အနောက်နိုင်ငံများက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်လာသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ်လုပ်ငန်းရှင်များအား သတိပေး

ပို့စ်တင်ချိန် - 12/11/2013 10:24:00 AM

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်နှင့်အမျှ အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုများ ရုပ်သိမ်းလာကာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ် လာနေကြောင်း၊ ထို့ကြောင့် ယခင်တရုတ် လုပ်ငန်းရှင် တစ်ဦးတည်းရှိသော အချိန်ကာလ ကျော်လွန်နေပြီဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း တရုတ်လုပ်ငန်းရှင်များသို့ ယူနန်ပြည်နယ် လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ လျိုဝန်ဝူက သတိပေး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် အနောက်နိုင်ငံများက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာပြီး သဘာဝ အရင်းအမြစ်ပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည်ကို တွေ့ရကြောင်း၊ ထို့အတူ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ အစရှိသည့် ၀န်းကျင်နိုင်ငံများမှလည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို တက်ကြွစွာ လုပ်ကိုင်လာသည်ကို တွေ့မြင်ရကြောင်း မစ္စတာ လျိုဝန်ဝူက သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း ဂယက်များကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် မကောင်းသည့် ဂယက်များ ရှိခဲ့ကြောင်း၊ သို့သော် လက်ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အသေးစိတ် လေ့လာမှုများ ပြုလုပ်ရန် ၎င်းကဆက်လက် ပြောကြားသည်။

"မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ပြည်နယ်လုပ်ငန်းရှင်များ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ သတိကြီးကြီး ထားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းတွေကို အစဉ်တစိုက် အလေးထား လုပ်ကိုင်ရန်နဲ့ အခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ရန်လည်း လေ့လာမှုများ ကြိုးစားလုပ်ကိုင်သွားရန် အကြံပြု လိုပါတယ်" ဟု ယူနန်ပြည်နယ် လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ လျိုဝန်ဝူက သတိပေး ပြောကြားသည်။
eleven media group