ချင်းတောင်တွင် မြေပြိုရာမှ အဓိက ကုန်သွယ်လမ်း ခေတ္တပိတ်

ပို့စ်တင်ချိန် - 5/01/2014 07:08:00 PM


ကလေး၊ ဧပြီ ၃၀

မြန်မာ-အိန္ဒိယနယ်စပ် ဒုတိယမြောက် ကုန်သွယ်စခန်း ဖြစ်သည့် ရိဒ်နယ်စပ် ကုန်သွယ်စခန်းသို့ သွားသည့် ကလေး-တီးတိန်-ဟားခါးလမ်းပေါ်ရှိ မိုင်တိုင် (၂၉) သိုင်းငင်း ကျေးရွာအနီးတွင် ဧပြီ ၂၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

“အဲဒီနေရာက နှစ်တိုင်း မြေပြိုကျမှု အဆိုးဆုံးနေရာပဲ။ အခုအပေါ်ကလည်း ဖြိုနေတယ်။ အောက်ဘက်ကလည်း မြေစာပုံတွေကို ပြန်ဖြန့်နေတော့ ကုန်တင်ယာဉ်တွေ စောင့်နေရတာ နှစ်နာရီလောက်ကို ကြာတယ” ဟု ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေး အသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လမ်းများပိတ်ဆို့မှု ဖြစ်ခဲ့သော်လည်း အချိန်မကြာသောကြောင့် ကုန်သွယ်မှုကို ထိခိုက်စေမည် မဟုတ်ကြောင်း၊ အနည်းငယ် နှောင့်နှေးမှုသာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ကလေး- ရိဒ် နယ်စပ်ကုန်သည်များက ပြောဆိုသည်။

ကလေး-တီးတိန်-ဟားခါးလမ်းပေါ်ရှိ မိုင်တိုင် (၂၉) သိုင်းငင်းကျေးရွာ အနီးတွင် ယင်းကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ပြီး မိုးရာသီအတွင်း မြေပြိုမှု အဆိုးဝါးဆုံး နေရာများတွင် ထပ်မံမြေပြိုမှု မဖြစ်စေရန် တောင်နံရံများ ထိန်းသိမ်းခြင်း လုပ်ငန်းကို ချင်းပြည်နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း လမ်းအထူး (၁၁) အဖွဲ့မှ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ မိုးတွင်းတုန်းကဆို နေ့တိုင်းနီးပါး မြေပြိုလို့ မြေစာတွေ ရှင်းရတာ တစ်ခါရှင်းရင် ငါးနာရီလောက် ကြာတယ်။ ဒီနှစ်မိုးရာသီမှာ အဆင်ပြေပြေ သွားလာနိုင်အောင်လို့ လုပ်ပေးနေတာပါ” ဟု ၎င်းင်းက ပြောဆိုသည်။

ယင်းနေရာမှာ ချင်းပြည်နယ်အတွင်း လမ်းခင်းရန် ကျောက်ထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သောနေရာ ဖြစ်ကြောင်း၊ သက်နုကျောက် အမျိုးအစားများဖြစ်၍ အပင်ကြီးများပေါက်ရန် ခက်ခဲပြီး မိုးရွာသွန်းသည်နှင့် တောင်နံရံ ပြိုကျမှုများ ဖြစ်လာကြောင်း ကနေဒီ တောင်တန်း စိမ်းလန်းစိုပြည်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ချင်းပြည်နယ်အတွင်း ဂျပန်နိုင်ငံ JICA မှ ရရှိထားသော ချေးငွေကျပ် သန်း (၉၉၀၀) ကိုအသုံးပြုကာ ကလေး-ဟားခါးလမ်း (မိုင် ၁၃၀ ကျော်ခန့်) ၊ဟားခါး-ဂန့်ဂေါလမ်း (မိုင်- ၈၀ခန့်)၊ သိုင်းငင်း-တီးတိန်လမ်း (မိုင် ၅၀ခန့်) တို့ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည်ဟု ချင်းပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly