မြန်မာ စစ်ခေါင်းဆောင်များ၏ ကိန်းဂဏန်းများကပြောသော ရပိုင်ခွင့်များ

ပို့စ်တင်ချိန် - 4/25/2014 09:59:00 PM



နိုင်ငံရေး ဆုငွေများအနေဖြင့် တာဝန်ထမ်းဆောင်မှု အလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း)မှာ ကျပ် သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀ . . .

နိုင်ငံ့ဘဏ္ဍာများအား ယခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် လက်ရှိ ဘောင်းဘီချွတ် အရပ်သား အစိုးရ ခေါင်းဆောင်များက ယခုအချိန်အထိ လက်ဝါးကြီးအုပ် ရယူနေကြဆဲဖြစ်ကြောင်း ၎င်းတို့၏ ရရှိခံစားပိုင်ခွင့်နှင့် ရိက္ခာလစာ ထောက်ပံ့မှု ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

အများပြည်သူ ထောက်ခံမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့သည် ဟုဆိုသော ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတကို လစာငွေ ခံစားခွင့်အနေဖြင့် ကျပ်သိန်းပေါင်း ၅၀ ပေးထားသည်။ ဒုတိယ သမ္မတ နှစ်ဦးသည် လစာငွေကျပ် သိန်း ၄၀ ရရှိမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၉ အရ သမ္မတနှင့် ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင် အယောင်များနှင့် သင့်တင့် လျောက်ပတ်သည့် အိမ်တော် တစ်ဆောင်စီကိုလည်း ရရှိကြမည် ဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင် အကြီးအကဲများဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တရားစီရင်ရေးမဏ္ဍိုင် အကြီးအကဲ နိုင်ငံတော် တရားသူကြီးချုပ်တို့မှာ တစ်လလျှင် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌနှစ်ဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့မှာ တစ်လလျှင် ကျပ်သိန်း ၃၀ စီ လစာငွေအဖြစ် ရရှိမည်ဖြစ်သည်။

ဒုဝန်ကြီးနှင့် အဆင့်တူ ရာထူးများအတွက်မူ တစ်လလျှင် လစာငွေအဖြစ် ကျပ်သိန်း ၂၀ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေများမှာ ယခင်စစ်တပ် အစိုးရလက်ထက် ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)တို့ ရရှိသည့် ပင်စင်လစာ ငွေထက် နည်းနေ သေးသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ပင်စင်ဦးစီးဌာနမှ စတင်ခံစားခွင့် ပြုခဲ့သည့် ပင်စင်လစာ ငွေများမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အနေဖြင့် တစ်လလျှင် ကျပ်သိန်း ၁၀၀ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) အနေဖြင့် ကျပ်သိန်း ၈၀ သတ်မှတ်ထားသည်။

ထို့ပြင် ယခင် စစ်တပ်တွင်း နံပါတ် (၃) ဖြစ်သည့် ယခု ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်းနှင့် နံပါတ်(၄) ဖြစ်သည့် ယခု နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးသိန်းစိန်တို့မှာ ပင်စင်လစာ အဖြစ် ကျပ်သိန်း ၅၀ စီ သတ်မှတ်ထားသေးသည်။ သို့သော် ယင်းတို့နှစ်ဦး၏ ပင်စင်လစာ ခံစားခွင့်ပြုသည့် ရက်ကိုမူ တိကျစွာ ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူ နိုင်ငံရေး ဆုငွေများ အနေဖြင့်လည်း တာဝန် ထမ်းဆောင်မှုအလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀၊ သူရဦး ရွှေမန်း (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀၊ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀ အထိ ခံစားခွင့်ပြုထားသည်။

ယင်းပမာဏမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်ပါက များသည်ဟု မဆိုနိုင်သော်လည်း လက်ရှိ နိုင်ငံ့အကြီးအကဲ၏ တစ်နှစ်စာ လုပ်ခလစာထက်ပင် ပိုများနေသည် ကို တွေ့ရသည်။

ထို့ပြင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်ကြီး ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်ခြံလုပ်သား အပါအ၀င် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေးပေးရန် အတွက် လွှတ်တော်မှ ခွင့်ပြု ပေးလိုက်သေးသည်။

အိမ်အကူဝန်ထမ်း စုစုပေါင်း ၄၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၆၉၀ ကျော်ပေးရန် လွှတ်တော်မှ ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းဘတ်ဂျက် တောင်းခံမှု ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

အိုးအိမ်ဌာနမှ ၂၀၁၂-၁၃ ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့် စာရင်း၌ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၊ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သားများအတွက် အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ခံစားခွင့် ပြုထားပါသဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၄ ဦး၊ နေပြည်တော် ကောင်စီဝင် ၁၁ ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ်ကြီး ၆၉ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ကျပ်သန်းပေါင်း ၁၆၉ ဒသမ ၅၆ သန်းအား လွှတ်တော်သို့ တောင်းခံခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တောင်းခံခဲ့သည့်အတွက် နိုင်ငံရေး နယ်ပယ်အတွင်း ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် စစ်တပ်အကြီးအကဲများမှာ ယခုအချိန်အထိ နိုင်ငံရေး နယ်ပယ်၌ သြဇာရှိဆဲဖြစ်ကြောင်း သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၀ အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခြင်း ခံရ၍ ရာထူးမှ ရပ်စဲခြင်း ခံရသည်မှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်ဟုသာ ပြဋ္ဌာန်းထားသည်။

လက်ရှိ သမ္မတအပါအ၀င် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ၀န်ကြီးများမှာ ဥပဒေပါ ခံစားခွင့်များအပြင် ယခင့်ယခင် စစ်အုပ်ချုပ်ရေး ကာလက ရယူထားသည့် လုပ်ငန်းများ၊ ပိုင်ဆိုင်ခွင့်များကလည်း ရှိနေကြသေး သည်။

