မိုးကြိုကာလရဲ့ အသံတိတ်လူသတ်သမား

ပို့စ်တင်ချိန် - 4/25/2014 09:58:00 PM


နေပူအောက်တွင် လုပ်ငန်းခွင်ဝင်နေသော ဆောက်လုပ်ရေးလုပ်သားများ (ဓာတ်ပုံ - နစ်ကီ)


မေလ၂၃ ရက်ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day)ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature)တို့ဟာမတူကွဲပြားတဲ့လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီ ၁၅ ရက်အထိ ကာလဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလဖြစ်ပါတယ်။

ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတတ်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့် တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပအပူချိန်နဲ့လိုက်ပြီး ကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေးပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်- ၃၇ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ် (၉၆ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်- ၁၀၀ ဒီဂရီဖာရင်ဟိုက်)ကြားမှာ ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကို အားကိုးပြီး နွေခေါင်ခေါင် မွန်းတည့်ချိန်နေပူကြီးထဲမှာ အကာအကွယ်မဲ့နေလို့ကတော့ စနစ်တိုင်းမှာ ကန့်သတ်ချက်ဆိုတာရှိနေတာကြောင့် ကိုယ်မှာခံစားလာရတဲ့ အပူချိန်ကို Therlamus က လိုက်မညှိပေးနိုင်တော့တဲ့အခါ အန္တရာယ်ရှိလာရတော့တာပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ခံစားရတဲ့အပူချိန် (Feel Tempera-ture) နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကတော့

ခံစားရတဲ့အပူချိန် ၂၇ မှ ၃၂ ဒီဂရီစင်တီဂရိတ် (၈၀ မှ ၉၀ ဒီဂရီဖာရင်ဟိုက်) သတိထားရန်၊

ခံစားရတဲ့အပူချိန် ၃၂ မှ ၄၁ ဒီဂရီစင်တီဂရိတ် (၉၀ မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်)အလွန်သတိထားရန်၊

ခံစားရတဲ့အပူချိန် ၄၁ မှ  ၅၄ ဒီဂရီစင်တီဂရိတ် (၁၀၅ မှ ၁၃၀ ဒီဂရီဖာရင်ဟိုက်)အန္တရာယ်ရှိအဆင့်၊

ခံစားရတဲ့အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်အထက် (၁၃၀ ဒီဂရီဖာရင်ဟိုက်အထက်) အလွန်အန္တရာယ်ရှိအဆင့်



အန္တရာယ်ရှိအဆင့်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများအဖြစ် heat cramps, heat exhaustion တို့အပြင် တစ်ခါတစ်ရံ heat stroke လည်းဖြစ်တတ်ပြီး အလွန်အန္တရာယ်ရှိ (Extreme Danger)အဆင့်တွင်တော့ Heat Stroke အများဆုံးခံစားရတတ်ကြောင်း သတိပေးဖော်ပြ ထားပါတယ်။ Heat Stroke ခံစားရတဲ့သူဟာ ခံနိုင်ရည်ကိုလိုက်ပြီး လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်း (အရပ်အခေါ်) စတာတွေ ဖြစ်ပေါ်စေတတ်တဲ့အတွက် အသက်ဆုံးရှုံးတတ်ကြပါတယ်။

