လူငယ်နှင့် စွဲလမ်းမှု

ပို့စ်တင်ချိန် - 5/01/2014 07:08:00 PM


ဒီနေ့ခေတ် လူငယ်တွေရဲ့ အချိန်အများစုဟာ ဘယ်အရာတွေကြောင့် ကုန်ဆုံးနေရပါသလဲ


ဂိမ်းကစားတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ အပေါင်းအသင်းတွေနဲ့ ၀ိုင်းဖွဲ့ပျော်ပါးတာ၊ အရက်သေစာ နဲ့ ဆေးလိပ်သောက်တာ။ လိင်အပျော်အပါးလိုက်စားတာ..စတဲ့ အချက်တွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။

တကယ်တော့ လူငယ်ဆိုတာ သတ္တိရှိတယ်။ စူးစမ်းချင်စိတ်ရျိတယ်။ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်။ ပျော်ရွှင်တတ်တယ်။ လွတ်လပ်မှုကို တန်ဖိုးထားတယ်။ အသစ်အဆန်းလုပ်ရတာကို နှစ်သက်တယ်။ လမ်းသစ်ဖောက်လိုတယ်။ စိတ်အားထက်သန်မှု အားကောင်းတယ်။ အားမာန်ရှိတယ်။ ဒီလို ၀ိသေသတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်တွေဟာ အနာဂတ်မှာ ဦးဆောင်ဦးရွက်ပြုမယ့်သူတွေ ဖြစ်တာကြောင့် လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေဟာ ငယ်စဉ်ကတည်းက အသိပညာ ဗဟုသုတရှိဖို့၊ ရှိထားတဲ့ အသိပညာကို ဆင်ခြင်တုံတ၇ားနဲ့ ပဲ့ကိုင်ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ကမ္ဘာကြီးက ရွာအသွင်ပြုမူနေတဲ့ အချိန်အခါမှာ အများနဲ့အတူ ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရုန်းကန်နေတုန်းမှာ မကောင်းတဲ့ စွဲလန်းမှုတွေကို မကောင်းမှန်းသိရက်နဲ့ မဖြတ်တောက်နိုင်လို့ လှေလှော်ရင်း တက်ကျိုးရတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။

လူငယ်တချို့ ဘာကြောင့် မတိုးတက်ကြတာလဲ။ စွဲလန်းမှုကြောင့်ပါ။ ဒီစွဲလမ်းမှုကို မဖြတ်တောက်နိုင်တာကလည်း ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင် မရှိလို့ပါပဲ။ အဲဒီလို စွဲလမ်းမှုကို မဖြတ်တောက်နိုင်လို့ အသက် ၄၀ အရွယ်မှာ သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးအကြောင်း ပြောပြချင်ပါတယ်။

သူက ငယ်စဉ်တုန်းက ကျောင်းမှာ ထူးချွန်တဲ့ သူပါ။ အတန်းတိုင်းလိုလို ဆုတံဆိပ်တွေ ရရှိခဲ့ပေမယ့် ၁၀တန်းရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ အရက်ကို စတင်မြည်းစမ်းကြည့်ခဲ့ပါတယ်။ နောက်ပိုင်း ကျောင်းပြေးပြီး အရက်ဆိုင်သွားတဲ့အထိ အခြေအနေက တဖြည်းဖြည်းဆိုးလာ လိုက်တာ မိဘအုပ်ထိန်းသူတွေ ဘယ်လိုပြောပြော ဆရာသမားတွေ ဘယ်လိုပဲ ဆုံးမ ဆုံးမ ပြန်မပြော နားမထောင် မထုံတက်တေးဘ၀နဲ့ အရက်စွဲသွားပါတယ်။ အသက် ၄၀ အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်တွေလည်း တစ်ခုခု စွဲလမ်းနေပြီလို့ ထင်တဲ့အခါ အချိန်မီ ဖြတ်ပစ်နိုင်ဖို့ လိုပါတယ်။ ဘယ်အချိန်မှာ စွဲလမ်းနေပြီလို့ သိနိုင်မလဲ။ အခု ခေတ်စားနေတဲ့ အင်တာနက်သုံးစွဲခြင်း အထူးသဖြင့် ဖေ့စ်ဘုတ်ခ် သုံးတာနဲ့ ဥပမာပေးရရင်

