ဘောလုံးသမားဘ၀မှ အနားယူလျှင် ရုပ်ရှင်မင်းသားလုပ်မည့် မန်ယူတိုက်စစ်မှူးဟောင်းကြီး

ပို့စ်တင်ချိန် - 4/12/2014 06:44:00 PM


ဂျာမန်ဘွန်းဒစ်လီဂါနှင့် ပရီးမီးယားလိဂ်တို့တွင် ထိပ်တန်း ကစားသမား တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ပြီးနောက် ဒီမစ်တာ ဘာဘာတော့ဗ် အနေဖြင့် ၎င်း၏ ဘောလုံးသမားဘဝ နှောင်းပိုင်းကာလကို ပြင်သစ်ကလပ် မိုနာကို၌ ဖြတ်သန်းနေပြီ ဖြစ်သည်။ အသက်(၃၃)နှစ် ရှိပြီဖြစ်သော ဘူလ်ဂေးရီးယား လက်ရွေးစင်ဟောင်းသည် ယခုအခါ ဘောလုံးသမားဘဝ အပြီးသတ်ချိန်၌ ရှေ့ဆက်ရမည့် အသက်မွေးမှု လုပ်ငန်းကို ကြိုတင် စဉ်းစားနေပြီ ဖြစ်သည်။ ၎င်းသည် အခြားနာမည်ကျော် ဘောလုံးသမားများကဲ့သို့ TVအစီအစဉ်မှူး၊ ဘောလုံးနည်းပြ နယ်ပယ်များထဲ ခြေချရန် မရည်ရွယ်ဘဲ ဟောလီးဝုဒ်တွင် မင်းသားအဖြစ် ထိုးဖောက်ရပ်တည်ရန် ကြံစည်လျှက်ရှိသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာသည်လည်း ဘောလုံးကစားခြင်းမှ အနားယူသွားချိန်၌ ပြင်သစ် ရုပ်ရှင်လောကတွင် နာမည်ကျော်သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ဖူးသည်။ ဖူလ်ဟမ်အသင်းမှ မိုနာကိုသို့ အငှားထွက်ကစားနေသည့် တိုက်စစ်မှူးက “ကျွန်တော်ကတော့ ဘဝတစ်လျှောက်လုံး ကွဲပြားခြားနားတဲ့ အရာတွေကို စမ်းသပ်ကြည့်ခဲ့ဖူးပါတယ်။ လှပတဲ့ အရာမျိုးတွေ ဆိုပါတော့။ ဘောလုံးမှာလည်း ဒီလို စိတ်ကူးအတွေးအခေါ်မျိုးနဲ့ ကျွန်တော် ကစားခဲ့တယ်။ ခုတော့ ကျွန်တော့် အနာဂတ်ဟာ သရုပ်ဆောင် ဘဝမှာ လှပတဲ့ အခြေအနေ ရှိလိမ့်မယ်လို့ တွေးမြင်မိပါတယ်။ ကန်တိုနာနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်မယ် ဆိုရင်တော့ မျှတမှု မရှိပါဘူး။ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခမ်းနားလှတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ သူသွင်းတဲ့ဂိုးတွေ၊ သူ့ကစားပုံတွေအပြင် ကော်လံကြီး တထောင်ထောင်နဲ့ သူ့ပုံရိပ်က အရမ်းကို မိုက်လွန်းပါတယ်”ဟု ဆိုသည်။

ကန်တိုနာကဲ့သို့ပင် ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ဘာဘာတော့ဗ်က “နောက်တော့ ကန်တိုနာက ရုပ်ရှင်လောကဆီ ကူးပြောင်းသွားတယ်။ ကျွန်တော်လည်း ရုပ်ရှင်ရပ်ဝန်းကို နှစ်သက်တဲ့ အမာခံ ပရိသတ် တစ်ယောက်ပါ။ ဒါကြောင့် ဘောလုံးကစားသမား ဘဝက အနားယူရင် ရုပ်ရှင်တချို့မှာ ပါဝင်နိုင်ဖို့ သေချာပေါက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တဲ့အခါ ကောင်းကောင်း လုပ်ပြနိုင်မယ်လို့လည်း ယုံကြည်မှု ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။
Planet Myanmar Network