ပြည်တွင်း လေကြောင်းလိုင်းများ လုံခြုံမှု ရှိလာမည်လော

ပို့စ်တင်ချိန် - 2/06/2014 10:25:00 PM



(သဇင်ဦး)

လေယာဉ် လက်မှတ်ခ နှုန်းထားကို ပြည်ပခရီးစဉ်နီးပါး ပေး၍ စီးနေရသော ပြည်တွင်း လေကြောင်းလိုင်းများ အနေနှင့် လုံခြုံစိတ်ချရမှု အပိုင်းတွင် အားနည်းနေမည် ဆိုပါက ပြည်တွင်း လေကြောင်းလိုင်းများတွင် ဝင်ရောက်လာမည့် ပြည်ပ လေကြောင်းလိုင်းများကို ယှဉ်ပြိုင်ရန် မလွယ်ကူလှပေ။

ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇ လေကြောင်းလိုင်း၏ နည်းပညာအမှား Technical Error ကြောင့် ဖြစ်ပွားခဲ့ရသည့် လေယာဉ်ဘီး အပူရှိန် လွန်ကဲ၍ မီးခိုးထွက်ရသည့် ဖြစ်စဉ်မှာ ပြည်တွင်း ခရီးသည်များအတွက် ၂၀၁၄ ခုနှစ်တွင် ပထမဆုံး စိုးရိမ် ထိတ်လန့်မှုကြီး ဖြစ်ခဲ့ရသည်။
ယင်းဖြစ်စဉ်၌ လေယာဉ် ပျံတက်ရန် ပြင်ဆင်ချိန်တွင် သတိပေး မီးလင်းခဲ့သဖြင့် လေယာဉ်မှူးက ဘရိတ် သုံးလိုက်ချိန်တွင် ယင်းသို့ အပူလွန်ကဲရခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ Techincal Error မှာ ဖြစ်လေ့ရှိကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ယင်းသို့ “စိုးရိမ်ဖွယ်ရာမရှိ ပုံမှန် ဖြစ်စဉ်တစ်ခု” ဖြစ်လာပါက လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဖြစ်စေ၊ သက်ဆိုင်ရာေ လကြောင်းလိုင်းက ဖြစ်စေ ခုံရုံးဖွဲ့၍ စစ်ဆေးကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန လေယာဉ်စက်မှုမှ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

ပြည်တွင်း လေကြောင်းလိုင်းများ ပြေးဆွဲရာတွင် လေယာဉ်ပျံ ပြေးဆွဲ၍ မြေပြင်ပေါ် ပြန်လည် ဆင်းသက်ချိန်၌ လေယာဉ်၏ စက်ပစ္စည်း၊ သတိပေးချက်၊ ပျံသန်းမှုနှင့် လေယာဉ်ဘီး စနစ်များကို စစ်ဆေးပြီး ထူးခြားသည့် အစီရင်ခံစာရှိပါက လိုအပ်လျှင် ပြင်ဆင်၍ နောက်တနေ့ လေယာဉ်ပျံ မတက်မီ အချိန်အထိ စစ်ဆေးပေးကာ လေယာဉ်မှူးကလည်း မျက်မြင် ပြန်လည် စစ်ဆေးပြီး လေယာဉ်စက် မနှိုးခင်နှင့် စက်နှိုးပြီးချိန် တွင်လည်း ထပ်မံ စစ်ဆေးကြောင်း လေယာဉ်ပျံ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှု အပိုင်းနှင့် ပတ်သက်ပြီး ဦးဝင်းဆွေထွန်းက ရှင်းပြသည်။

နည်းပညာအရ စနစ်မှားယွင်း၍ မတော်တဆမှုများ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း လုံခြုံရေးအရ သတိထားရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မီးခိုးများ အူထွက်နေသည့် လေယာဉ်သည် Parking အတွင်းရှိ လေယာဉ်များအကြား ပြန်ဝင်လာသည့်အတွက် ယင်း Parking အတွင်းရှိနေသည့် ဆီပန့်များ၊ လေယာဉ်များအတွက် လွန်စွာအန္တရာယ် များပြားလှကြောင်း၊ တစ်စုံတစ်ရာ အရေးကြုံလျှင် ဆင်းသက်ရမည့် Security Area လုံခြုံရေး နေရာကို ဆင်းသက်ပြီး လိုအပ်ပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်ရမည် ဖြစ်၍ စနစ်တကျဖြစ်ရန် လိုအပ်ကြောင်း EVA Airline တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများ၏ ဝန်ဆောင်မှု၊ လုံခြုံမှု စသည်တို့အပေါ် အခြေခံ၍ ကောက်နုတ်ထားချက် အရ အဲပုဂံလေကြောင်းလိုင်းသည် လုံခြုံမှုအပိုင်းတွင် ကြယ်နှစ်ပွင့်သာ ရသဖြင့် လုံခြုံမှုအပိုင်း အားနည်းချက် ရှိကြောင်းနှင့် Air Mandalay လေကြောင်းလိုင်း သည်လည်း ကြယ်သုံးပွင့်သာ သတ်မှတ်ခံရကြောင်း ပြည်တွင်းလေကြောင်းလိုင်း များ၏ အားနည်းချက်ကို နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ယှဉ်၍ Airline Ratings ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းသို့ လုံခြုံရေး အပိုင်းတွင် သာမက ဝန်ဆောင်မှု အပိုင်းတွင်လည်း အားနည်းချက်များကို တွေ့နိုင်ကြောင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်း မတော်တဆ မဖြစ်မီ ရက်ပိုင်းကလည်း ဟဲဟိုး လေဆိပ်သို့ နံနက် ၆ နာရီ ထွက်မည့် အဲမန္တလေး လေကြောင်းလိုင်းမှ လေယာဉ်သည် နေ့လယ် ၁၂ နာရီ ကျော်သည်အထိ လေယာဉ် မထွက်နိုင်သေးဘဲ ဟဲဟိုးလေဆိပ်သို့ ညနေ ၄ နာရီထိုးမှသာ ရောက်ရှိခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သွားခဲ့သေးသည်။

