွေပါပါနေရင် ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ပုံကို မတင်ပါနဲ့ ။အားလုံးကြည့်ကောင်းတဲ့ပုံမျိုးကို တင်ပါ ။

၁၁)သူငယ်ချင်းတွေ အရှက်ရစေမယ့် အကြောင်းအရာတွေကိုသူငယ်ချင်းတွေရဲ့  ဖေ့စ်ဘွတ်ခ် ဝေါလ်မှာ မရေးမိပါစေနဲ့ ။

၁၂) သူငယ်ချင်းတွေကအခက်တွေ့နေချိန်မှာဒါမှမဟုတ် အကူအညီလိုနေချိန်မှာ ကိုယ့်ကို အရေးတကြီးဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့ခ်ျလှန်းပို့နေရင်လဲ စာချက်ချင်းပြန်ပါ။ အားငယ်သူကို ကူညီဖေးမတာက သူငယ်ချင်းသံယောဇဉ်တွေကို ပိုခိုင်မာစေနိုင်ပါတယ်။

Ref:Mashable
By Trend Myanmar

မြန်မာလူငယ်တွေ ပေါ်ပင်မလုပ်ပါနဲ့



ဒီဆောင်းပါးရေးမယ် ရေးမယ်နဲ့ ခုမှပဲ ရေးဖြစ်တော့မယ်။ မြန်မာလူငယ်တွေ ကို ခပ်နာနာလေး ပြောပြီး ဆုံးမမယ့် ဆောင်းပါး ဖြစ်နေတော့ သေချာလည်း စဉ်းစားခဲ့ရတာပါ။ ခု ရေးပါမယ်။ မညာတမ်း၊ အားမနာတမ်း ပြောရ ရင် မြန်မာ လူယ်အချို့ဟာ ပေါ်ပင် အရမ်းကြိုက်တယ်။ ခေတ်သုံး ဘမ်းစကားနဲ့ ပြောတာပါ။ ဆိုလိုရင်းက မြန်မာလူငယ် အချို့ တွေ အရမ်း နာမည်ကြီးချင်ကြတယ်။ အလွယ်လန်းကို လိုက်တယ်။ အပျော်မက်တယ်။

"ဒီတော့ အနီးစပ်ဆုံး ကြည့်လိုက်တဲ့အခါမှာ အလွယ်လန်းလိုက်ပြီး အပျော်လည်းမက်ရ၊ နာမည်လည်း ကြီးလို့ ရတဲ့ အကောင်းဆုံး လျှောက် လမ်း တစ်ခုက အနုပညာ လမ်းကြောင်း ဖြစ်နေပါတယ်။"

ခုနေ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မိတ်ဆွေ ၇ ယောက်ရှိရင် အနည်းဆုံး ၁ ယောက်လောက်က အနုပညာနဲ့ ဆက်စပ်တဲ့ အလုပ်လုပ်နေပါတယ်။ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် အနုပညာနဲ့ တစ်နည်းမဟုတ် တစ်နည်းဆက်စပ်ပြီး မော်ဒယ်လိုလုပ်၊ သရုပ်ဆောင်လို လို၊ အဆိုတော်လိုလို၊ ဂီတ သမားလိုလို၊ ဓာတ်ပုံ သမား လိုလို အရမ်းများပါတယ်။ အဲ့လို များလို့ အပြစ်ပြောတာ မဟုတ်ပါဘူးနော်။ ဒါတွေ ဟာလည်း တိုင်းပြည်မှာ လိုအပ်နေတဲ့ အရာတွေပါပဲ။

အမေရိကန်မှာ ဟောလိဝုဒ်ကို မြို့သီးသန့်ခွဲလိုက် အကြောင်းအရင်း ရှိပါတယ်။ ဒါကတော့ အနုပညာ အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအလေ့အထနဲ့ သာမန်လူ အသိုင်းအဝိုင်းက ယဉ်ကျေးမှု အလေ့အထိ ဆီးကူးသွားမှာ စိုးလို့ ဖြစ်ပါတယ်။ ဟောလိဝုဒ်က အနုပညာသယ်တွေ သူတို့မြို့ထဲ မှာ ဖြစ်သလိုနေ၊ ဖြစ်သလို သွားလို့ ဂရုစိုက်မယ့်သူ မရှိပါဘူး။ သို့ပေမယ့် အခြားမြို့တစ်ခုခုကို ထွက်လိုက်ရင် အနည်းနဲ့ အများ လူ ဂရုစိုက်ခံရပြီး မီဒီယာ ကင်မရာ လက်ချက်ကနေလည်း မလွတ်ပါ။ ဒါကြောင့်ပဲ ဥာဏ်ပညာအမြော်အမြင်ကြီးတဲ့ အမေရိကန် အစိုးရ များက အနုပညာ လုပ်ငန်းများကို သီးသန့်လုပ်ကိုင်ပြီး တိုင်းပြည်အတွက် အထောက် အကူ ပြုဖို့ မြို့တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အိုင်တီလုပ်ငန်းနဲ့ ပက်သက်ရင် ဆီလီကွန် တောင်ကြားမှာ စုဝေးစေ သလို၊ လောင်းကစား လုပ်ငန်းအတွက် လက်စ်ဗီးကပ်မှာ စုဝေးစေပါတယ်။ စတော့ရှယ်ယာ အတွက် Wall Street မှာ စုဝေးစေပြီး နိုင်ငံ အစိုးရ ရုံး စိုက်ဖို့အတွက် ဝါရှင်တန်ကို ရွေးချယ်ပါတယ်။ အာကာသနဲ့ သဘာဝ သုတေသန လုပ်ငန်းအတွက် အရီဇိုးနား မှာ ရုံးစိုက်စေပါတယ်။ စိုက်ပျိုးရေးအတွက် တက္ကဆက်နဲ့ ဗာဂျီနီးယား၊ မော်တော်ယာဉ် စက်မှု လုပ်ငန်း အတွက် မစ်ချီးဂန်း အစရှိသဖြင့် ကွဲပါတယ်။

ဒီလိုခွဲတယ်ဆိုတာ ခွဲချင်တိုင်း ခွဲတာ မဟုတ်ပါဘူး။ ကဏ္ဍတွေ ရောစပ် ပူးကပ်သွားမှာစိုးလို့ ဖြစ်ပါတယ်။ အနုပညာ လုပ်ချင်သူများအတွက် တစ်နေရာ၊ စီးပွားရေးအတွက် တစ်နေရာ၊ စိုက်ပျိုးရေးအတွက် တစ်နေရာ၊ အိုင်တီ အတွက် တစ်နေရာ အစရှိသဖြင့် သေချာ ခွဲထားပါတယ်။

