ရန်ကုန်- မန္တလေး အမြန် လမ်းမပေါ်တွင် ယာဉ်နှစ်စီး တိုက်၍ မီးလောင်မှု ဖြစ်ပွား (နောက်ဆက်တွဲ သတင်း)

ပို့စ်တင်ချိန် - 4/12/2014 06:44:00 PM


ဖြူး ဧပြီ ၁၂

ရန်ကုန်- မန္တလေး အမြန်လမ်းမ မိုင်တိုင် ၁၁၆ ၂/၃ တွင် ဖြစ်ပွားခဲ့သော ယာဉ် (၂)စီး မီးလောင်မှု ဖြစ်စဉ်တွင် တောင်ပြာတန်း ယာဉ်မောင်း၏ အမည် ဦးအောင်ဇေယျ ဖြစ်ပြီး ယင်းမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး မော်တော်ယာဉ်မယ် မသူဇာသိမ့်သည် ယာဉ်တိုက်မှု ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်- မန္တလေး အဝေးပြေး လမ်းမရဲစခန်းသို့ ကိုယ်တိုင် လာရောက် သတင်းပို့ခဲ့ကြောင်း ရဲမှူးကြီး နေဝင်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ချီဇာဆလွန်းကား ၉ အေ - ၉၃၀၂ မှ ခရီးသည် (၆) ဦးနှင့် တောင်ပြာတန်း ခရီးသည်တင်ယာဉ် ၅ဃ- ၈၂၅၆ ပေါ်မှ ခရီးသည် (၆) ဦး၊ စုစုပေါင်း ခရီးသည် (၁၂)ဦး သေဆုံးခဲ့ကြောင်း ရဲမှူးကြီး နေဝင်းမှ အတည်ပြု ပြောကြားခဲ့ပါသည်။

တောင်ပြာတန်း ယာဉ်ပေါ်မှ ဦးအောင်မင်းသိန်း (၄၀)နှစ်၊ ဇနီး မသန်းသန်းဝင်း (၃၈)နှစ်၊ (၂-ခ) ရေကျော်လမ်း၊ အင်းစိန်နေသူနှင့် ကိုသက်လှိုင်ထွန်း (၂၄)နှစ်၊ အမတ (၃၅၇) တောင်ကြီး၊ မခင်စန်းဝေ (၃၆)နှစ်၊ (၂၀၈)၊ အာသောကလမ်း၊ (၃)ရပ်ကွက်၊ လှိုင်မြို့နယ် နေသူ ခရီးသည် (၄)ဦး မီးလောင်ကျွမ်း ထိခိုက် ဒဏ်ရာများ ရရှိ၍ ဖြူး ပြည်သူ့ ဆေးရုံသို့ တင်ပို့ ထားရှိကြောင်း၊ စိုးရိမ်ရသော လူနာ (၁)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း၊ တောင်ပြာတန်း အမြန်ယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦး လိုက်ပါ စီးနင်းလာကြောင်း၊ ရဟန်း (၁)ပါးနှင့် ခရီးသည် (၈)ဦးခန့်မှာ အခင်း ဖြစ်နေရာမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ မိမိ အစီအစဉ်ဖြင့် ခရီး ဆက်လက် ထွက်ခွာ သွားသည်ဟု ကျန်ရှိ ခရီးသည်များမှ ဆိုကြောင်း သိရသည်။

MOI Webportal Myanmar