နိုင်ငံခြားသားများ အနေနှင့် တစ်နေ့တာ အချိန်ကုန်ခဲ့ပြီး လေယာဉ် စောင့်ဆိုင်းနေချိန်တွင် ဧည့်သည်ကို ကျွေးမွေးသည့် နေ့လယ်စာမှာ ထမင်းကြော် တစ်ဘူးစီ ဖြစ်၍ မည်သို့မျှ မျက်နှာပန်းမလှ ဖြစ်ခဲ့ရာ အဆိုပါ ဧည့်သည်များက အပြန်တွင် အဲမန္တလေးနှင့် မပြန်လိုကြောင်း ဝိုင်းဝန်း တောင်းဆိုကြသဖြင့် လေကြောင်းလိုင်း ပြောင်းလဲ စီစဉ်ပေးခဲ့ရ၍ အဆိုပါ ခရီးသွား ကုမ္ပဏီအတွက် များစွာ ထိခိုက်မှု ရှိခဲ့ကြောင်း ယင်းခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ထိုကဲ့သို့ လေကြောင်းလိုင်းများ၏ လေယာဉ်ပြေးဆွဲချိန် ကြန့်ကြာမှု၊ လေယာဉ်ချိန် မမှန်ကန်မှုများ စသည့် လေကြောင်းရေးရာ ကိစ္စများကို ဖြေရှင်းရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက လေကြောင်းရေးရာ ကော်မတီကို နိုဝင်ဘာလတွင် ဖွဲ့စည်း၍ လေကြောင်းလိုင်းများနှင့် ဆွေးနွေးခဲ့သော်လည်း ထူးခြားသည့် အဖြေမထွက်ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ICAO အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်က နိုဝင်ဘာလက ဒုတိယအကြိမ် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်းများကို ထပ်မံစစ်ဆေးခဲ့ရာ လိုအပ်ချက် ၄၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ကနဦး ထုတ်ပြန်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ချက်မှာ ထွက်ရှိလာခြင်း မရှိသေးကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

လေယာဉ် မတော်တဆမှုများ မဖြစ်ပွားရေးအတွက် လုံခြုံရေး၊ ပြင်ဆင်ရေး၊ ပျံသန်းရေး၊ အုပ်ချုပ်ရေးစသည်တို့ ပါဝင်သည့် Safety Mangement System (SMS) စနစ်ကို လေကြောင်းလိုင်းတိုင်းတွင် နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

လေယာဉ် မတော်တဆမှုများမှာ ပြီးခဲ့သည့် နှစ်များကလည်း တစ်နှစ်လျှင် နှစ်ခု ဖြစ်ပွားပြီး “စိုးရိမ်ဖွယ်ရာ မရှိသော ဖြစ်စဉ်” မှာလည်း တစ်နှစ်လျှင် ဆယ်ခု ဖြစ်ပွားတတ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံ စုံစမ်း သိရသည်။

မလေးရှား အသွားအပြန် ခရီးစဉ်အတွက် လေယာဉ် လက်မှတ်ခ တစ်သိန်း ရှစ်သောင်းနီးပါး (ကန်ဒေါ်လာ ၁၇၉ ဒေါ်လာ) ကုန်ကျချိန်တွင် ပြည်တွင်းခရီးစဉ် အသွားအပြန်အတွက် (ဥပမာ- မန္တလေးခရီးစဉ်) လေယာဉ် လက်မှတ်ခမှာလည်း တစ်သိန်းခွဲနီးပါး ကုန်ကျသဖြင့် လေယာဉ် လက်မှတ်ခမှာ ပြည်ပခရီးစဉ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မြင့်မားနေသည်ဟု ဆိုနိုင်သော်လည်း ဝန်ဆောင်မှု အပိုင်းမှာ လေယာဉ်ချိန် မမှန်ခြင်း၊ လေယာဉ်စက်ပိုင်းဆိုင်ရာ သံသယရှိခြင်း၊ လုံခြုံမှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ပြည်တွင်း လေကြောင်းလိုင်း ဈေးကွက်မှာ ပြည်ပမှ အလုံးအရင်းနှင့် ဝင်ရောက်လာပါက နောက်ကျ ကျန်နေဦးမည်သာ ဖြစ်ကြောင်း လေယာဉ်စီး ခရီးသည်များ၊ ခရီးသွား လုပ်ငန်းရှင်များနှင့် ပြည်ပလေကြောင်း လိုင်းများက ဝိုင်းဝန်း သုံးသပ် ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်းလိုင်း ရှစ်လိုင်း၊ လေယာဉ် ၄၃ စင်းတို့ဖြင့် ပြည်တွင်းတွင် လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ၊ အစိုးရ အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုသာ အခြေပြု ပြေးဆွဲပေးလျက် ရှိသည်။

The Voice Weekly