အစာအိမ်ထဲ ရောက်နေသည့် ရွှေတုံးများကို အိန္ဒိယ ဆရာဝန်များ ဖယ်ရှားပေးခဲ့ရ

ပို့စ်တင်ချိန် - 4/25/2014 04:46:00 PM


ဆရာဝန်များက ၎င်းကို ခွဲစိတ်ကုသပေးပြီးနောက် အစာအိမ်ထဲတွင် ရွှေတုံးများကို တွေ့ရှိခဲ့ခြင်းဟု ယခုခွဲစိတ်မှုတွင် ပါဝင်သူ ဒေါက်တာစီအက်စ် ရာမာချန်ဒရန်က ပြောကြားခဲ့သည်။


ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံတွင် လူတစ်ဦး၏ အစာအိမ်ထဲမှ ရွှေတုံး(၁၂)တုံးကို ဆရာဝန်များက ခွဲထုတ် ဖယ်ရှားပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ အသက်(၆၃)နှစ် အရွယ်ရှိ လူနာ၏ အမည်ကိုမူ ရဲတပ်ဖွဲ့က ကြေညာခြင်း မရှိချေ။ နယူးဒေလီရှိ ဆေးရုံတစ်ခုတွင် ဧပြီလ (၉)ရက်နေ့က အဆိုပါလူနာသည် ဝမ်းဗိုက်တွင် မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် လာရောက်ကုသမှု ခံယူခဲ့ရသည်။ ဆရာဝန်များက ၎င်းကို ခွဲစိတ်ကုသပေးပြီးနောက် အစာအိမ်ထဲတွင် ရွှေတုံးများကို တွေ့ရှိခဲ့ခြင်းဟု ယခုခွဲစိတ်မှုတွင် ပါဝင်သူ ဒေါက်တာစီအက်စ် ရာမာချန်ဒရန်က ပြောကြားခဲ့သည်။ ၎င်းကပင် တရားခံသည် အိန္ဒိယ နိုင်ငံသား တစ်ဦးပင်ဖြစ်ကြောင်းလည်း ဆိုသည်။



“သူက အဲဒီတုန်းက ကျွန်တော်တို့ကို ပြောခဲ့တာက ပလပ်စတစ်ပုလင်း တစ်လုံးကို မတော်တဆ မြိုချခဲ့မိတယ် ဆိုပြီးတော့ပါ”ဟု ရာမာချန်ဒရန်က ရှင်းပြခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ ဓာတ်မှန်ရိုက်ကြည့်တော့ အတုံးလေးတွေပဲ တွေ့တယ်။ ရွှေတွေလို့တော့ ဘယ်ထင်မလဲလေ။ ဒါနဲ့ပဲ ကျွန်တော်တို့ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟုလည်း ပြောကြားခဲ့သည်။ တစ်တုံးလျှင် (၃၃)ဂရမ်စီလေးသော ရွှေတုံးလေးများကို ဆရာဝန်များက ဒေသခံ ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်။

ရဲတပ်ဖွဲ့မှ ကော်မရှင်နာ အေလော့ခ်ကူမာက “ဒီလူက အိန္ဒိယ နိုင်ငံထဲကို ရွှေတုံးတွေ မှောင်ခိုသွင်းနေတာ ဖြစ်နိုင်ပါတယ်။ အကောက်ခွန် အရာရှိတွေ ရှာမတွေ့နိုင်အောင် မြိုချလာခဲ့ပုံပဲ”ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ၎င်းက ယင်းရွှေတုံးများကို မည်သည့်နိုင်ငံမှ မှောင်ခိုသွင်းလာသည်ကိုမူ ပြောကြားခြင်း မရှိချေ။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် ရွှေထည်ထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။