န၀ဒေးတံတားအောက် လူသတ်မှုတရားခံ ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမည်

ပို့စ်တင်ချိန် - 4/27/2014 07:14:00 PM

ပြည်မြို့ နဝဒေးတံတားအောက်တွင် ၂၀၁၃ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်မှုလုပ်ရန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်က ပြည်မြို့ရှိ သံလွင်ခက် လူ့အခွင့်အရေးရုံးတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ- ရေခဲ(ပြည်)

ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ တပ်မတော်သားသုံးဦး ပါဝင်ပတ်သက်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်မှ လူသတ်မှု တစ်နှစ်ပြည့်ပြီးအချိန်အထိ တရားခံဖော်ထုတ် အရေးမယူနိုင်သေးသဖြင့် တရားခံ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေးကူညီလှုပ်ရှားသူ
ပြည်မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းမင်းကပြောသည်။

“ပြည်မြို့ခံတစ်ဦးအနေနဲ့ရော လူ့အခွင့်အရေး ကူညီလှုပ်ရှားသူ အနေနဲ့ရော ဆက်လက်ကြိုးစားသွားမယ်။ အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်ဖို့ လုပ်သွားမယ်”ဟု ကိုမင်းမင်းကဆိုသည်။

၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်တွင် ပြည်မြို့ သံလွင်ခက်လူ့အခွင့်အရေးရုံးတွင် ပြုလုပ်သည့် အကြမ်းဖက် လူသတ် လူယက်မှု တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းမင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်နှင့် တစ်လပြည့်သည့်အချိန် မေလ(၂၃)ရက်တွင် ပြည်မြို့သူမြို့သားများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ
ဆန္ဒပြမည်ဟု ၎င်းက ပြောသည်။

တရားခံကို တရားဥပဒေအရ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်၊ အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရေး အာမခံချက်ပေးရန်၊ ပြစ်မှုကျူးလွန်ခံရသူများကို အမြန်ဆုံး ကုစားခွင့် ရရှိစေရေး စသည့်အချက်များကို ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု ကိုမင်းမင်းက ပြောသည်။

၂၀၁၃ခုနှစ် မေလ ၂၃ရက် ည ၉နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက အကြမ်းဖက်
လူသတ် လုယက်မှု တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည့်
အပြင် သူမ၏ လက်စွပ်ကိုလည်း ချွတ်ယူသွားခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမီပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

Mizzima Burmese