B.Tech သင်တန်း ရပ်နားရန် ပညာရေးလုပ်ငန်း အဖွဲ့ ဆွေးနွေး

ပို့စ်တင်ချိန် - 12/11/2013 06:58:00 PM

နည်းပညာ တက္ကသိုလ် များတွင် သင်ကြားနေသော B.Tech သင်တန်းများကို ရပ်နားပြီး သင်ရိုး ညွှန်းတမ်းများ ပြောင်းလဲ ရေးဆွဲရေးကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် ဖွဲ့စည်းထားသော ပညာရေးမြှင့်တင် အကောင် အထည်ဖော်ရေး ကော်မတီ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ အစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
နည်းပညာဘွဲ့ တစ်ခု ဖြစ်သော B.Tech သင်တန်းများကို နိုင်ငံတကာ တက္ကသိုလ်များတွင် သင်ကြားခြင်း မရှိဘဲ မြန်မာနိုင်ငံ တွင်သာ သင်ကြား နေခြင်းကြောင့် ယင်းသို့ဖျက်သိမ်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီလှငယ်က ပြောဆိုသည်။ B.Tech သင်တန်းကို ဖြုတ်ရန် စီစဉ်ထားသော်လည်း ယခင် အောင်မြင်ထားပြီး ဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး သတ်မှတ်ချက်အတွက် စိုးရိမ်မိသောကြောင့် နည်းပညာတက္ကသိုလ် ပညာရေး ပြောင်းလဲမှု များကို အချိန်ယူ ညှိနှိုင်းရမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။
လက်ရှိအင်ဂျင်နီယာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများသည် တတ်မြောက်မှု အရည်အသွေး နိမ့်ကျပြီး ပြင်ပလုပ်ငန်းခွင် များတွင် ကွင်းဆင်းလုပ်ကိုင်နိုင်မှု အားနည်းနေကြောင်း၊ ယင်းကြောင့် လက်ရှိ နည်းပညာတက္ကသိုလ် များတွင် သင်ကြားနေ သော AGTI၊ B.Tech နှင့် B.E သင်ရိုးညွှန်းတမ်း များကို ပြန်လည် ပြင်ဆင်သွားရန်လည်း လိုအပ်ကြောင်း အစိုးရရုံးအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ထောက်ပြ သုံးသပ်သွားသည်။
"အရေးကြီးတာ ကျောင်းသားတွေရဲ့ အရည်အချင်းကို ယူမလား။ စာသင်နှစ်ကို ယူမလား။ လုပ်ငန်းရှင်တွေ ကတော့ B.E (အင်ဂျင်နီယာဘွဲ့) တွေက သုံးမရဘူးလို့ ပြောကြတယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။ ယင်းသို့ အင်ဂျင်နီယာဘွဲ့ရ များ၏ အရည်အချင်းများ ကျဆင်းခြင်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း များနှင့် နည်းပညာတက္ကသိုလ် များ၏ ပညာရေးစနစ် များကိုလည်း မကြာခဏ ပြောင်းလဲမှုများကြောင့် ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်ပါမောက္ခ (ငြိမ်း) တစ်ဦးက ပြောဆိုသည်။
ယခုလအတွင်း နိုင်ငံတစ်ဝန်း နည်းပညာတက္ကသိုလ် များ၏ အောင်ချက် ရာခိုင်နှုန်း မြှင့်တင်ခဲ့ခြင်းအပေါ် ယခင်ကျရှုံး ခဲ့သော AGTI နှင့် B.Tech ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်က သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို ပြန်လည် ဖြေဆိုခွင့် တောင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ တစ်ဝန်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အားလုံး ၆၁ ခုရှိကြောင်း ၂၀၁၂ ခုနှစ် ပညာရေးဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly Myanmar