မလေးရှားလေယာဉ် အပျက်အစီးများကို ရက်ပိုင်းအတွင်း ရှာဖွေတွေ့ရှိမည်ဟု သြစတြေးလျရှာဖွေရေး အကြီးအကဲ မျှော်လင့်

ပို့စ်တင်ချိန် - 4/10/2014 12:43:00 PM




ပျောက်ဆုံးနေသော မလေးရှားလေယာဉ်ကို ရှာဖွေနေသော သြစတြေးလျသင်္ဘော Ocean Shield သည် အချက်ပြမှုနှစ်ကြိမ် ထပ်မံရရှိခဲ့သဖြင့် လေယာဉ်အပျက်အစီးများကို ရက်ပိုင်းအတွင်း ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက် မြင့်တက်စေခဲ့သည်။

ပျောက်ဆုံးလေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာမှ အချက်ပြမှုနှင့် ကိုက်ညီသော အချက်ပြထုတ်လွှင့်မှုကို ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က ရရှိခဲ့ပြီး ယင်းအချက်ပြမှုနှင့် တူညီသည့် အချက်ပြမှုကို နှစ်ကြိမ်ထပ်မံ ရရှိခဲ့ကြောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် အန်ဂတ်စ်ဟူစတန်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ရှာဖွေနေတဲ့နေရာ မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လေယာဉ်အပျက်အစီးတွေကို မျက်မြင်မတွေ့ရသေးသရွေ့ ကျွန်တော်ဘာကိုမှ အတည်ပြုလို့ မရသေးပါဘူး” ဟု ဟူစတန်က ပြောကြားခဲ့သည်။

သြစတြေးလျသင်္ဘောသည် ယင်းအချက်ပြမှုနှစ်ခုကို ရရှိခဲ့သည့် နေရာ၌ပင် ယခုအချက်ပြမှုနှစ်ကြိမ်ကို ထောက်လှမ်းရရှိခဲ့သည်။ ယခုအချက်ပြမှုသစ်များသည် သမုဒ္ဒရာ ကြမ်းပြင်အောက်တွင် ရှာဖွေရေး ဧရိယာကို ပိုမိုတိကျစေရန် အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။

၇၅၄၂၃ စတုရန်းကီလိုမီတာ(၂၉၀၀၀ စတုရန်းမိုင်) ရှိ ဧရိယာတွင် ပါ့သ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၂၆၀ (မိုင် ၁၄၀၀)ကို အဓိကထား၍ စစ်ဘက်ဆိုင်ရာ လေယာဉ် ၁၁ စင်း၊ အရပ်ဘက်လေယာဉ် လေးစင်းနှင့် သင်္ဘော ၁၄ စင်း အသုံးပြု၍ ဧပြီ ၉ ရက်က ရှာဖွေခဲ့ကြောင်း သြစတြေးလျ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ဘလက်ဘောက်စ်၏ ဘက်ထရီကုန်ဆုံးခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသရွေ့ အမေရိကန်နိုင်ငံလုပ် အသံလှိုင်းဖြင့် ရေအောက်အရာဝတ္ထုရှာဖွေရေး ကိရိယာ Bluefin 21 ကို ရေအောက်ကြမ်းပြင်သို့ စေလွှတ်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့သော် နောက်ဆုံးရရှိသည့် အသံဆိုင်ရာ အချက်ပြမှုမှာ အလွန်အားပျော့သဖြင့် ဘက်ထရီကုန်တော့မည်ကို ညွှန်ပြနေကြောင်း၊ သို့ဖြစ်ရာ တာဝန်ရှိသူများသည် ယင်းရှာဖွေရေး ကိရိယာကို အသုံးပြုရန် နီးကပ်လာပြီဟု ယူဆရကြောင်း ဟူစတန်က ပြောကြားခဲ့သည်။ မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ် ခရီးစဉ်အမှတ် MH370 ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင်တွင် နိုင်ငံအမြောက်အမြားက အရှိန်မြှင့် ရှာဖွေနေသော်လည်း ယခုအချိန်အထိ လေယာဉ်အပျက်အစီး တစ်စုံတစ်ရာမျှ မတွေ့ရသေးပေ။

Ref:AFP
Eleven Media Group