မြန်မာကနူး လှေလှော်အဖွဲ့ ရွှေသုံးခုနှင့် ကြေးတစ်ခု ဆွတ်ခူး

ပို့စ်တင်ချိန် - 12/11/2013 09:00:00 PM


(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ လှေလှော် အဖွင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁ဝရက် နံနက် ၈နာရီတွင် စတင် ကျင်းပခဲ့ပြီး အဖွင့် ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား လေးမျိုး စတင်ယှဉ် ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး နိုင်ခဲ့သည်။
ပထမ ပွဲစဉ်အဖြစ် ကနူး တစ်ယောက်လှော် (C1) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါ အဝင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့်အင်ဒိုနီးရှား စုစုပေါင်း ပြိုင်ပွဲဝင် နိုင်ငံငါးနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာမှ ဝင်းထိုက်က အင်ဒိုနီးရှား ကစားသမား Spensstuber Mehue ကို မီတာ ၅ဝဝ လောက်တွင် အပြတ်အသတ် အသာရထားပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှား ကစားသမားမှာ အမီ လိုက်လာခဲ့ နိုင်သဖြင့် ပွဲစဉ်မှာ ပိုမိုကောင်းမွန် လာခဲ့သော်လည်း ဝင်းထိုက်က အမှားအယွင်း မရှိ လှော် ခတ်နိုင်ခဲ့ပြီး နှစ်စက္ကန့်ကျော် အသာဖြင့် လှေလှော် ပြိုင်ပွဲအတွက် ပထမဆုံး ရွှေတံဆိပ်ကို မြန်မာနိုင်ငံ အတွက် ဆွတ်ခူး ပေးနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အင်ဒိုနီးရှားက ငွေတံဆိပ်၊ ဖိလစ်ပိုင်မှ ကြေးတံဆိပ် ရရှိခဲ့သည်။

အရင် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရခဲ့ဖူးပေမယ့် ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိသတ် ရှေ့မှောက်မှာ ရွှေတံ ဆိပ်ဆု ရယူခဲ့ရတာ ဆိုတော့ အရင် ပျော်တာတွေထက် အဆပေါင်းများစွာ ပိုပျော်ပါတယ်။ ကြိုးစားရကျိုး နပ်ပါတယ်။ နိုင်ငံနဲ့ အဖွဲ့ချုပ်ရဲ့ ကျေးဇူးကို ဒီဆုတံဆိပ်နဲ့ ဆပ်ခွင့် ရတယ်လို့ထင်ပါတယ်''ဟု ကနူးလှေ လှော်ကစား သမား ဝင်းထိုက်က ရွှေတံဆိပ်ဆု ဆွတ်ခူးအပြီး သူ၏ ခံစားချက်အား ပြောသည်။

ဒုတိယ ပွဲစဉ်အဖြစ် ကယက် လေးယောက်လှော် (k 4) အမျိုးသမီး မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ပြိုင် ပွဲဝင် ခြောက်နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြင့်မြင့်သန်း၊ သင်းသင်းကြူ၊ နော်အား လယ်ရှီး၊ အေးမိခိုင် တို့ပါဝင်သော မြန်မာ ကယက်လှေလှော် အဖွဲ့မှ သုည ဒသမ ၆ စက္ကန့် အသာဖြင့် ဗီယက်နမ် အသင်းအား အနိုင် ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ ကယက်လှေလှော် အားကစားမယ် သင်းသင်းကြူ မှ ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် ရာသီဥတု အခြေအနေကြောင့် လေ့ကျင့်ရေးမှာ စံချိန်လောက် ကောင်းမွန်ခဲ့ခြင်း မရှိ သော်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် အတွက် ဝမ်းသာကြောင်းကို ''အရမ်းပျော်နေပါတယ်။ ရာသီဥတုက လေနဲနဲ တိုက်နေတော့ လေ့ကျင့်တုန်းကလောက် စံချိန်ကောင်း မရခဲ့ပေမယ့် ရွှေတံဆိပ် ရ ခဲ့တဲ့အတွက် ပျော်ပါတယ်'' ဟု ပြောသည်။

တတိယ ပွဲစဉ်တွင် ကယက် လေးယောက်လှော် (k 4) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ထိုင်းအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး အင်ဒိုနီးရှား အသင်းက ငွေတံဆိပ်၊ မြန်မာ အသင်းက ကြေးတံဆိပ်ရရှိခဲ့သည်။

ပထမနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ကနူး နှစ်ယောက်လှော် (C 2) အမျိုးသား မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမဆုံး ပွဲစဉ်တွင် တစ်ယောက်လှော်ပြိုင်ပွဲ ရွှေတံဆိပ် ရရှိထားသော ဝင်းထိုက်နှင့် စိုင်း မင်းဝေတို့ အတွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ နေရာမှ အင်ဒိုနီးရှား အသင်းကို ၂ ဒသမ ၂၁၆ စက္ကန့် အသာဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံ အတွက် လှေလှော်ပွဲစဉ်တွင် တတိယမြောက် ရွှေတံဆိပ်အဖြစ် ရယူ ပေးခဲ့သည်။ အဆိုပါပွဲစဉ်၏ တတိယကြေး တံဆိပ်ကို ဗီယက်နမ် အသင်းမှ ရရှိခဲ့သည်။

ဝင်းထိုက် နှင့် တွဲဖက်ကာ ရွှေတံဆိပ် ရယူခဲ့သော စိုင်းမင်းဝေမှာ ယခုပြိုင်ပွဲ အမျိုးအစား တစ်မျိုးကိုသာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ကနူးလှေလှော် အားကစားကို ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ် ပြိုင် ခဲ့ခြင်းဖြစ်သည်။ ကနူးကယက် လှေလှော်ပွဲစဉ် များကို ယနေ့တွင် ရပ်နားထားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် မီတာ ၅ဝဝ နှင့် မီတာ ၂ဝဝ ပြိုင်ပွဲများကို ဆက် လက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

မြ၀တီ