ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းအား အလိုအလျောက် မီးပွိုင့်စိမ်းပြီး ယာဉ်လမ်းကြောင်း ရှင်းလင်းသည့်စနစ် တပ်ဆင်မည်

ပို့စ်တင်ချိန် - 2/06/2014 10:38:00 PM



ဝင်းမြင့်ကျော်
ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းများအား အလိုအလျောက် မီးပွိုင့်စိမ်းကာ ရှင်းလင်းသည့်စနစ်ကို တပ်ဆင်ထားသော ရှစ်မိုင်လမ်းဆုံ (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့အတွင်း ယာဉ်ကြောများ ပိတ်ဆို့နေသည့် မီးပွိုင့်များအားလုံးတွင် ယာဉ်ကြောပိတ်ဆို့လာသည့် လမ်းကြောင်းများအား အလိုအလျောက် ထိန်းချုပ်ပြီး မီးပွိုင့်စိမ်းကာ လမ်းကြောင်းရှင်းပေးသည့် စနစ်ကို တပ်ဆင်သွားရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ ယင်းကဲ့သို့ မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့လာသည့် ယာဉ်လမ်းကြောင်းအား အလိုအလျောက် ထိန်းချုပ်ပြီး မီးပွိုင့်စိမ်းပေးကာ ယာဉ်လမ်းကြောင်းရှင်းသည့် စနစ်ကို မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်စမ်းသပ်တပ်ဆင်ထားသည်။

“ရှစ်မိုင်လမ်းဆုံမှာ ယာဉ်ကြောကျပ်တည်းလာတဲ့ လမ်းကြောင်းကို အလိုအလျောက် မီးပွိုင့်စိမ်းပြီးတော့ လမ်းကြောင်းရှင်းတဲ့စနစ်ကို ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့က ရှစ်လလောက် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးတော့မှ ဒီစနစ်ကို စမ်းသပ်ပြီးတော့ အသုံးပြုခဲ့တာဖြစ်တယ်။ စမ်းသပ်တဲ့အခါမှာ အောင်မြင်မှုရှိတဲ့အတွက် ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ယာဉ်ကြောပိတ်ဆို့တတ်တဲ့ မီးပွိုင့်လမ်းဆုံတွေ အားလုံးမှာ တပ်ဆင်သွားဖို့ ဂျိုက်ကာအဖွဲ့နဲ့ ဆွေးနွေးလေ့လာမှုတွေ ပြုလုပ်နေပါပြီ။ မကြာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပွိုင့်ရှိ လမ်းဆုံစုစုပေါင်း ၁၆၀ ကျော်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်)မှ သိရသည်။

Myawady News