ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကျေအေးခွင့် ရှိသော်လည်း ထွက်ပြေးလျှင် ခွင့်မပြုပါ

ပို့စ်တင်ချိန် - 3/25/2014 09:10:00 AM


ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းသူများ၏ မဆင်မခြင်မောင်းနှင်မှုနှင့် အခြားလမ်း အသုံးပြုကြသူများ၏ ပေါ့ဆမှုကြောင့် ယာဉ်မောင်းများတိုက်ပြီး ထွက်ပြေးကြရသည့် အကြောင်းရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)က ရှင်းလင်း ပြောကြားသည်။

အဆိုပါယာဉ်မောင်းများ တိုက်ပြီးထွက်ပြေးကြရသည့် အကြောင်းရင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က

“ဒီလိုယာဉ်မတော်တဆ ဖြစ်စဉ်ကြောင့် တိုက်ပြီးထွက်ပြေးကြတဲ့ ယာဉ်မောင်းတွေထဲမှာ ညဘက်တိုက်ပြီး ထွက်ပြေးကြတဲ့ ယာဉ်မောင်းတွေက ပိုများပါတယ်။ အခင်းဖြစ်နေရာကနေ ထွက်ပြေးကြတဲ့ ယာဉ်မောင်းတွေကို ပြန်ဖမ်းမိလို့ မေးတဲ့အခါကျရင် တိုက်မိတဲ့သူကို ဆင်းကယ်ဖို့ဆိုတာက အန္တရာယ်ရှိနိုင်တယ်လို့ ပြောကြတယ်။ ဒီတော့ ယာဉ်မောင်းက ဆင်းကယ်ဖို့ဆိုတာကလည်း ယာဉ်မောင်း တွေကို ဝိုင်းပြီးထိုးကြိတ် ပြုလုပ်ကြမယ့်သူတွေက များတယ်လေ၊ ဆင်းကယ်ရင် လက်သည် မပေါ်တော့ဘဲ အထိုးအကြိတ်ခံ ကြရတာများတော့ သူတို့လည်း ပြေးကြတာဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆီမှာကလည်း ပြည်သူတွေက တာဝန်မယူနိုင်ကြတာတွေလည်း ရှိတယ်။
ဒီလိုဖြစ်စဉ်တွေမှာ များသောအားဖြင့် ယာဉ်တိုက် ထွက်ပြေးတာကို တွေ့ကြတဲ့ အများပြည်သူတွေက သက်သေခံခြင်း ဆိုတဲ့အပိုင်းနဲ့ ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်တိုင်သက်သေခံဖို့ မပေးချင်ရင်လည်း နီးစပ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်း ကြားပေးစေချင်ပါတယ်။ မှုခင်းဖော်ထုတ်ရေးမှာ
အများပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်”ဟု သုံးသပ် ပြောကြားခဲ့သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းလွင်ကလည်း