ဒါကြောင့်ပဲ အပူရှိန်ကို အဓိကလူသတ်သမားလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ နွေကာလပြီးတဲ့ ဧပြီလအလယ်ကစပြီး မုတ်သုံဝင်တဲ့နေ့အထိ ကာလဟာ မိုးကြိုကာလဖြစ်ပါတယ်။ မိုးကြိုကာလရဲ့ ထူးခြားချက်ကတော့ နွေလက်ကျန်အပူနဲ့ မိုးဦးအကြိုရေငွေ့တို့ အမြောက်အမြားဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်တဲ့အတွက် မိုးကြိုကာလအတွင်း လေထုထဲမှာ ရေငွေ့အမြောက်အမြားပါဝင်နေတာကို နေ့စဉ်တွေ့နေရပါတယ်။ ဒီအခါ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာ လူ့ကိုယ်က ခံစားရတဲ့ အပူချိန်ဟာ လေအပူချိန် (air temperature)သက်သက်သာဖြစ်ပေမယ့် ရေငွေ့တွေပါနေတဲ့ လေထုအတွင်းမှာတော့ လေအပူချိန်အပြင် ရေငွေ့ အပူချိန်ပါ ထပ်ဆောင်းလိုက်တဲ့အတွက် လူရဲ့ခံစားရတဲ့အပူချိန်ဟာ လူ့ ကိုယ်ရဲ့ခံနိုင်ရည်ထက် ကျော်လွန်သွားလေ့ရှိပါတယ်။ ဒီအခါမှာ မကြာခဏဆိုသလို အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်သွားတတ်ပါတယ်။

ခက်တာက လေထုအပူချိန်ကို သာမိုမီတာနဲ့ အလွယ်တကူတိုင်းတာသိရှိနိုင်ပေမယ့် ခံစားရတဲ့ အပူချိန်ကတော့ လေထုအပူချိန်နဲ့ Relative Humidity နှစ်ရပ်ပေါင်းပြီးမှ တွက်ချက်ယူမှရနိုင်တဲ့တန်ဖိုး ဖြစ်တာကြောင့် အလွယ်တကူမသိနိုင်ကြပါဘူး။ ဒါကြောင့် မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတတ်တဲ့အတွက် အသံတိတ်လူသတ်သမား (Silent Killer)လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီအန္တရာယ်ဟာ အခုလိုမိုးကြိုကာလ (အပူချိန်နဲ့ ရေငွေ့ပါဝင်မှုမြင့်မားနေတဲ့ကာလ)မှာ မကြာခဏ ဖြစ်ပေါ်တတ်တဲ့အတွက် အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက်နေလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်း ရန်ကုန်(ကမ္ဘာအေး)မှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားရတဲ့ အပူချိန်တွေကို တွက်ကြည့်တဲ့အခါ ဧပြီ ၁ ရက်မှ ၂၁ ရက်အတွင်း အလွန်အန္တရာယ်ရှိအဆင့် တစ်ကြိမ်၊ ၄-၄-၂၀၁၄ ရက်စွဲနဲ့ အန္တရာယ်ရှိအဆင့် သုံးကြိမ် (ဧပြီ ၁၅၊ ၁၆၊ ၂၀ ရက်)ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းကလည်း ရန်ကုန်မြို့မှာ ဧပြီလအတွင်းက အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိခဲ့ရာ ခံစားရတဲ့အပူချိန်ဟာ ၅၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ Extreme Danger Level ပါ။ မေလ ၇ ရက်မှာတော့ အမြင့်ဆုံးနေ့အပူချိန်က ၃၆ ဒီဂရီစင်တီဂရိတ်ပဲရှိပါတယ်။ ဒါပေမဲ့ စိုထိုင်းဆကတော့ ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့လို့ ခံစားရတဲ့အပူချိန်က ၆၂ ဒီဂရီစင် တီဂရိတ်အထိ မြင့်တက်သွားခဲ့ပါတယ်။ အလွန်အန္တရာယ်ရှိအဆင့် အမြင့်ဆုံးလောက်အထိရောက်သွားခဲ့ပါတယ်။ သာမန်လူတွေတောင် မခံနိုင် လောက်တဲ့ အပူချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အသက်ဆုံးရှုံးခံရမှုတွေရှိခဲ့ပါတယ်။

ဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲရာမှ ဖောက်ပြန်မှုတွေဖြစ်လာရလို့ပါပဲ။ ဆိုလိုတာက အရင်မုတ်သုံလေတွေ ပုံမှန်ရှိနေတုန်းက အခုလိုပဲ မိုးကြိုကာလရောက်လာရင် ရေငွေ့ပါတဲ့လေတွေ ဝင်လာမယ်။ အောက်ခံမြေပြင်က အပူပေးလိုက်တော့ လေတွေဟာ အငွေ့တွေဆိုတော့ ပူရာမှ ပွ၊ ပွရာမှပေါ့လာပြီး အထက်ကို တက်ကြမယ်။ Convection ဖြစ်တယ်လို့ခေါ်ပါတယ်။ ကမ္ဘာ့မြေစပ်လေ ထုလွှာ (Troposphere)အတွင်း အထက်ကိုတက်လာတော့ လေအေး တွေဟာ အအေးဓာတ်ရမယ်။ ဒီတော့ အရည်ဖွဲ့ပြီးတိမ်တွေဖြစ်လာမယ်။ နောက် မိုးရွာချတော့တာပါပဲ။ ဒါဟာ မိုးကြိုကာလမှာတွေ့ရတတ်တဲ့ မိုးလေဝသသံစဉ်တစ်ခုပါပဲ။ အခုတော့ ရာသီဥတုဖောက်ပြန်မှုတွေ ကြောင့် ဒီသံစဉ်ဟာ မမှန်တော့ပါဘူး။ လက်ရှိမိုးကြိုကာလအတွင်းမှာ တိမ်ဖြစ်လာပြီး မိုးမရွာတော့တဲ့ ကိစ္စတွေများများလာပါတယ်။ ဒီတော့ လူတွေဟာ မွန်းတည့်ချိန်နေပူကြီးထဲမှာ ရေငွေ့နဲ့ရေချိုးနေရသလို နေအပူ၊ လေအပူတွေအပြင် ရေငွေ့အပူပါ ထပ်ဆောင်းလိုက်တော့ ခံစားရတဲ့အပူချိန်တွေဟာ လူ့ကိုယ်က ခံနိုင်ရည်ကိုကျော်ကုန်တော့တာပါပဲ။ ဒါကို အလွန်အန္တရာယ်ရှိအဆင့် ရောက်တယ်ခေါ်တာပါပဲ။

စောစောကပြောခဲ့သလို ဒီအပူချိန်က လေထဲရောက်လာတဲ့ ရေငွေ့အချိုးအဆအပေါ်မှာ အများကြီးမူတည်နေလေတော့ ရေငွေ့တွေများလေ၊ ခံစားရတဲ့အပူချိန်က မြင့်လေဖြစ်ပါတယ်။ ဒီနှစ်ရန်ကုန်မှာ လေထုအတွင်း ရေငွေ့ပါဝင်မှုက နည်းနေပါသေးတယ်။ လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီမှာ ရန်ကုန်(ကမ္ဘာအေး)ရဲ့ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဟာ ၃၈ ဒသမ ၇၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနေပြီး စိုထိုင်းဆကတော့ ၄၃ ရာခိုင်နှုန်း ရှိနေပါတယ်။ နေ့အပူချိန်က ဒီထက်မတက်ဘူးပဲထားဦး။ စိုထိုင်းဆကတော့ သေချာပေါက် မုတ်သုံဝင်ကာနီးလေ တိုးလာဦးမှာ သေချာပါတယ်။

ဒီတော့ လက်ရှိရှိနေတဲ့ ဧပြီလရဲ့ ပျမ်းမျှနေ့အပူချိန်ကို ထပ်မတိုးဘူးပဲထား။ စိုထိုင်းဆကတော့ မိုးနီးလေ တိုးလေဖြစ်မှာပါပဲ။ ဒီတော့ ရေငွေ့စိုထိုင်းဆကို တစ်စစနဲ့ တိုးလိုက်တဲ့အခါ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်း ရောက်တာနဲ့ ခံစားရတဲ့အပူချိန်ဟာ ၅၇ ဒီဂရီစင်တီဂရိတ်ရှိလာမှာဖြစ်ပြီး Extreme Danger Level ကို စတင်ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီနောက် နေ့အပူချိန်မတိုးစေကာမူ စိုထိုင်းဆ ရာခိုင်နှုန်းတိုးလေ ခံစားရတဲ့အပူချိန်ဟာ တိုးလေဖြစ်လာမှာပါ။

