သာသနာ့အလံအား နိုင်ငံခြားသူက မဖွယ်မရာပြုလုပ်ရန် ဖြုတ်ယူခြင်း မဟုတ်ဘဲ သဘောရိုးဖြင့်သာ ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်တွေစုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိ

ပို့စ်တင်ချိန် - 4/10/2014 09:43:00 AM


ကျော်ဇင်ဝင်း
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် သာသနာ့အလံအား Malteser International အဖွဲ့မှ နိုင်ငံခြားသူက မဖွယ်မရာပြုလုပ်ရန် ဖြုတ်ယူခြင်းမဟုတ်ဘဲ သဘောရိုးဖြင့်သာ ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဧပြီ ၉ ရက် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ နိုင်ငံတော်အစိုးရက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသခံ တိုင်းရင်းသားအချို့ လက်မခံနိုင်သော ကိစ္စအတွက် ဆန္ဒပြသည့်အနေဖြင့် Malteser International အဖွဲ့မှ ငှားရမ်း၍ ရုံးဖွင့်ထားသည့် ရခိုင်အမျိုးသားပိုင် အဆောက်အအုံတွင် အိမ်ရှင်ဖြစ်သူက ၎င်း၏သဘောဖြင့် သာသနာ့အလံကို လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ အလံလွှင့်ထူခြင်းသည် နိုင်ငံတော် အစိုးရအပေါ် ဆန့်ကျင်ဆောင်ရွက်သည့်သဘော သက်ရောက်သဖြင့် ယင်းသို့ဆန့်ကျင်ဆောင်ရွက်၍ မရသော ၎င်းတို့အဖွဲ့အစည်း မူအရ နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံအား ဖြုတ်သိမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသူသည် မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်သူများ၏ အကျိုးကို အကူအညီ ပေးလိုသောကြောင့် ဆန္ဒပြု တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းနှင့် ၎င်းကိုယ်တိုင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်စွာ လေ့လာဆည်းပူးနေသူ ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့အထွတ် အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်လိုသော စိတ်ဆန္ဒအလျှင်း မရှိကြောင်း ပေါ်ပေါက်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

သို့ရာတွင် ယင်းသို့သဘောရိုးဖြင့် ဆောင်ရွက်မှုသည် ဥပဒေချိုးဖောက်မှု မပေါ်ပေါက်သော်လည်း နိုင်ငံရေးလှုပ်ရှားမှု ရှုပ်ထွေးချိန်တွင် မမှန်မကန် စည်းရုံးလှုံ့ဆော်သူအချို့၏ ပယောဂကြောင့် ဒေသခံ တိုင်းရင်းသားအချို့မှ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် အထင်လွဲမှားမှု ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့မှ ၀န်ထမ်းအချို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဒေသခံ တိုင်းရင်းသားအချို့က သံသယ၀င်ကာ ယုံကြည်မှုလျော့ပါးလျက် ရှိသည့်အချိန်တွင် သာသနာ့အလံကို သဘောရိုးဖြင့် ဖြုတ်ယူသိမ်းဆည်းခဲ့ခြင်းအပေါ် ကောလာဟလ သတင်းများဖြန့်၍ ဒေသခံ တိုင်းရင်းသားများ အထင်လွဲမှားမှု ပိုမိုမြင့်တက်လာအောင် စည်းရုံးလှုံ့ဆော်ကာ စစ်တွေမြို့ပေါ်၌ UN၊ INGOs အဖွဲ့အစည်းများပိုင် ရုံးများ၊ ရုံးသုံးပစ္စည်းများ၊ နေအိမ်များ ထောက်ပံ့ရေး သိုလှောင်ရုံများနှင့် ပစ္စည်းများ၊ ယာဉ်များကို အချိန်တိုအတွင်း လူအုပ်စုဖွဲ့၍ အဓမ္မဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒေသအာဏာပိုင်များ အနေဖြင့် အချိန်တိုအတွင်း ထိရောက်သောကာကွယ်မှုများ မပေးနိုင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံခြားသား ၀န်ထမ်းများအား လုံခြုံမှုရှိအောင် ကာကွယ်ဆောင်ရွက် ပေးနိုင်သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များမှာ ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး၊ ဥပဒေနှင့်အညီ ထိရောက်စွာ တုံ့ပြန်အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ လုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

news-eleven