KNU တပ်မဟာ (၇)က အဝေးပြေးယာဉ်လိုင်း သြဂုတ်လတွင် ပြေးဆွဲမည်

ပို့စ်တင်ချိန် - 5/01/2014 09:04:00 AM


ယုဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) တည်ထောင်ထားသည့် မိုးကိုစံကုမ္ပဏီက ဒို့မိတ်ဆွေ အမည်ရှိ အဝေးပြေးယာဉ်လိုင်းကို သြဂုတ်လတွင် စတင်ပြေးဆွဲမည်ဟု
တပ်မဟာ(၇) စီးပွားရေး တာဝန်ခံ စောမိုးဇက်ကပြောသည်။

မော်တော်ယာဉ် (၈)စီးဖြင့်စတင် ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုးချဲ့သွားရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။ ယာဉ်လိုင်းကို မြ၀တီ-ဘားအံ -တောင်ငူ၊ မြ၀တီ -ဘားအံ- ရန်ကုန်၊ မြ၀တီ-ဘားအံ- ရန်ကုန်- ပုသိမ်
လမ်းကြောင်းများတွင် ပြေးဆွဲမည်ဖြစ်ပြီး ကရင်အများစု နေထိုင်သည့် မြို့နယ်များကို အဓိကထား၍ ခရီးစဉ်များ သတ်မှတ်ထားခြင်းဖြစ်သည်။

အာရှလမ်းမကြီး ဖောက်လုပ်ပြီးစီးပါက နှစ်ထပ်ဘတ်စ်ကားများဖြင့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲရန်လည်း စီစဉ်ထားသည်ဟု ဘားအံမြို့ KNU စီးပွားရေးတာဝန်ခံ စောတင့်လွင့်က ပြောသည်။

“အာရှလမ်းမကြီးဖြစ်လာရင် အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ရမှာပါ။ ဒါတွေကို မျှော်လင့်ပြီး အဝေးပြေး ကားတွေကို ပြေးဆွဲမှာပါ” ဟု စောမိုးဇက်ကပြောသည်။

တပ်မဟာ (၇)က KNU ဌာနချုပ်ကို ထောက်ပံ့ရန် မိုးကိုစံကုမ္ပဏီကို ၂၀၁၃ခုနှစ် သြဂုတ်လတွင် တည်ထောင်ခဲ့ပြီး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လောင်စာဆီတင်သွင်းခြင်း လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိသည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်
လက်မှတ်ရေးထိုးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲပြီးနောက်တွင် ရပ်တည်နိုင်ရန်
တရားဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်ဟု အစိုးရကလည်းပြောကြားထားသည်။

Mizzima Burmese