တပ်မတော်သားတစ်ဦးမောင်းနှင်းလာသည့်ကား မျက်နှာချင်းဆိုင်စီးနင်းလာသည့် ဆိုင်ကယ်နဲ့တိုက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/12/2014 09:58:00 AM


သတင်း၊ ကိုတိုးကြီး
ကနီ၊ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၁၂/၆ အနီးနေရာတွင် တပ်မတော်သားတစ်ဦးမောင်းနှင်းလာသည့်ကားသည် ယခုလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အ ချိန်က ဆိုင်ကယ်တစ်စီးနှင့် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ထိုနေရာ၌ ဆိုင်ကယ်သမား သေဆုံးသွားခဲ့ ကြောင်း ကနီမြို့နယ်၊ ချောင်းမကြီးကျေးရွာ လူမှုထောက်ကူုပြုအဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပြသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ ချောင်းမနယ်မြေရဲကင်းမှူး ဒုရဲအုပ် ကျော်မြင့်အဖွဲ့မှ သွားရောက်စီစစ်ခဲ့ရာ ယာကြီးကျေးရွာဘက်မှ မုံရွာမြို့ဘက်သို့ အမှတ်(၉၂၉)ထောက်ပို့တပ်မှ တပ်သား မောင်ဇော်ဇော် ဆိုသူ မောင်းနှင် လာသည့် အေရိုလစ်ယာဉ်အမျိုးအစား၊ ယာဉ်အမှတ် star 4544(ဗ) စစ်အစိမ်းရောင်ယာဉ်တစ်စီးနှင့် ယင်းမာပင်မြို့ နယ်၊ တံတွေးကျေးရွာအုပ်စု၊ ညောင်ငုတ်တိုတောတိုက်နေ ဦးမြင့်ရွှေ အသက်(၄၀)နှစ်ဆိုသူ စီးနင်းလာသည့် ယာဉ် နံပါတ်မပါ Dream 110 အမျိုးအစား ဆိုင်ကယ်တစ်စီးဖြင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။
၎င်း ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသူ ဦးမြင့်ရွှေ ဆိုသူမှာ ဦးခေါင်းနောက်စေ့နေရာ ခြောက်မခန့်သွေး ထွက်ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်မပြတ် ဒဏ်ရာနှင့် ပေါင်နှစ်ဘက်စလုံးတွင် ပွန်းပဲ့ဒဏ်ရာများရရှိပြီး ထိုနေရာ၌ သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ကနီမြို့မရဲစခန်းက အဆိုပါ ယာဉ်တိုက်မှုအား ယာဉ်(ပ) ၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)အရ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း