မိုးကြိုကာလ ကမ္ဘာအေးမှာ ဧပြီလရဲ့ နံနက် ၉ နာရီခွဲမှာ ပျမ်းမျှ စိုထိုင်းဆ ၆၃ ရာခိုင်နှုန်းနဲ့ ပျမ်းမျှနေ့အပူချိန် ၃၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိနေလို့ အဲဒီတန်ဖိုးနဲ့တွက်တာတောင် ခံစားရတဲ့အပူချိန်ဟာ ၅၅ ဒီဂရီစင်တီဂရိတ် (၁၃၀ ဒီဂရီဖာရင်ဟိုက်)ရှိတာကြောင့် အလွန်အန္တရာယ်ရှိ အဆင့်ပါပဲ။ ဆိုလိုတာကတော့ ဧပြီလလယ်ကစပြီး မေလကုန်အထိ ကာလဟာ ခံစားရတဲ့အပူချိန်တွေဟာ အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်နေတာချည်းပါပဲ။

အဲဒါဖြင့် အရင်ကလူတွေကို Heat Stroke ဖြစ်တာ ဒီလောက် မများလှပါဘူး။ အခုတစ်လောကမှ ဒီလိုဖြစ်ရပ်တွေ သိသိသာသာများလာတာက ဘာကြောင့်လဲ။ ဒါကတော့ ရာသီဥတုဟာ အရင်လို သံစဉ်မမှန်တော့လို့ပါပဲ။ ဘာဖြစ်သွားသလဲဆိုတော့ အရင်တုန်းက တိမ်တွေဖြစ်ပြီးရင် မိုးကမှန်မှန်ရွာတယ်။ အပူချိန်က ဒီလောက်မမြင့်ဘူး။ အခု နောက်ပိုင်း အထူးသဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ နေ့အပူချိန်တွေ တိုးလာပြီး တိမ်တွေရှိပေမယ့် မိုးကမရွာဘူး။ ဒီတော့ နေ့အပူချိန်တွေ တိုးလာတာကလည်း ခံစားရတဲ့အပူချိန်ကို တိုးလာစေတယ်။ တိမ်တွေ အုံ့နေတော့လည်း လေထဲမှာရေငွေ့တွေများနေပြီး ခံစားရတဲ့အပူချိန်ကို တိုးစေတယ်။ မိုးမရွာတော့ အအေးဓာတ်ကမရတော့ပြန်တာကြောင့် တက်နေတဲ့အပူချိန်တွေဟာ ပြန်မဆင်းတော့ဘူး။ ဒီတော့ မိုးကြိုကာလဆိုရင် အခုနောက်ပိုင်း ခံစားရတဲ့အပူချိန်တွေဟာ လွန်ကဲအဆင့်ကို ရောက်နေတာများလာပါတယ်။

အဲဒါကြောင့် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်တဲ့ အပူဒဏ်ကြောင့် မေလ ၂၃ ရက်ကို အပူရှိန်လူသတ်သမားရဲ့ အန္တရာယ် သတိပြုရေးနေ့လို့ သတ်မှတ်ထားကြောင်းပါဗျာ။

(ကိုယ်ရဲ့အပူထိန်းစနစ်အကြောင်း ရှင်းပြပေးတဲ့ ငယ်သူငယ်ချင်း ဒေါက်တာစိန်လှအောင်ကို ကျေးဇူးတင်ပါတယ်။)

Author: မောင်ထွန်းလွင် (မိုးလေ၀သ)


7Day Daily