သမီးကလေးမင်္ဂလာပွဲကို ဘူဒိုဇာနဲ့ဖျက်

ပို့စ်တင်ချိန် - 2/06/2014 01:30:00 PM



လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာကို အာဏာပိုင်တို့က အင်္ဂါနေ့မှာ ဝင်ရောက် ဖျက်ဆီးတဲ့အတွက် အဲဒီ  မနက်ပိုင်းပြုလုပ်ဖို့ပြင်ထားတဲ့ မင်္ဂလာပွဲတခုပါ အဖျက်ခံလိုက်ရတယ်လို့ ဒီကနေ့ဖြန့်တဲ့ Hot News ဂျာနယ်မှာ ရေးထားပါတယ်။

သတို့သား သတို့သမီးအမည်တွေတော့ ရေးမထားပါ။

သူတို့ဟာ အသက် ၃၅ နှစ်ကျော်မှ ဖူးစာဆုံတဲ့စုံတွဲဖြစ်တယ်၊ "မင်္ဂလာဆောင်တွင် ကျွေးမွေးဧည့်ခံရန် ၀က်နှစ်ကောင် ၀ယ်ထားခြင်း နှင့် အလှဆင်ပစ္စည်းများ အလကား ဖြစ်သွားရသလို အိမ်ခြေမရှိတော့သည့် ၎င်းတို့ဘ၀မှာ ပေါင်းဆုံရန် မဖြစ်နိုင်တော့ကြောင်း" သတို့သားလောင်းက ပြောဆိုတယ်လို့ ရေးထားပါတယ်။

တကယ်တော့ ... သမီးကလေးရွာကမင်္ဂလာပွဲကို ဖျက်ချင်လို့ မဟုတ်ဘဲ ရွာကိုဖျက်ရာမှာ ဒီပွဲ ပါဝင်သွားခြင်းဖြစ်ပါလိမ့်မယ်။

ရွာကို ၀င်ဖျက်ရာမှာ ဒေသခံတွေ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်း ရှိမရှိ ဆိုတာကိုတော့ မသိရသေးပါ။

ဒီရွာဖျက်မယ်ဆိုတာကို အာဏာပိုင်တို့က ကြိုတင်အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ သို့သော်လည်း ဒေသခံအများအပြားက ဖယ်မပေးဘဲ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။
အင်္ဂါနေ့မှာတော့ အာဏာပိုင်တို့က လူအင်အား စက်ယန္တယားအင်အား အပြည့်အစုံသုံးပြီး ရာနဲ့ချီတဲ့အိမ်တွေကို  ဖျက်ဆီးလိုက်ပါပြီ။

ဒေသခံတွေကတော့ ဒီရွာမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာလာပြီလို့ ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒီရွာဟာ စစ်တပ်နယ်မြေနဲ့ မလွတ်ကင်းဘူးလို့ စာထုတ်ပါတယ်။  ရွာမဖျက်ခင် နဲ့ ရွာဖျက်အပြီး သမီးကလေးကျေးရွာအကြောင်း  မေးမြန်းဖို့ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို သတင်းသမားပေါင်းများစွာက ဆက်သွယ်/သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မရှိဘူး၊ အစည်းအဝေးသွားတယ်၊ ခွင့်ယူထားတယ် စသဖြင့်သော အဖြေတွေသာ ရခဲ့ပါတယ်။ ထွေအုပ်ကသာမက သူ့လက်အောက်က ဝန်ထမ်းများကလည်း အတွေ့မခံခဲ့ပါဘူး။ အတွေ့ခံတဲ့ ဝန်ထမ်းတချို့ကလည်း ထွေအုပ်ရဲ့ ဖုန်းနံပတ်ကို မပေးကြပါဘူး။

ဒေသခံရဲတပ်ဖွဲ့ကို ဆက်သွယ်ကြရာမှာတော့ ဒီဖြစ်ရပ်အကြောင်း ဖြေကြားပိုင်ခွင့်မရှိဘူးလို့ ဆိုကြပါတယ်။

ရွာဖျက်တယ်ဆိုတာကို အာဏာပိုင်တို့ ကြေညာရင်တော့ ပိုကောင်းပါလိမ့်မယ်။
မကြေညာရင်တော့ သတင်းထိန်ချန်သလို၊ ခိုးကြောင်ခိုးဝှက်လုပ်သလို ဖြစ်သွားပါလိမ့်မယ်။ တဘက်စောင်းနင်းရေးတဲ့ သတင်းတွေ ပေါ်လာနိုင်ပါတယ်။ စစ်တပ်ကို ပိုမို အမုန်းပွားစရာ ဖြစ်လာပါမယ်။

သတင်းမထုတ်ပြန်တာဟာ အဲဒီလို ဖြစ်လာမှာ ကြိုသိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှ ဖျက်တဲ့လူတွေ လူကြမ်းကြီးတွေဖြစ်သွားမယ်မဟုတ်လား။

အင်အားသုံးဖြေရှင်းတာကို ပိုအားရလို့လည်း ဖြစ်နိုင်ပါတယ်။

အစိုးရ အခက်တွေ့အောင် အောက်ခြေပိုင်းက အကောင်အထည်ဖော်တဲ့အစီအစဉ်တခုလည်း ဖြစ်နိုင်ပါတယ်။

ထုတ်မပြောတော့လည်း ဖြစ်နိုင်ချေတွေ လိုက်စဉ်းစားရတာ မဆုံးနိုင်တော့ပါဘူး။

ပြောခွင့်ရအရာရှိကြီးတယောက် Facebook က ရေးတာကိုပဲ စောင့်ကြည့်ရပါတော့မယ်။

ဧရာဝတီ