“ရုတ်တရက် ယာဉ်မတော်တဆ ပေါ့ဆဖြစ်စဉ်ကြောင့် တိုက်ပြီးထွက်ပြေးရင် ကျွန်တော်တို့က ပုဒ်မ ၂၇၉/၂၀၂ ဆိုပြီး ပုဒ်မတပ်ပါတယ်။ အနောက်ကနေ မျဉ်းစောင်းခံပြီး ၂၀၂ တပ်လိုက်ရတာကတော့ ထွက်ပြေးလို့ တပ်လိုက်ရတာပါ။ ဖြစ်စဉ်တွေထဲမှာ လူတစ်ဦးတစ်ယောက်အား နာကျင်မှု၊ အပြင်းအထန်နာကျင်မှု၊ လူသေမှု အစသဖြင့် ပုဒ်မတွေ အသီးသီးတပ်လိုက်ပါတယ်။ ဒီ ၂၀၂ရဲ့ အဓိပ္ပာယ်ကလည်းအခင်းဖြစ်စဉ်မှာ တိုက်ပြီး မောင်းပြေးလို့ ပြစ်မှုကျူးလွန်တာကို ရဲကထိမ်ချန်တာပါ။ ဒီလိုယာဉ်တိုက်မှု ဖြစ်စဉ်တွေအတွက်ကို ကျေအေး ရုပ်သိမ်းခွင့်ရှိပေမယ့်ထွက်ပြေးရင် ကျေအေးရုပ်သိမ်းခွင့်မပြုပါဘူး။ ဒီ့အပြင် အခင်းဖြစ်စဉ်အရ ယာဉ်ပိုင်ရှင်တောင် တရားစွဲလို့ ရပါတယ်။ ယာဉ်ပိုင်ရှင်ဆိုတဲ့ စကားရပ်အရ သူ့မှာလည်း ဖော်ထုတ်ပေးဖို့ တာဝန်ရှိပါတယ်။ ယာဉ်ပိုင်ရှင်ကလည်း မည်မျှ တာဝန်ရှိသလဲဆိုတာကို ကိုယ်တိုင်သိသင့်ပါတယ်။ ဒီလိုတိုက်ပြေး ဖြစ်စဉ်အတွက် ယာဉ်ပိုင်ရှင်တွေကို ပထမဆုံး စစ်ဆေးမှာပါ” ဟု ဆိုသည်။ ထို့နောက် ၎င်းကဆက်၍ “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၂၁ အရ တိုက်ပြေးမှ မျက်ကွယ်စစ်ဆေးစီရင်ခြင်းနှင့် ရှေ့မှောက်စစ်ဆေးစီရင်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ မျက်ကွယ်စစ်ဆေးစီရင်ခြင်းမှာ အားလုံးကို ကျွန်တော် တို့က အမှန်လို့ သတ်မှတ်ပါတယ်။ တချို့က မသိကြဘူးလေ။ ကျွန်တော်တို့က အမှုကို ပိတ်လိုက်တာ မဟုတ်ပါဘူး။ စုံထောက်မှု ဆိုင်းငံ့မပေါ်ပေါက်သေးဘူး ဆိုတာကိုပဲ သိစေချင်ပါတယ်။ ခေတ္တစုံထောက်နေရလို့ ဆိုင်းငံ့ထားသေးတာပဲရှိမယ်။ ပြီးတော့ ဒီလို တိုက်ပြေးသူအသက် ၇၀ ပြည့်တဲ့အထိကိုလည်း မဖမ်းမိသရွေ့ ပြစ်မှုက မလွတ်ပါဘူး။ အဲဒီလိုဥပဒေအရ သတ်မှတ်ထားရှိပါတယ်။ မှားယွင်းတိုင်တန်းတဲ့ အချို့အမှုလေးတွေ ကျတော့ ကျွန်တော်တို့က အပြီးသိမ်းလိုက်ပါတယ်။ ဒါကလည်း မှားယွင်းဖြစ်စဉ်အရပါ” ဟုအများပြည်သူ သိရှိစေရေး အတွက် ရှင်းပြပေးခဲ့သည်။

ပြီးခဲ့သော မတ် ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်တာကာလအတွင်း ယာဉ်တိုက်မှုခင်း ဖြစ်ပွားမှုများ၏ ယာဉ် တိုက်မှုပုဒ်မ ၃၀၄-က အရ ကိုးမှု၊ ပုဒ်မ ၃၃၈ အရ ၁၉ မှု၊ ပုဒ်မ ၃၃၇ အရ ခြောက်မှုနှင့် ပုဒ်မ ၂၇၉ အရ ကိုးမှုတို့ဖြင့် စုစုပေါင်းယာဉ်တိုက် မှု ၄၃ မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုများအတွင်း နေ့ပိုင်းယာဉ်တိုက်မှုနှင့် ညပိုင်း ယာဉ်တိုက်မှု ၂၄ မှု ရှိနေကြာင်း သိရပြီး ညပိုင်းယာဉ်တိုက်မှုမှာ နေ့ပိုင်း ယာဉ်တိုက်မှုထက် ငါးမှု ပိုမို များပြားနေကြောင်း သိရသည်။ ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များအတွင်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး တစ်ဦးတို့ဖြင့် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅၄ ဦး အမျိုးသမီး ၁၅ ဦးတို့ဖြင့် စုစုပေါင်း ၆၉ ဦး ဒဏ်ရာရရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ စာရင်းများအရ သိရသည်။


MOI Webportal Myanmar