တောင်တက်သမား ၁၈ ဦး သေဆုံးခဲ့မှုကြောင့် ဧ၀ရတ်တောင်ပေါ် မြန်မာ့အလံထူမည့် မြန်မာတောင်တက်အဖွဲ့ လှည့်ပြန်ခဲ့ရ

ပို့စ်တင်ချိန် - 4/25/2014 12:06:00 PM


ဧဝရတ်တောင်ပေါ်တွင် မတော်တဆမှုကြောင့် ဧပြီ ၁၈ရက်က တောင်တက်သမား ၁၈ဦး သေဆုံးခဲ့ခြင်းကြောင့် ဧဝရတ်တောင်တက်ရာသီကို နီပေါအစိုးရက ပိတ်လိုက်သဖြင့် ဧဝရတ်တောင်သို့ ရောက်နေသည့် မြန်မာတောင် တက်သမားများလည်း ဧပြီလ ၂၄ရက်က လှည့်ပြန်ခဲ့ရပြီဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

" မြန်မာတောင်တက်အဖွဲ့သည် ဧ၀ရတ်တောင်ထိပ်တွင် မြန်မာ့အလံကို စိုက်ထူနိုင်ရေးအား အခြေအနေအရ လက်လျော့ခဲ့ကြရ သည်။ ဧပြီလ ၂၄ ရက်တွင် မြန်မာတောင်တက်အဖွဲ့သည် နီပေါနိုင်ငံ၊ ကမန်ဒူမြို့သို့ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြသည်။ သို့သော် အဖွဲ့ဝင်တိုင်း၏ နှလုံးသားတွင် အသက်ရှင်နေသရွှေ့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ရေးအတွက်
ထပ်မံကြိုးစားသွားမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ခဲ့ကြကြောင်း ထူးဖောင်ဒေးရှင်းမှ ကြားသိရပါသည်"ဟု ရေးသားထားသည်။

ဧဝရတ်တောင်ကို တက်သည့် မြန်မာတောင်တက်အဖွဲ့ ၅ဦးသည် ထူးဖောင်ဒေးရှင်း နယက ဦးတေဇ၏ ပံ့ပိုးမှုဖြင့် ဧဝရတ်တောင်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံရှိ ဧဝရတ်တောင်ကို မြန်မာအဖွဲ့ စတင်ချေချခဲ့သည့် ဧပြီလ ၁၈ရက်က ရာသီဥတု ဆိုးရွားကာ ရေခဲတောင်ပြိုကျမှုကြောင့် ဧဝရတ်တောင် အမြင့်ပေ ၁၉,၀၀၀တွင်ရှိသော တောင်ထွတ် တစ်နေရာတွင် နီပေါလမ်းပြ ၆ဦး အပါအဝင် နိုင်ငံခြား
တောင်တက်သမား စုစုပေါင်း ၁၈ဦး သေဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးခဲ့ရသည်။

ယင်းမတော်တဆမှုကြောင့် နီပေါအစိုးရက ဧဝရတ် တောင်တက်ရာသီကို ပိတ်လိုက်ပြီဟု တရားဝင်ကြေငြာခဲ့သည်။
Mizzima Burmese