လက်ရှိ ရန်ကုန်မြို့ကြီးကတော့ အားလုံး ပေါင်းစုံပါတယ်။ အိုင်တီလုပ်ငန်း များ စုဝေးပါတယ်။ အနုပညာလုပ်ငန်းများ စုဝေးပါတယ်။ ပျော်စရာ စုဝေးပါတယ်။ စီးပွားရေး လုပ်ငန်း စုဝေးပါတယ်။ အစိုးရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေကိုတော့ နေပြည်တော်ကို ပြောင်းလိုက်ပါပြီ။ ကျန်တာ အများစုကတော့ ရန်ကုန်ဟာပဲ အဓိက အချက်ချာ ကျတဲ့ နေရာ တစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီတော့ ရန်ကုန်မှာ နေထိုင်၊ ကြီးပြင်းလာတဲ့ ကလေးများ၊ လူငယ်များဟာ သူတို့ ပတ်ဝန်းကျင်မှာ လူတန်းစား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လုပ်ငန်းပေါင်း စုံကို မြင်တွေ့ရပါတယ်။ မြင်တွေ့ရမှုအထဲမှာ သူတို့ ဥာဏ်အမှီလွယ်ဆုံး၊ အလွယ်တကူ အသွားနိုင်ဆုံးက အနုပညာလုပ်ငန်း ဖြစ်လို့နေပါတယ်။ သီချင်းဆိုပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲ၊ ဓာတ်ပုံ ပြိုင်ပွဲ၊ သရုပ်ဆောင် ပြိုင်ပွဲ အစရှိသဖြင့် စာရွက်စာတမ်း ပညာရေး အထောက်အကူ ပြုစရာ သိပ်မ်လိုတဲ့ လမ်းကို လွယ်တကူ ရွေးတတ်ကြ ပါတယ်။ ဝင်ရတာ လွယ်ကူတာကြောင့်တင် မကပဲ လူတကာ ဂရုစိုက်ခံချင်စိတ်၊ လူတကာ အထင်ကြီးလေးစား၊ အချစ်ခံချင်စိတ်က ပိုပြီးတော့ ကြီးထွားလာပါတယ်။

နဂိုကတည်းက ပညာရေး စနစ် လိုအပ်ချက်ရှိနေသေးတဲ့ မြန်မာပြည်မှာ အထင်ကြီးခံချင်ကြ၊ အလေးစားခံချင်ကြ၊ ဂရုစိုက်ခံချင်ကြ တဲ့ လူငယ်တွေက အနုပညာ လုပ်ငန်းကို လွယ်တကူ ရွေးချယ်လိုက်ကြ ပါတယ်။ ဒီလိုရွေးလို့ အပြစ်မဆိုလိုပါဘူး။ ရွေးချယ်မှုထဲမှာ အမှန်တကယ် ထိုးဖောက် အောင်မြင်သွားသူ များလည်း လက်ချိုးရေမရအောင် အတော်လေးများပါတယ်။ ဒီ အနုပညာအလုပ်က လွယ်လည်း မလွယ်ပါဘူး။ ဝင်ရတာ လွယ်ပေမယ့် ရပ်တည်ဖို့ လွယ်ပေမယ့် အောင်မြင်ဖို့ ခက်ခဲတဲ့ လမ်း ဖြစ်ပါတယ်။

ဒါနဲ့ပဲ အောင်မြင်ဖို့အတွက် တစ်နည်းမဟုတ် တစ်နည်းကြိုးပမ်းကြ၊ ရုန်းကန်ကြ၊ ကြိုးစားကြရင်းနဲ့ အသက်တွေ ကြီးလာပြီး တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ဟာ အတော်လေး ကျဆင်းသွားရ ပါတယ်။
"ဒီတော့ မိမိ အကြားအမြင် ဗဟုသုတနဲ့ ပက်သက်ပြီးတော့ များစွာ လေ့လာသင်ယူဖို့ လိုသလို၊ ပေါ်ပင် နာမည်ကြီးချင်စိတ်၊ အထင်ကြီးခံချင်စိတ်၊ အောင်မြင်စိတ်တွေကိုလည်း သေချာသုံးသပ်ရပါမယ်။ ဒါတွေကို ဖျက်ရမယ်။ ဖျောက်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီအရာတွေ ရရှိဖို့အတွက် အနုပညာနဲ့ မဟုတ်ပဲ အခြား ဘယ်နည်းလမ်းနဲ့ ငါကြိုးစားနိုင်သေးသလဲ ဆိုတာကို သုံးသပ်စေဖို့ ဖြစ်ပါတယ်။"

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ဆိုတာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ဖွံ့ဖြိုးဖို့လိုအပ် ပါတယ်။ ဒီတော့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှာ ထူးချွန်ထက်မြတ်တဲ့ လူ့စွမ်းအား အရင်းအမြစ် များ ရှိဖို့ လိုအပ် ပါတယ်။ အိမ်တစ်အိမ်ကို သံချောင်းတွေချည်းနဲ့ ဆောက်လို့မရသလို၊ အုတ်ချည်းသက်သက်နဲ့ လည်း ဆောက်လို့ မရပါဘူး။ အုတ်နဲ့ သံချောင်း အချိုးကျပြီး အခြား လိုအပ်တဲ့ အဆာပလာ စုံလင်ပါမှ အိမ်ကောင်းကောင်း တစ်လုံး ထွက်လာစေတာ ဖြစ်ပါတယ်။ အလားတူပါပဲ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကဏ္ဍပေါင်းစုံက လူငယ်များ အချိုးကျ ပါဝင်ဖို့ လိုတယ်ဆိုတာကို တိုက်တွန်းအကြံပြုရင်း စေတနာထား ရေးသား လိုက်ရ ပါတယ်။


အောင်ခမ်း ( ရိုးရာလေး )

ရှင်သူနှင့်သေသူများ


ရေးသားသူ- ရဲမိုး

နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိပါသည်။ တစ်မျိုးကတော့ သမိုင်း၏ဆယ်စုနှစ်၊ ရာစုနှစ်များစွာကို ဖြတ်သန်းပြီး ဘယ်တော့မှမသေဆုံးသူ Immortal များဖြစ်ပြီး နောက်တစ်မျိုးကတော့ မရဏကိုမလွန်ဆန်နိုင်သည့် လူသားများအဖြစ် သေခြင်းတရား၏ ခေါ်ဆောင်ရာကို လိုက်ပါသွားကြသူများဖြစ်သည်။

ဘယ်တော့မှမသေဆုံးသည့် ထာဝရရှင်သန်မှု (Immortality)ကို ရရှိသွားသူများကတော့ သူတို့၏သတ္တိ၊ ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် သဘောထားကြီးမှုကို ရင်းနှီးပြီး သမိုင်း၏ရှင်သန်မှုကို ပိုင်ဆိုင်သွားခဲ့ကြသည်။