အင်တာနက်ကို ခန္ဓာကိုယ်က သုံးစွဲနိုင်တဲ့ အတိုင်းအတာ(မျက်စိညောင်းညာပြီး ကိုယ်လက်လေးလံ ထိုင်းမှိုင်းနေတဲ့အထိ)ထက် ပိုသုံးတာ
အချိန်ပြည့် အင်တာနက်သုံးဖို့ပဲ စိတ်ထဲမှာ ရှိနေတာ
အင်တာနက်သုံးတာနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း၊ လူမှုရေး ပြဿနာတွေ ကြုံရတာ
အင်တာနက်သုံးတာနဲ့ ပတ်သက်ပြီး ငါမသုံးသင့်တော့ဘူးလို့ အတွေးမျိုး ထပ်တလဲလဲ ၀င်တာ
အင်တာနက်သုံးတာ ဖြတ်သင့်ပြီဆိုတဲ့ ဆုံးဖြတ်ချက် ချပြီးမှ အဲဒီ ဆုံးဖြတ်ချက်ကို မထိန်းသိမ်းနိုင်တာ
ဒီအချက် ငါးချက်နဲ့ ကြုံနေရင် စွဲလမ်းနေတဲ့ရောဂါလို့ သတ်မှတ်လို့ရပါတယ်။

အရက်တင် မက၊ ဆေးလိပ် မူးယစ်ဆေးဝါး၊ ကွမ်းနဲ့ အပျော်အပါး၊ ဂိမ်း၊ အင်တာနက်မှာ အကျိုးမရှိစွာ အချိန်ကုန်ခြင်း စတာတွေနဲ့ ပတ်သက်ပြီး ဒီလို အတွေးရှိနေရင်လည်း ကိုယ်က မကောင်းတဲ့ အရာကို မကောင်းမှန်းသိသိနဲ့ စွဲလမ်းနေပြီလို့ သိနားလည်ပြီး ဖြတ်နိုင်၊ ပြုပြင်နိုင်ဖို့ ကြိုးစားရပါမယ်။

ကဲ အကျင့်ဆိုးတွေကို ဘယ်လို ဖြတ်တောက်ကြမလဲ

လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှားမှု၊ အားကစား လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးလျှင် မကောင်းတာကို စွဲလမ်းတဲ့ စိတ်လျော့သွားတတ်ပါတယ်။

ဘာသာတရား ကိုင်းရှိုင်းပါ

ဘာသာတရား လိုက်စားပြီး ကိုးကွယ်ရာ ဘာသာရေး အဆုံးအမ ခံယူတာကလည်း အကျင့်ဆိုးစွဲလမ်းမှု ကင်းပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။

စံပြပုဂ္ဂိုလ် ထားရှိပါ

စံပြပုဂ္ဂိုလ်အနေနဲ့ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က ထူးချွန်တဲ့သူကိုပဲ ဖြစ်ဖြစ် ကိုယ့်မိဘပဲ ဖြစ်ဖြစ် ရှိသင့်ပါတယ်။

ခိုင်မာသော ရည်မှန်းချက် ပန်းတိုင်ထားပါ

ကလေးအရွယ် ငယ်စဉ်ကတည်းက ဒီလ စာမေးပွဲမှာ အမှတ်များများ ရအောင် ကြိုးစားမယ်။ အတန်းတင် စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးရအောင် ကြိုးစားမယ်။ မိဘရဲ့ ဂုဏ်၊ ဆရာသမားတွေရဲ့ ဂုဏ်၊ ကိုယ့်ကျောင်းရဲ့ ဂုဏ်ကို ဆောင်မယ် ဆိုတဲ့ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင် ထားရှိသင့်ပါတယ်။ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိမယ်ဆိုရင် မကောင်းတဲ့ စွဲလမ်းမှုမှာ ပျော်မွေ့နေမှာ မဟုတ်တော့ပါဘူး။

သူတစ်ပါးကို ကူညီပါ

အများအကျိုးဆောင်တဲ့ စေတနာ့ ၀န်ထမ်းလုပ်တဲ့အခါ မကောင်းတဲ့ စိတ်တွေ မမွေးမိတော့ပါဘူး။ မကောင်းတဲ့ အပျော်အပါးမှာလည်း မပျော်မွေ့တော့ပါဘူး။ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ကူညီရင်း သူတို့ရဲ့ စံပြ ဖြစ်ချင်တဲ့ စိတ်တွေ အလိုလို ပေါ်လာပါတယ်။ ဒါက အများအကျိုးဆောင်ရင်း ကိုယ့်အကျိုးပါ အောင်မြင်လာတာ ခံစားရတဲ့ ပြယုဂ်တစ်ခုပဲ ရှိပါသေးတယ်။ သွေးလှူဒါန်းမယ်ဆိုရင်လည်း ဒီသဘောပါပဲ။ ကိုယ့်သွေးက သန့်စင်နေမှ လှူလို့ရမှာ ဖြစ်တော့ မကောင်းတဲ့ အပျော်အပါး လိုက်စားမှုတွေ  ရှောင်ရှားပြီးသား  ဖြစ်သွားပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ကွမ်း စတာတွေကို စတင် မသုံးရသေးတဲ့ လူငယ်တွေ အနေနဲ့ ဘ၀တလျှောက်လုံး အကျင့်ဆိုးတွေနဲ့  ဝေးဝေးနေနိုင်သွားမှာ ဖြစ်ပါတယ်။

ref: ကြယ်စင်
World-Myanmar News