ညကြည့်ကင်မရာပါဝင်မည့်စမတ်ဖုန်း

ပို့စ်တင်ချိန် - 4/12/2014 09:59:00 AM


OpgalOptronic စက်မှုလုပ်ငန်းတစ်ခုသည် စမတ်ဖုန်းနှင့် တွဲဘက် အသုံးပြုနိုင်မည့် Therm-App ကင်မရာ တစ်ခုအား တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၄င်းအနေဖြင့် ပါးလွှာပြီး အလေးချိန်မှာ ၁၃၈ ဂရမ်သာရှိကာ အနီအောက်ရောက်ခြည်အာရုံခံစနစ်ကို အခြေခံ၍ တည်ဆောက်ထားပါသည်။

ကင်မရာအနေဖြင့် ညပိုင်းအချိန်အခါ၌ ဓါတ်ပုံရိုက်ယူနိုင်ပြီး ကြည်လင်ပြတ်သားမှု အရည်အသွေးမှာ 384×288 Resolution ရှိပါ သည်။ ၄င်းကင်မရာအား မြို့တွင်း၊သို့မဟုတ် အသုံးပြုရန် လိုအပ်သော နေရာများတွင်သာမက အပူချိန် တိုင်းတာသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်သည်ဟု သိရပါသည်။

ထို့ကြောင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး ၀န်ဆောင်မှုပေးသော လုပ်ငန်းများအတွက် ၄င်း ကင်မရာထွက်ပေါ်လာမှုသည် သတင်းကောင်းတစ်ရပ်ပင် ဖြစ်ပေသည်။ Therm-App အနေဖြင့် မီတာ ၅၀၀ အကွာအဝေးရှိ လူလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်စွမ်းရှိသလို မီတာ ၁၅၀၀ အကွာအဝေးရှိ ယာဉ်လှုပ်ရှားမှု များကိုလည်း ထောက်လှမ်းနိုင်ပါသည်။ “ယနေ့အချိန်အထိ မီတာ ၅၀၀ အကွာမှ လူလှုပ်ရှားမှုများအား ထောက်လှမ်းနိုင်ရန်မှာ အလွန်ဈေးကြီး၍ အမျိုးအစားကောင်းမွန်သော ကင်မရာဖြင့်သာ စွမ်းဆောင်နိုင်မည် ဖြစ်သော်လည်း ယခုအခါ စမတ်ဖုန်းတွင် တပ်ဆင်အသုံးပြုနိုင်ခဲ့ပြီ” ဟု OpgalOptronic ၏ အမှုဆောင်အရာရှိချုပ် Amit Matatiah မှ ပြောပါသည်။

Ref:ihls
WorldWide(BMSTU)
TechSpace Journal