မရဏကိုမလွန်ဆန်နိုင်သူများကတော့ အချိန်တန်သည့်အခါ သင်္ခါရတရားအရ လူ့လောကကိုနှုတ်ဆက်စွန့်ခွာသွားကြသည်။ တဖြည်းဖြည်းနှင့် သမိုင်းစာမျက်နှာများအကြားမှာ သူတို့နာမည်များ မှေးမှိန်ပျောက်ကွယ်သွားကြရသည်။ ပြောရလျှင်တော့ ကမ္ဘာ့သမိုင်း၏ နိုင်ငံရေးသမားအများစုက ဒီအစုမှာ ပါပါလိမ့်မည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ နယ်လ်ဆင်မန်ဒဲလား မသေဆုံးခဲ့ပါ။

“သတ္တိရှိတဲ့လူဟာ ငြိမ်းချမ်းရေးရဖို့အတွက် ခွင့်လွှတ်ပေးရမှာကို ဘယ်တော့မှမကြောက်ဘူး”ဟုဆိုသည့် နယ်လ်ဆင်မန်ဒဲလားက မသေဆေး(Immortality)ကို ရရှိသွားခဲ့သူဖြစ်သည်။ သူ၏ယဉ်ကျေးသည့်ဘာသာစကား၊ သဘောထားကြီးသည့် စိတ်ဓာတ်နှင့် ပြည်သူအများအတွက် အနစ်နာခံမှုက လူသားရာဇ၀င်၏ ကျောက်သားမှာ ထွင်းထုခံထားရပြီဖြစ်သည်။ ၂၇ နှစ်တိတိ အကျဉ်းထောင်ထဲမှာနေခဲ့ရသူ၏ ယဉ်ကျေးဖော်ရွေသည့်အပြုံးက ကမ္ဘာမြေသားကို ထုတ်ချင်းပေါက်သွားစေခဲ့သည်။ မန်ဒဲလား မသေဆုံးပါ။ သူ့အသက် (၉၈)နှစ်ရှိပါပြီ။

၁၈၀၉ ခုနှစ်၊ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ အေဘရာဟင်လင်ကွန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် သူ မသေဆုံးခဲ့ပါ။ သူ အခုထိ အသက်ရှင်ရပ်တည်နေဆဲ။ အမေရိကန်ပြည်ထောင်စုမှာ သူရှိနေဆဲပါ။

“ကျွန်တော် ရန်သူတွေကို ချေမှုန်းတဲ့နည်းလမ်းကတော့ သူတို့ကိုမိတ်ဆွေပြုလိုက်တာပါပဲ”ဟု သူဆိုခဲ့သည်။ လင်ကွန်း၏ စိတ်ရှည်မှု၊ သည်းခံမှုနှင့် သဘောထားကြီးမှုက သူ၏ခေတ်ပြိုင်နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များကို တုန်လှုပ်စေခဲ့သည်။ လင်ကွန်းမသေပါ။ သူ့အသက် (၂၁၅)နှစ်ရှိပါပြီ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့အတွင်းဝန်ရုံးမှာ ဦးအောင်ဆန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် ဦးအောင်ဆန်း မသေဆုံးခဲ့ပါ။ ကျွန်တော်တို့နှင့်အတူ ဦးအောင်ဆန်း ရှိနေပါသည်။ နေ့တိုင်း ကျွန်တော်တို့ကို သူလမ်းပြနေသည်။ ကျွန်တော်တို့ သူနှင့် နေ့တိုင်းစကားပြောနေရသည်။

“တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုကြည့်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဟု ပြောခဲ့သည့် ဦးအောင်ဆန်းက သူ၏အနစ်နာခံမှု၊ ငွေကြေးစီးပွားမတပ်မက်မှု၊ တစ်ဘ၀လုံးကို ပြည်သူ့အကျိုးအတွက် မြှုပ်နှံထားမှုနှင့် အာရှတိုက်၏ ထင်ရှားသောခေါင်းဆောင်တစ်ယောက်အဖြစ် (Immortality)ကို ရရှိသွားခဲ့သည်။ သူ့အသက် (၉၉)နှစ်ရှိပါပြီ။

မန်ဒဲလား၊ လင်ကွန်းနှင့် ဦးအောင်ဆန်းတို့လိုမဟုတ်သူ နိုင်ငံရေးသမားများကတော့ လူ့သက်တမ်းကုန်ဆုံးသည့်အခါ မရဏတရားနောက်ကို လိုက်ပါသွားကြသူ အများစုကြီးဖြစ်ပါသည်။ သူတို့ကိုတော့ သက်တမ်းကုန်ဆုံးလျှင် သေဆုံးသွားကြသူများ Mortals ဟု ခေါ်ရမည်။

သေဆုံးသူ Mortals များအကြားမှာ ထူးခြားသည့် နောက်အစုအဖွဲ့တစ်ခုရှိသည်။ သူတို့ကတော့ လူ့သက်တမ်းမကုန်ဆုံးမီမှာပင် နာမည်သေဆုံးသွားကြရသူများဖြစ်သည်။ ပြည်သူအများစုက သူတို့၏အမည်များကို သမိုင်းစာမျက်နှာများပေါ်မှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းခံလိုက်ရသူများဖြစ်သည်။ “ကြိုတင်သေဆုံးသွားကြသူများ”ဟု ခေါ်ကြရမည်လား။

အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများခင်ဗျာ - ထာဝရရှင်သန်မှု Immortality ကို ၀ယ်ယူ၍ရပါသည်။ သင်တို့၏ပြည်သူလူထုအပေါ် ယဉ်ကျေးမှု၊ အနစ်နာခံမှုနှင့် သဘောထားကြီးမှုများဖြင့် ၀ယ်ယူနိုင်ပါသည်။ City Mart ကို မသွားပါနှင့်၊ သူတို့ရောင်းချနိုင်သည့် ကုန်ပစ္စည်းမဟုတ်ပါ။ ပြည်သူလူထုဆီကသာ ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ အချိန်မီမ၀ယ်ယူလျှင်တော့ “ကြိုတင်သေဆုံးသူများ” စာရင်းတွင် ပါသွားနိုင်ကြောင်း သတိပေးချင်ပါသည်။

ပြီးခဲ့သည့်ရက်များအတွင်းကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ ကျေးရွာတစ်ရွာမှာ ၀န်ကြီးတစ်ဦး သေဆုံးခဲ့ပါသည်။ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းပါသည်။ ကောင်းရာသုဂတိလားပါစေ။ ငြိမ်းချမ်းစွာအိပ်စက်ပါတော့။ ။
7Day News Journal

ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်



နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

“လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမည်ဟု ၎င်းကဆိုသည်။
“တယ်လီနောကပေးမယ့် ဝန်ဆောင်မှုတွေမှာက ရွေးချယ်စရာမျိုးစုံ ရှိပါလိမ့်မယ်။ လူတိုင်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရပါလိမ့်မယ်။ နာရီပိုင်း သုံးချင်တဲ့သူက နာရီပိုင်းပဲ ဝယ်သုံးရမယ်။ Data သုံးချင်တဲ့သူကို Data နဲ့သတ်မှတ် ကောက်ခံမယ်။ မိနစ်နဲ့ ကောက်စေချင်သူကို မိနစ်နဲ့ ကောက်ခံမယ်” ဟု Petter Furberg ကဆိုသည်။

အင်တာနက် အမြန်နှုန်း ကောင်းမွန်စေမည်ဟု လုံးဝ ကတိပေးကြောင်း သုံးစွဲသူအပေါ် မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်တာနက်က ဒီရက်ပိုင်းမှာ ပိုပိုဆိုးလာသလိုပဲ။ ဘယ်လိုမှ အဆင်ပြေပြေကို သုံးမရတာ။ သူတို့မြန်မြန်စမှပဲ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာ တွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ ရှိသည်။

The Voice Weekly

ဒဿနိကဗေဒ


----------------------------------------------------------------
၂) ဗုဒ္ဓဘာသာဟာ ဒဿနိကအမြင်/ဒဿနိကပညာလား

ဒီမေးခွန်းကိုဖြေဖို့ ဒဿနိကဗေဒလို့ခေါ်တဲ့ philosophy ဆိုတာကို အရင်ကြည့်ရပါမယ်... philo ဆိုတာ ချစ်ခင်မြတ်နိုးခြင်း (love) လို့ အဓိပ္ပာယ်ရပြီး sophia ဆိုတာကတော့ ဥာဏ်ပညာ/အသိပညာ (wisdom) လို့ အဓိပ္ပာယ်ရပါတယ်... ဒါကြောင့် ဒဿနိကဗေဒ (philosophy) ဆိုတာဟာ အသိပညာကို ချစ်ခင်မြတ်နိုးခြင်း ဒါမှမဟုတ် အသိပညာနဲ့ ချစ်ခြင်းမေတ္တာတရားလို့ အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်...

ဒီဖွင့်ဆိုချက်နှစ်ခုလုံးဟာ ဗုဒ္ဓဘာသာမှာ အကျုံးဝင်ပါတယ်... ဗုဒ္ဓဘာသာမှာ အရာအားလုံးကို ခြုံငုံသိမြင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ အသိပညာပြည့်ဝအောင် လေ့ကျင့်ကြိုးစားဖို့ သင်ကြားပေးပါတယ်... ဒါ့အပြင် သက်ရှိသတ္တဝါအားလုံးရဲ့ အဆွေခင်ပွန်းကောင်းဖြစ်လာနိုင်ဖို့ အတွက် မေတ္တာတရားနဲ့ ဂရုဏာတရားတွေတိုးပွားစေဖို့လည်း သင်ကြားပေးပါတယ်... ဒါကြောင့် ဗုဒ္ဓဘာသာကို ဒဿနိကဗေဒလားလို့မေးမယ်ဆိုရင် ဟုတ်ပါတယ်လို့ ဖြေရပါမယ်... ဒါပေမဲ့ အမြင့်မားဆုံးဒဿနိကအမြင် လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်....
----------------------------------------------------------------

ဒီအဖြေကိုကြည့်လိုက်တဲ့အခါ ဗုဒ္ဓဘာသာရဲ့ လမ်းကြောင်းကို နှစ်ပိုင်းခွဲပြီး မြင်လာမိပါတယ်.... တစ်ပိုင်းက ပညာဖြစ်ပြီး တစ်ပိုင်းက မေတ္တာဖြစ်ပါတယ်... ပညာဆိုတာကလည်း အရမ်းကျယ်ပြန့်ပါတယ်... လောကီပညာများတောင်မှ လေ့လာဆည်းပူးလို့မကုန်နိုင်အောင်များပြားနေပါတယ်... လောကုတ္တရာပညာရဲ့ စံချိန်စံညွှန်းကတော့ အသိဥာဏ်ပွင့်လင်းမှုနဲ့ တိုင်းတာပါလိမ့်မယ်... ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို ဘယ်လောက်ပဲ နှုတ်တက်အာဂုံဆောင်နိုင်ပေမဲ့ အသိဥာဏ်ပွင့်လင်းနိုးထမှုမရှိရင် အကျိုးထူးမှာမဟုတ်ပါဘူး... ဗုဒ္ဓဘာသာရဲ့ အန္တိမ ရည်မှန်းချက်ဟာ အသိဥာဏ်နိုးထပွင့်လင်းမှုဖြစ်ပါတယ်... ဒီလိုပွင့်လင်းလာစေဖို့အတွက် အသိပညာတွေကို ဖြည့်ဆည်း ကျင့်ကြံရပါတယ်...

နောက်တစ်ပိုင်းဖြစ်တဲ့ မေတ္တာကတော့ အကျင့်ဖြစ်ပါတယ်... တစ်နည်းအားဖြင့် ထားရှိကျင့်ကြံရမယ့် စိတ်သဘောထား လို့လည်းဆိုနိုင်ပါတယ်... မေတ္တာနဲ့အတူ ဂရုဏာကပါ တွဲလျက်ပါလာပါတယ်... အသိပညာကိုဖြည့်ဆည်းနေတဲ့အချိန်မှာ ကောင်းမွန်နှစ်လိုဖွယ် လူတစ်ယောက်ဖြစ်လာဖို့အတွက် အကျင့်ကို ဖြည့်ဆည်းနေရ ပါမယ်... မေတ္တာနဲ့ယှဉ်တဲ့စိတ်ထားပြီး သတ္တဝါတိုင်းကို မေတ္တာ ဂရုဏာနဲ့ ဆက်ဆံမယ့်သူဟာ လောကကို တစ်နည်းတစ်ဖုံ အကျိုးပြုနေသူဖြစ်လာပါလိမ့်မယ်... အကျင့်သီလနဲ့လည်း ပြည့်စုံသူဖြစ်လာပါလိမ့်မယ်...

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အသိတရားပြည့်ဝဖို့... မေတ္တာဂရုဏာနဲ့အတူ အကျင့်သီလပြည့်စုံဖို့ မရှိမဖြစ် ဖြည့်ဆည်းလေ့ကျင့်သွားဖို့လိုတယ်လို့ မှတ်ယူမိပါတော့တယ်...
----------------------------------------------------------------
ဆက်လက်ဖော်ပြသွားပါ့မယ်...

နှိုင်းရင့်နွေ

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး




၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၎။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။

BY GOOD HEALTH

လယ်စောင့်တဲအတွင်း အိပ်ပျော်နေစဉ် ဆင်များနင်း၍ လူတစ်ဦး သေဆုံး




ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဇီးချိုင့်အုပ်စု ဖုန်းဆိုးကြီး လယ်တောရှိ စပါးတလင်း၌ တောဆင် ရိုင်းများ ဝင်နင်းသဖြင့် အိပ်ပျော်နေသူ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ပိုင်းက ဦးမြင့်လှိုင် ၄၄ နှစ် (ဘ) ဦးတင်ဆိုင်သည် ဇီးချိုင့်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာ ဖုန်းဆိုးကြီး လယ်တောအတွင်း စပါးတလင်း လယ်စောင့်တဲ၌ အိပ်ပျော်နေစဉ် တောဆင်ရိုင်းများ ဝင်ရောက် နင်းချေ ဖျက်ဆီးခဲ့သဖြင့် ဦးမြင့်လှိုင်မှာ ဦးခေါင်း ပျောက်ဆုံးပြီး ခန္ဓာကိုယ် တစ်စစီ ပြုတ်ထွက်၍ သေဆုံး သွားသည်။ ၎င်းဖြစ်စဉ်ကို အနီးပတ်ဝန်းကျင်ရှိ အခြား လယ်လုပ်သားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေထံသို့ အကြောင်းကြားကာ အခင်းဖြစ်ပွားရာ နေရာသို့ ဟိုင်းကြီးနယ်မြေ ရဲစခန်းမှ ရဲအုပ် လှထွန်းနှင့် အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်စစ်ဆေးပြီး သေဆုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား အခင်းဖြစ်ပွားရာ နေရာ၌ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

တိုင်းရင်းသား တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဟု KNLA ဒု ဗိုလ်ချုပ်ကြီး ပြော


မြန်မာအစိုးရအနေဖြင့် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ သတင်းဌာနနှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတွင် အမျိုးသားတပ်မတော် တခုတည်းရှိရမည်ဟု ပြဋ္ဌာန်းထားသော်လည်း တိုင်းရင်းသား များ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တောင်းဆိုနေသည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် တပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မည် သို့ လုပ်ဆောင်သင့်သနည်းဟု ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်ကို ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် အစိုးရတပ်မတော်ကို ပြည် ထောင် စု တပ်မတော်အဖြစ် ပူးပေါင်းဖွဲ့စည်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ ပြည်နယ်အလိုက် အုပ်ချုပ်လိုကြကြောင်း၊ အစိုးရ တပ်မတော်အပြင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်သင့်ပြီး အစိုးရ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ပြည်နယ် တပ်မတော်များသည် အစိုးရတပ်မတော်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်မင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေးကော်မတီ၏ ဆောင်ရွက်ချက် လမ်းကြောင်းအတိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ခေါင်းဆောင်တချို့က လိုက်ပါလျှောက်လှမ်းနေကြသော်လည်း ၎င်း အနေဖြင့် ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်း မည်မဟုတ်ဘဲ သတိကြီးစွာ ရှိနေကြောင်း၊ ၎င်းအနေဖြင့် အစိုးရချပြသည့် လမ်းစဉ်ကို မကြာခဏ သဘောမတူ ကန့်ကွက်ခဲ့ပြီး အစိုးရပိုင်းက မိမိသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို မထောက်ခံဘဲ ပြိုကွဲပျက်စီးရန်လုပ်မည့်သူ အဖြစ် စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောသည်။

“နော်ဝေက ထောက်ပံ့ပေးထားတဲ့ ငြိမ်းချမ်းရေး MPSI ဥက္ကဋ္ဌ Charles Petrie က ကျနော့်ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပျက်စီး အောင် လုပ်မယ့်သူ မဟုတ်ဘူး မဟုတ်လားဆိုပြီး ၃ ကြိမ်မေးတယ်။ ကျနော်လည်း ပြန်ဖြေလိုက်တယ်။ ကျနော် ငြိမ်းချမ်းရေးဆွေးနွေး မှုကို ဖျက်ဆီးမှာမဟုတ်ဘူး။ ဒါပေမယ့် ကျနော် တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်အောင် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ လုပ် ချင်တယ်လို့ ကျနော် ပြောလိုက်တယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဆိုသည်။

ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ယခင် က KNLA တပ်မဟာ ၅ ၏ တပ်မဟာမှူး တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ အတွင်း က ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ညီလာခံက ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသူ ဖြစ်သည်။

KNLA တပ်မဟာ ၅ သည် အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ခေါင်းမာ သဘောထားတင်းမာသော တပ်ရင်းတပ်ဖွဲ့ အဖြစ် သုံးသပ်ပြောဆိုမှုများရှိနေပြီး KNLA တွင် တပ်မဟာ ၅ သည် အင်အားအကြီးမားဆုံးသော တပ်မဟာတခု ဖြစ်သည်။

arrawady

မလေးအချုပ်ထဲရှိ နိုင်ငံမဲ့ ၅၀၀ မြန်မာက လက်ခံရန်ငြင်း


မလေးရှား အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားဆိုသူ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူများကို မြန်မာက ပြန်လက်ခံရန် ငြင်းဆိုသည်ဟု ဆိုကာ The Star Online Reports တွင် Myanmar refuses to take back nabbed illegals ဖြင့် သတင်းဖေါ်ပြသည်။

မလေးရှား လ၀က ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ကွာလာလမ်ပူရှိ မြန်မာသံရုံးက သူတို့အား ခရီးသွားလက်မှတ် ထုတ်ပေးရန် ငြင်းဆိုကြောင်း ပြောဆိုသည်။

“ သူတို့ကို ခရီးသွားလက်မှတ် မရှိဘဲ ဘယ်လို နှင်ထုတ်နိုင်မလဲ။ သူတို့ရဲ့ နိုင်ငံက သူ့တို့ကို သူ့နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းထားတယ်လေ” ဟု ယင်းလ၀က ညွှန်မှူးက ဆိုသည်။

“ သူတို့က မြန်မာစကားတတ်တယ်။ သူတို့အစိုးရက သူတို့ကို ခရီးသွား လက်မှတ် ထုတ်ပေးဖို့ငြင်းတယ်။ ခရီးသွားလက်မှတ် မရှိဘဲ နှင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ရာထူး လွဲပြောင်းပွဲတစ်ခုတွင် သူက သတင်းထောက်များကို ပြောဆိုသည်။

၎င်းပြင်သူက မလေးရှား Detention Canter ထိန်းသိမ်းစခန်းတွင် ယခုအခါ မြန်မာနိုင်ငံက ၀င်ရောက်လာသူ  ၅၀၀ ကို ထိန်းသိမ်းထားသည်ဟု သူက သတင်းထောက်များကို ပြောကြားသည်။


(နိရဉ္စရာ- ၆ ဖေဖေါ်ဝါရီ ၂၀၁၄)


မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် စာချုပ်ချုပ်၊ လုပ်ခလစာ ပြောဆိုနိုင်ခြင်း မရှိဟုဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ် ဆားဘီးယား နိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျကို ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်နှစ်ခွဲ စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သော်လည်း လုပ်ခ လစာကိုမူ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် စာချုပ် ချုပ်ဆိုပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြအဖြစ် ခန့်အပ်နိုင်ရန် စတင် ဆွေးနွေးစဉ်ကပင် လစာကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် MFF နှင့် အေဗရာမိုဗစ်ခ်ျတို့ နှစ်ဖက် သဘောတူညီမှု ရယူထားသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စင်ကာပူနည်းပြဟောင်းကို မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အေဗရာမိုဗစ်ခ်ျသည် အာဆီယံဒေသ၏ ဘောလုံးလောကတွင် ဆယ်စုနှစ် တစ်ခုကြာ ကျင်လည်ခဲ့သူဖြစ်ပြီး စင်ကာပူ အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ယင်းစာချုပ်အရ မြန်မာ့လက်ရွေးစင်အသင်းကို အေဗရာမိုဗစ်ခ်ျနှင့်အတူ ၎င်း၏ လက်ထောက်နည်းပြ၊ ဂိုးနည်းပြတို့နှင့် ပူးပေါင်း တာဝန်ယူမည် ဖြစ်ကြောင်း၊ လက်ရွေးစင် ကစားသမား ရွေးချယ်မှု အပိုင်းတွင် တစ်ဦးတည်း စိတ်ကြိုက် ရွေးချယ်မည် မဟုတ်ကြောင်း လက်ရွေးစင် အသင်းနည်းပြသစ် အေဗရာမိုဗစ်ခ်ျက ပြောကြားသည်။

ပြည်ပ နည်းပြအဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ နည်းပြများလည်း လက်ရွေးစင်အသင်း နည်းပြအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်လိုကြောင်း၊ ကစားသမားများဘက်ကလည်း ကွင်းအတွင်း ရာနှုန်းပြည့် အားထုတ် ကစားစေလိုပြီး ပရိသတ်များကလည်း စည်းကမ်းတကျ အားပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

နည်းပြအနေနှင့် ၎င်းနှင့်အတူ ပါလာသည့် နည်းပြ အဖွဲ့ဝင်များအပြင် မြန်မာနည်းပြ အဖွဲ့များကိုလည်း ထပ်မံ ထည့်သွင်းမည်ဟု ဆိုသောကြောင့် ကစားသမားများနှင့် အဆင်ပြေမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ရွှေခေတ် လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ်၊ လက်ရွေးစင် နည်းပြဟောင်းလည်း ဖြစ်ခဲ့သူ ဦးအေးမောင်ကြီးက မှတ်ချက်ပြုသည်။

အသက် ၆၄ နှစ်အရွယ် ဆားဗီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ခ်ျသည် ကစားသမားဘဝက အင်္ဂလန် ကလပ်အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီယား လက်ရွေးစင်လည်း ဖြစ်ခဲ့သည်။

နည်းပြဘဝတွင် ကူဝိတ် လူငယ် အသင်းကို ၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီ အိုလံပစ် ဗိုလ်လုပွဲထိ ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး အာဆီယံ ဘောလုံး လောက၌ ရက်ဒီဟု ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။

စင်ကာပူ အသင်းကို ၂၀၀၃ မှ ၂၀၁၃ အထိ တာဝန်ယူခဲ့ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ်ဆု ဖလားများ ရယူ ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး နည်းပြဆု ရရှိထားသူ ဖြစ်သည်။

The Voice Weekly


ကလိမ်ကညစ် ကုလသမဂ္ဂ



ကုလသမဂ္ဂဆိုတာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစ ၁၉၄၅ မှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုသျှ၊ တရုတ်ဆိုတဲ့ နိုင်ငံကြီးငါးနိုင်ငံ (ကြီးငါးကြီး) ဦးဆောင်ပြီး စတင်ဖွဲ့စည်းတည်ထောင်စဉ်ကတော့ ကမ္ဘာ့ ပြည်သူတွေ ကြည်ညိုလေစားထိုက်တဲ့ အဖွဲ့ကြီးပါပဲ။ ‘ဒါပေမဲ့ တစ်စတစ်စ နဲ့နိုင်ငံတွေ လွတ်လပ်လာကြလို့ အဖွဲ့ဝင်တွေ တိုးတက်များပြားလာတာနဲ့အမျှ ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုသလို ဖွတ်တွေများ များလာတဲ့ ကုလသမဂ္ဂမြစ်ကြီးဟာ ဂုဏ်အသရေ မဲ့မဲ့လာတော့တယ်။

လွတ်လပ်လာခါစနိုင်ငံများဟာ ဆင်းရဲတဲ့နိုင်ငံများ ဖြစ်တယ်။ စက်မှု မထွန်းကား၊ စီးပွားရေးမဖွံ့ဖြိုးတဲ့နိုင်ငံများ ဖြစ်ကြတယ်။ သူတို့ကို တတိယ ကမ္ဘာနိုင်ငံများလို့ ခေါ်လေ့ရှိကြပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဗမာကို တတိယ ကမ္ဘာထဲထည့်ရေလေ့ရှိပေမဲ့ များသောအားဖြင့် ဆင်းရဲတဲ့ အာရှ-အာဖရိက နိုင်ငံတွေပဲ တတိယကမ္ဘာ ခေါ်ကြပါတယ်။ မရှိ ခိုးနိုးနိုး ဗမာစကား ဆိုရိုးစကားရှိတဲ့အတိုင်း အဲဒီဆင်းရဲတဲ့ တတိယ နိုင်ငံက လူတွေဟာ ရရင် အကုန်ယူမယ်၊ အုပ်လိုက်မယ်၊ ၀ါးလိုက်မယ် စိတ်ထားမျိုး ကိုင်ဆွဲတဲ့ အကျင့်ပျက်တွေ များတယ်။ ဒီလူတွေလည်း ကုလသမဂ္ဂထဲရောက်ရော ကမ္ဘာပြည်သူ့ပိုက်ဆံ သူ့ယောက္ခမ နီဂရိုးမကြီး ပိုက်ဆံအောက်မေ့ကာ သောက်ဟယ် စားဟယ် လုပ်ပစ်ကြလို့ ငွေ စာရင်းစစ်တွေ ခဏခဏ ၀င်ရ၊ စုံစမ်းရေး အဖွဲ့တွေဖွဲ့ရ လုပ်ရတော့တယ်။ ကုသမဂ္ဂကို အများဆုံး ထောက်ပံ့တဲ့ (၂၂)ရာခိုင်နှုန်း အမေရိကန်က ၁၉၉၀ နှစ် တွေတုန်းက သူထောက်ပံ့နေတာကို ရပ်တန့်ပစ်လိုက်သေးတယ်။

ဒီလူတွေဟာ နေရာရအောင်ကလည်း အင်မတန် လုပ်တတ်တယ်။ ကုသမဂ္ဂကြီးရဲ့ လက်အောက်ခံ အဖွဲ့ခွဲ ဧဂျင်စီ အမျိုးးမျိုးရှိရာ အဲဒီ ဧဂျင်စီတွေမှာ သူတို့ပဲနေရာရအောင် အတင်းလုယက်ဝင်ကြတာပဲ။ နေရာလည်း ရရော ထင်ရာစိုင်းတော့တာပဲ။ လုပ်သင့်တာကို မလုပ်၊ ဖြစ်သင့်တာတွေ မဖြစ်၊ သူတို့စားပေါက်ကိုထွင်ကာ အုပ်ထည့်တော့တယ်။ ဒါကြောင့် ကနေ့ ကုလသမဂ္ဂက လုပ်တယ်ဆိုရာမှာ ရှေးယခင်ကလို ဖြစ်သင့်တာကို ချင့်ချင့်ချိန်ချိန် ဝေဖန်တိုင်းဆ ရွက်ဆောင်တာမျိုး မဟုတ်ဘဲ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ ဦးသန့် အတွင်းရေး မှူးချုပ်လုပ်စဉ်က စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာမျိုးလို လူသာဓုခေါ်၊ နတ်သာဓုခေါ် ရွက်ဆောင်မှုများမရှိတော့ဘဲ စိတ်ပျက်စရာတွေချည်း တွေ့ နေရတော့တယ်။

အခြားကိစ္စ မကြည့်နဲ့။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ပတ်သက်တဲ့ ကိစ္စ ဒီလူတွေ ကိုင်တွယ်ထားကြပုံကိုပဲ ကြည့်လေ။ ဗမာပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေသက ခိုးဝင်လာတဲ့ မွတ်စလင်တွေ ပဲရှိပါတယ်လို့ ကျွန်တော်တို့ အစိုးရကရော ပြည်သူကပါ တဖွဖွ ပြောနေတဲ့ ကြားထဲက ရိုဟင်ဂျာတွေဟာ ခေတ် အ ဆက်ဆက်ကပဲ ဗမာပြည်မှာ နေထိုင်လာ ခဲ့ကြတာပါ။ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ညှဉ်းပန်းမှု အခံရဆုံး လူမျိုးပါ (The most persecuted People In The World) ဘာညာနဲ့ အဲဒီ ကုလသမဂ္ဂဆိုသူတွေက အော်နေကြတယ်။ အခု နောက်ဆုံးမှာ ဗုဒ္ဓဘာသာ ရခိုင်တွေကသတ်လို့ ရိုဟင်ဂျာ ၄၈ ယောက် သေရပါတယ်၊ အခုထိ သေရသမျှ ၂၈၀ ကျော်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေး ရသူက ၂ သိန်းခွဲကျော်ပြီစသဖြင့် ဒီကုလသမဂ္ဂဆိုသူတွေက ပြောနေတယ်။

ဒီတော့ကာ မွတ်စလင်တွေကိုသတ်တဲ့ ဗမာတွေကို လက်စား ချေဖို့ဆိုပြီး အင်ဒိုနီးရှားက ဗမာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့သူ ပေါ်လာတယ်။ သက်ဆိုင်ရာ အင်ဒိုနီးရှား အာဏာပိုင်က အချိန်မီ ဖမ်းဆီး နိုင်ပြီး ထောင်ဒဏ် ခုနစ်နှစ်ချလိုက်တယ်။ အဲဒီငနဲက ထောင်ဆိုတာ ခဏပါ။ ထောင်က လွတ်လာရင်လည်း မွတ်စလင်တွေကို သတ်တဲ့ ဗမာတွေကို လက်စားချေဖို့ မိမိဆက်ပြီး ကြိုးစားဦးမယ်လို့ ကြုံးဝါးသွား တယ်။ သူကြုံးဝါးတာကို ကြောက်လို့တော့ မဟုတ်။ ‘ဒါပေမဲ့ ကျွန်တော်တို့ ဗမာတွေက လုပ်လည်းမလုပ်ရဘဲနဲ့၊ ဒီကုလသမဂ္ဂဆိုသူတွေက တာဝန်မဲ့ ပြောတဲ့အတွက် အဟုတ်မှတ်သွားကာ ကျွန်တော်တို့ကို ‘ဒုက္ခပေးဖို့ အကြိမ်းခံရတာကတော့ ဗလာချီ သက်သက်ခံရတာ ဖြစ်နေတယ်။ ဒီတော့ ဗုံးခွဲမယ် ကြိမ်းတဲ့လူမိုက်ထက် သူ့ကို ဒီလို အထင်အမြင်ဝင်အောင် လုပ်ပေးတဲ့ ကုလသမဂ္ဂဆိုသူ ကလေကချေတွေကိုပဲ ပိုလို့အပြစ်တင်ချင် တော့တယ်။

အခု နောက်ဆုံးရသတင်းအရ ‘ဒီသတင်း လုပ်ကြံတဲ့ ကုလသမဂ္ဂနဲ့ အင်ဂျီအိုတွေကို ဒေသခံတွေက ဆန္ဒပြပွဲ လုပ်ကြဖို့ စီစဉ်တာ ခွင့်ပြုချက် မရလို့ မလုပ်ဖြစ်ဘူးလို့ ကြားသိရတယ်။ မိမိတို့ဒေသမှာ ကုလသမဂ္ဂ ရှိတော့ အကူအညီမရဘူးလား မေးတော့ သူတို့က ဘင်္ဂါလီတွေဘက်က ပါတာပါလို့ ဒေသခံက ဖြေတယ်။

ကျွန်တော်တို့ ဗမာတွေက ရိုဟင်ဂျာမှမဟုတ် တိုင်းပြည်ထဲခိုးဝင် လာတဲ့ နိုင်ငံခြားသားမှန်သမျှကို မချစ်ပါဘူး။ အမြင်ကတ်ပါတယ်။ ဒါပေမဲ့ ငါးပါးသီလမှာ နံပါတ်တစ်ဖြစ်တဲ့ ပါဏာတိပါတကံကိုထိန်းသိမ်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြလေတော့ သတ်တဲ့အထိတော့ ဘယ်တော့မှ မရောက်ခဲ့ဘူး။ အရင်ခေတ်အဆက်ဆက်ကလည်း မသတ်၊ အခု ကျွန်တော်တို့ခေတ်မှာလည်း မသတ်ပါဘူး။ မတရားခိုးဝင်လာတဲ့ လူ တွေဟာ အချိန်ကာလကြာတော့ ဒေသခံတွေနဲ့ တစ်သွေးတစ်သားတည်း ဖြစ်သွားကာ တိုင်းရင်းသားဖြစ်သွားပါတော့တယ်။

