ရန်ကုန်သင်္ကြန် လုံခြုံရေးအင်အား ငါးထောင် ချထားမည်

ပို့စ်တင်ချိန် - 4/12/2014 09:19:00 AM



သင်္ကြန်ကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးအင်အား ငါးထောင်ကျော်နဲ့ ကွပ်ကဲမှုရုံးတွေဖွင့်ပြီး စည်းကမ်းတင်းကြပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးဆပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တ၀ိုက် မဏ္ဍပ်တိုင်းလိုလိုမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီး တင်းကြပ်သွားမယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီး ၀င်းကြည်က ပြောပါတယ်။

"လုံခြုံရေးအင်အား ငါးထောင်ချထားမယ်၊ မဏ္ဍပ်ကြီးက ၅၄ ခုလောက်ရှိတယ်၊ မဏ္ဍပ်လတ်က ၃၉ ခုလောက်ရှိတယ်၊ အသေးက ၆ဝ ကျော်လောက်ရှိတယ်၊ နောက်မဏ္ဍပ်တိုင်းမှာ CCTV တပ်ထားမယ်နော်၊ စည်းကမ်းချက်တွေ ဖောက်ဖျက်မယ်ဆိုရင် ရေဖြတ်မယ်၊ မီးဖြတ်မယ်ပေါ့ဗျာ၊ မဏ္ဍပ်တိုင်းမှာလည်း သူတို့မဏ္ဍပ်ရဲ့ ကိုယ်ပိုင်လုံခြုံရေးအစောင့်တွေလုပ်ဖို့ကလည်း ပြောထားပြီးသားပေါ့၊ တရားရုံးတွေမှာလည်း သူတို့ပြစ်မှုကျူးလွန်တဲ့သူတွေနဲ့ ပတ်သက်လို့ မြို့နယ်တိုင်းမှာ သင်္ကြန်ကာလမှာ ရုံးဖွင့်ပြီးတော့ တရားရုံးမှာတခါတည်း စွဲတင်ဖို့အတွက်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်ပေါ့"

ရန်ကုန်မြို့အတွင်း ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းတွေမှာ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ထားပြီး စုစုပေါင်း ရေကစားမဏ္ဍပ်ပေါင်း တစ်ရာကျော်ရှိတယ်လို့ သိရပါ တယ်။ သင်္ကြန်ကာလ လူစုလူဝေးတွေနဲ့ ပဋိပက္ခတွေ မဖြစ်ပွားအောင်လည်း အရပ်ဝတ်လုံခြုံရေးတွေကို ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေအလိုက်ချထားပြီး သတင်းရယူရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့  ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီး ၀င်းကြည်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ရက်တွေမှာ ဆိုင်ကယ်၊ ကား တိမ်းမှောက်မှုတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေဟာ နှစ်စဉ်လိုလို ဖြစ်နေကြဖြစ်တဲ့အတွက် သင်္ကြန်ရက်တွေမှာ အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတဲ့အပေါ် ပြည်သူတချို့ရဲ့ အမြင်တွေကို RFAသတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။


RFA Burmese