၂၀၀၈ အခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၆၈ အရ ““နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် တခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်”” ဟု ပြဋ္ဌာန်း ပါရှိထားပြီး ဖြစ်သည်။

သို့သော် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာရေးနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ပြည်သူ့လွှတ်တော်အတွင်း ပုသိမ်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့ဖူး သော်လည်း ထောက်ခံမဲ ၆၉ မဲ၊ ကြားနေမဲ ၁၅ မဲနှင့် ကန့်ကွက်မဲ ၂၆၉ မဲဖြင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ ယင်းအဆိုကို လုပ်ဆောင်ရန် ကိစ္စရပ်များ ကျန်ရှိနေသေးပါသဖြင့် ရွှေ့ဆိုင်းကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။

ဥပဒေအရ ““မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် တခြားအဖိုးတန်ပစ္စည်းများ”” ဟု ပါရှိခြင်းမှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန် အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေပြီး ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများ နာမည်ဖြင့် လုပ်ကိုင် နေကြသည့် လုပ်ငန်းများမှာ ဥပဒေအရ ကင်းလွတ်ခွင့် ရနေပြန်သေးသည်။ ထို့ပြင် နိုင်ငံရပ်ခြား ဘဏ်များ၌ အခြားအမည်များဖြင့် အပ်နှံထားကြသည့် နိုင်ငံခြားငွေ ပြဿနာမှာလည်း ယခုအချိန်အထိ မည်သူမည်ဝါမှန်း မသိနိုင်သေးခြင်းမှာ ပဟေဠိတစ်ခုလို ဖြစ်နေဆဲ ဖြစ်သည်။

ထို့ပြင် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်းကာ လက်ရှိအစိုးရအတွင်း ထိပ်ပိုင်းနေရာ ယူထားကြသူများ အနေဖြင့် ဥပဒေပါ ရပိုင်ခွင့်များဖြစ်သည့် မြင့်မားသည့် လစာ၊ လုပ်ပိုင်ခွင့်များ ရယူထားခြင်းမှာလည်း မမျှတသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း ဝေဖန်မှုများ ရှိသည်။

ထိပ်ပိုင်းအကြီးအကဲများ၏ လုပ်ခလစာ၊ ရပိုင်ခွင့်နှင့် အစိုးရ၀န်ထမ်း လစာများမှာ များစွာ ကွာဟလျက် ရှိသည်။ နိုင်ငံရေးရာထူး မဟုတ်သည့် အစိုးရ ၀န်ထမ်းများထဲတွင် အမြင့်ဆုံးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ လစာမှာ ကျပ်နှစ်သိန်း လေးသောင်းသာရှိပြီး လွှတ်တော်အမတ်တစ်ဦး၏ လစာမှာ ကျပ်သုံးသိန်းသာ ရှိသည်။

ယခင်စစ်အစိုးရ အုပ်ချုပ်ရေးမှ အရပ်ဝတ်အဖြစ် ပြောင်းလဲလာပြီး လက်ရှိအစိုးရ ထိပ်ပိုင်းတာဝန် ယူထားသူများ၏ လစာ၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့် များနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ ကွာခြားလျက်ရှိသည်။ ယင်းကဲ့သို့ ကွာခြားလျက်ရှိသည့် အနေအထား၌ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဌာန အားလုံးသို့ ပေးပို့သည့် လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ ညွှန်ကြားချက်လည်း ထွက်ပေါ်ခဲ့သည်။ ယင်းညွှန်ကြားချက်၌ ၀န်ကြီးဌာနများအနေဖြင့် လက်ဆောင်ပစ္စည်းများ လက်ခံရယူရာ၌ ကျပ်သုံးသိန်း ကျော်လွန်သည့် ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဟူ၍ ဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းမှာ ကျပ်သုံးသိန်းအောက် ပစ္စည်းများအား လာဘ်လာဘအဖြစ် တရားဝင် လက်ခံ ရယူခွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး ယခင် စစ်အစိုးရ လက်ထက်မှ ဆက်လက် ကျန်ရှိနေသေးသည့် အကျင့်ပျက် ခြစားမှု မလျော့ကျသေးသည်ကို မီးထိုးပေးလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ၊ လိုအပ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ယခင် စစ်အစိုးရ လက်ထက် အကြီးအကဲများနှင့် ယင်းအစိုးရမှ လူဝတ်လဲ အစိုးရ ပြောင်းလာသူများမှာ ယခု အချိန်အထိ နိုင်ငံ့ဘဏ္ဍာငွေအတွင်းမှ ပမာဏများပြားသည့် လစာ၊ ပင်စင်ငွေနှင့် ထောက်ပံ့ကြေးများ ရယူနေဆဲဖြစ်သည် မှာမူ ငြင်းမရသည့် အချက်ပင် ဖြစ်သည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး စသည်ဖြင့် လူဝတ်လဲ အစိုးရက ကြွေးကြော်နေသော် လည်း ပြည်သူ့ အရေးထက် ယခင်စစ်အစိုးရဘက်မှ ကူးပြောင်းလာသူများ အတွက် အခွင့်အလမ်းကောင်းများ၊ ရပိုင်ခွင့်များ ပိုမိုရရှိရေးကိုသာ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြံဆောင် လျက်ရှိသည်ကိုအထက်ပါ အချက်အလက်များက ပြသနေပါကြောင်း တင်ပြရေးသားလိုက်ပါသည်။

အောင်ထွန်းလင်း

Myanmartandawsint Newspaper