ဗမာတွေရဲ့ ဗုဒ္ဓတရားကို အခြေခံတဲ့ ယဉ်ကျေးမှုကို နားမလည်တဲ့ သူတွေက ကိုယ်နဲ့နှိုင်း မရိုင်းဆိုသလို သူတို့လိုပဲလို့ အောက်မေ့ပြီး လူမျိုးခြားတွေကို ဗမာတွေက သတ်တယ်၊ သတ်တယ်လို့ အော်ဟစ်နေ ကြတာ ဖြစ်တယ်။ ရှေးဗမာဘုရင်တွေ လက်ထက်က ကျုးကျော်လာကြ တဲ့ နိုင်ငံခြားတပ်တွေကို ဗမာစစ်တပ်က တွန်းလှန်တိုက်ခိုက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ကျုးကျော်သူ ဂျွမ်းစစ်သည်တွေကို ကျန်စစ်သားနဲ့သူ့ ရဲဘော်တွေက တိုက်ထုတ်ခဲ့တယ်။ ကျုးကျော်လာတဲ့ တရုတ်စစ်တပ်ကြီးကို ခုခံတိုက်ခိုက်ပါသော်လည်း အင်အားချင်း မမျှလေတော့ ထွက်ပြေး ရသမို့ ပုဂံ နရသီဟပတေ့ဘုရင်ဟာ ''တရုတ်ပြေး မင်း'' ဘွဲ့ရခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်တလေ တိုင်းပြည်ထဲရောက်လာတဲ့ နိုင်ငံခြားသားတွေ ကိုတော့ ဘုရင်ကလည်း ရန်မမူ၊ ပြည်သူကလည်း လက်ခံ-ဆက်ဆံခဲ့ လို့ တော်ကြာ တိုင်းရင်းသားဖြစ်သွားတာပါပဲ။

ပုဂံခေတ်က ပင်လယ်ထဲ သင်္ဘောပျက်ပြီး ရောက်လာတဲ့ စကင်ဒီနေဗီးယားက ဗျတ်ဝိ၊ ဗျတ္တညီအစ်ကိုကို ဘုရင်က သူ့အမှုတော် ထမ်းစေခဲ့ ပါတယ်။ ဥရောပတိုက်သားပီပီ ကာယဗလတောင့်တင်းပြီး ကျန်းမာ သန်စွမ်းလေတော့ ညီဖြစ်သူ ဗျတ္တဟာ ပုပ္ပားတောင်ကို မနက်တိုင်း ပန်းသွားခူးရတဲ့တာဝန်ကို ထမ်းဆောင်ရတယ်။ အစ်ကို ဗျတ်ဝိက စစ်မှု ထမ်းရင်း တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတယ်။
ကျန်စစ်သားနဲ့ ကုလားစစ်သည် ရှစ်ကျိပ်လို့ သမိုင်းကဆိုရာ နိုင်ငံခြား သားစစ်သည် (အထူးသဖြင့် ဥရောပစစ်သည်)ကို ဆိုလိုကြောင်း နားလည် ရတယ်။ နှောင်းခေတ်တွေမှာလည်း ဗမာဘုရင်ဆီမှာ လာ ရောက်စစ်မှု ထမ်းတဲ့ နိုင်ငံခြားသားများရှိခဲ့ကြောင်း သမိုင်းမှာ တွေ့ကြရတယ်။ ဗမာတပ် တွေမှာ အမြောက်တပ်စသည်မှာ တာဝန်ယူသူတွေဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ ကုန်းဘောင်ခေတ်မှာ မွတ်စလင်တွေ များတယ်။

အဲသလို ဘုရင်ဆီမှာ ပုံမှန်တပ်သားအဖြစ် အမှုတော်ထမ်းတာ မဟုတ်ဘဲ တစ်သီးတစ်ခြား တစ်ကိုယ်တော်စစ်သည်လာ လုပ်သူတွေကို ကြေးစား တပ်သား (Mercenary) လို့ ခေါ်တယ်။ တောင်ငူ ဘုရင်နတ် ရှင်နောင်ကို ၀ိုင်၊ ဘရန်ဒီ၊ ဥရောပ ယမကာ အကောင်းစားတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဗမာက ငဇင်ကာ ခေါ် ဖီးလစ်ဒီဘရစ်တို Philp de Britto ဟာ သံလျင်မှာ နေသွားတဲ့ ပေါ်တူဂီက ကြေးစားစစ်သည်တစ်ဦး ဖြစ်တယ်။ ဘုရင့်နောင်ဆီမှာတော့ ပေါ်တူဂီနဲ့ အခြား ဥရောပစစ်သား တွေက ပုံမှန်စစ်တပ်အဖြစ် ရှိနေတာဖြစ်တယ်။ ဘုရင်နောင် စစ်ချီရင် အဲဒီနိုင်ငံခြားသားတွေနဲ့ ချီတာ။ သံလျင်ကို ဘုရင့်နောင် တက်သိမ်းတော့ သူ ကွပ်ကဲလာတာ ဗမာစစ်သား တွေမဟုတ်၊ ပေါ်တူဂီတပ်သားတွေ ဖြစ်တယ်။

ဒီလိုနဲ့ ဗမာဘုရင်တွေဆီမှာ နိုင်ငံခြားသားစစ်သည်တွေ အမှု တော်ထမ်းခဲ့ကြတာ ပုဂံခေတ်ကနေ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်အထိပါပဲ။ ဥရောပတိုက်သားတွေကို ဗမာက ကုလားဖြူလို့ ခေါ်တယ်။ အိန္ဒိယကလာသူတွေကို ကုလားမဲလို့ ခေါ်ကြတယ်။ မွတ်စလင်တွေ များတယ်။ ကုလားမဲတွေကို အမြောက်တပ်မှာ သုံးလေ့ရှိကြတယ်။ တချို့ ကုလားမဲတွေက စာပေယဉ်ကျေးမှု အနုပညာဘက်မှာ အမှုထမ်းကြတယ်။ ပုဂံကျောက်စာမှာ ''ကုလာ ပန်တျာသည်''လို့ ကုလား ဂီတ သမားတွေကို မှတ်တမ်းတင်ထားတာ တွေ့ကြရတယ်။ နှောင်းခေတ်တွေမှာ အဒူမင်းညို (Abdul Min Nyo) အမည်နဲ့ ကဗျာဆရာ၊ ဦးကုလား အမည်နဲ့ သမိုင်းဆရာ (ဦးကုလား ရာဇ၀င်တော်ကြီး)တို့ကို တွေ့ကြ ရတယ်။ ဗြိတိသျှခေတ်မှာ ဦးအလီဆိုတဲ့ သီချင်းကြီးသီချင်းခန့် အဆို တော်ကြီးတစ်ယောက်ပေါ်ပေါက်ခဲ့ဖူးတယ်။

ဒီတော့ကာ ခေတ်အဆက်ဆက်မှာ ဗမာတွေက နိုင်ငံခြားသား တွေကို၊ အထူးသဖြင့် မွတ်စလင်တွေကို ရန်မမူခဲ့ဘူး၊ သူကောင်းတောင် ပြုခဲ့သေးတယ်ဆိုတာ ထင်ရှားတယ်။ ကုလသမဂ္ဂဆိုတဲ့ လံကြုပ်သမားတွေ လက်ထက်ရောက်ခါမှ‘ဗမာက မွတ်စလင်ကုလားကို သတ်ပါတယ်´ လို့ ကြံဖန် စွပ်စွဲခံရတာ ဖြစ်တယ်။

မောင်သာနိုး
စောင့်ကြည့်ဂျာနယ် အတွဲ ၈ အမှတ် ၃၆
မှတ်ချက် - မူရင်းစာမူအတိုင်းဖြစ်သည်။