မေဒေးနေ့မှာ အလုပ်လုပ်နေရမယ့် လုပ်သားတွေ

ပို့စ်တင်ချိန် - 5/01/2014 09:44:00 AM



အထည်ချုပ်စက်ရုံတစ်ခုရှိ ၀န်ထမ်းများ လုပ်ငန်းခွင်ဝင်နေစဉ် /ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံအပါအ၀င် တစ် ကမ္ဘာလုံးရှိသန်းနှင့် ချီသော အလုပ်သမားထုတစ်ရပ် လုံးမျှော်လင့်သည့်နေ့ဖြစ်သော ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့)ပိတ်ရက်တွင် ရန်ကုန်ရှိ ပီနံအိတ်စက်ရုံမှအလုပ်သမား တစ်ဦးဖြစ်သော အသက် (၂၁) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ယင်းနေ့တွင် ယခင်နှစ်များကဲ့သို့ စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေရ မည်ဖြစ်သည်။

‘‘အဲဒီနေ့တွေမှာ ပိတ်မယ်လို့ မျှော်လင့်ထားပေမယ့် မပိတ်ဘူး ဆိုတော့ စိတ်ထဲမှာတော့ ပျင်းစ ရာပဲလို့ အတွေးတော့ဝင်မိတယ်’’ ဟု ၎င်းက မျက်နှာညှိုးနွမ်းစွာ ဖြင့်ပြောသည်။

၁၈၈၆ ခုနှစ် မေလ ၁ ရက် တွင် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှ အလုပ်သမားများ သွေးမြေကျဆန္ဒပြသပိတ်မှောက် ခြင်းသည် ကမ္ဘာ့အလုပ်သမား နေ့သမိုင်းအစဖြစ်လာခဲ့သည်။

ထို့နောက် ဖြစ်ရပ်ပေါ်မူ တည်ပြီး ၁၈၈၉ ခုနှစ်တွင် ကမ္ဘာ့ အလုပ်သမားအသင်းချုပ်မှ ညီလာခံအစည်းအဝေး၌ တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့ကို နှစ်စဉ်မေလ၁ရက်တွင် သတ်မှတ်ရန် အတည်ပြုခဲ့သည်။ ယင်းအထိမ်းအမှတ်သည် တစ်ကမ္ဘာလုံးမှအလုပ်သမားများအတွက် လွတ်လပ်သော အထိမ်းအမှတ်တစ်ခုဖြစ် သော်လည်း မြန်မာနိုင်ငံရှိ အလုပ်သမားများအပေါ် အကျိုးခံစားခွင့်အပြည့်အ၀ မရရှိသေးပေ။

ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည့် မေလ ၁ရက်တွင်ပင် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ စက်မှုဇုန်များမှ ပုဂ္ဂလိကပိုင်စက်ရုံအချို့၌ အလုပ်သမားများအလုပ်ဆင်းနေရဆဲဖြစ်သည်။

‘‘စက်ရုံထဲမှာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ တစ်စက်ရုံလုံး အများနဲ့ ဆင်းနေရတဲ့အတွက် စိတ်ကအလုပ်ထဲရောက်တော့လည်း ပျော်သွားတာပဲ။ ကိုယ်ကလည်း ပိုက်ဆံလိုချင်တဲ့သူဆိုတော့ ဆင်းလိုက်တာပဲ။ မပိတ်လည်း မပိတ်တဲ့အတွက် ဆင်းရမှာပဲလေ။ သူဘာသာ အလုပ်သမားနေ့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဆင်းလိုက်တာပဲ’’ဟု ၎င်းကဆက်လက်၍ပြောသည်။

‘‘အများပြည်သူရုံးပိတ်ရက် တွေမှာ အိုတီခေါ်တာတွေရှိတဲ့ အတွက် အဲဒီကိစ္စကို ကျွန်တော် တို့ တောက်လျှောက်အော်ခဲ့တာပဲ။ ဆန္ဒဖော်ထုတ်တဲ့အခါမှာလည်း ထည့်ပြီး တောင်းဆိုပေမယ့် ဒီနေ့ အထိ မအောင်မြင်သေးပါဘူး။ ဥပဒေစိုးမိုးမှုအားနည်းတာ။ တစ် ဖက်ကကြည့်ပြန်တော့ အလုပ်သ မားကလည်း အိုတီဆင်းမှ လစာ ပိုရတာကိုး။ အိုတီမရှိပြန်ရင် ပြ ဿနာအကြီးကြီးဖြစ်လာမှာ။ ကျွန်တော်တို့ဆီမှာ အလုပ်ရှင် တွေ ပေးတဲ့ လုပ်ခဈေးက ချိုတဲ့ အတွက် အလုပ်သမားတွေက အိုတီဆင်းမှ အဆင်ပြေမှာ’’ဟု အလုပ်သမားအရေးဆောင်ရွက် သူ ရှေ့နေဦးဌေးကပြောသည်။

လက်ရှိပြည်တွင်းတွင် အ ခြေခံအလုပ်သမားများရရှိသည့် တစ်လ အခြေခံလစာငွေသည် ငွေကျပ်သုံးသောင်းဝန်းကျင်သာ ရရှိကြပြီး အချိန်ပိုနှင့် အခြားရက် မှန်ကြေးခံစားခွင့်များ စုပေါင်းမှ သာငွေကျပ် တစ်သိန်းဝန်းကျင် ခန့်ရရှိကြသည်။ ထို့ကြောင့် လက်ရှိအခြေအနေသည် ပြည်တွင်းရှိ အခြေခံအလုပ်သမားအများစုမှာ အချိန်ပိုကြေး (OT)ကိုသာ မှီခို အားထားနေရသည်။

ပုံမှန်အလုပ်ချိန်တစ်ခုဖြင့် မရပ်တည်နိုင်သေးသည့် အလုပ် သမားများအဖို့ အများပြည်သူရုံး ပိတ်ရက်များတွင်လည်း မိမိသ ဘောထားဆန္ဒအရသော်လည်းကောင်း၊ အလုပ်ရှင်တိုက်တွန်း ချက်ကြောင့်သော်လည်းကောင်း အချိန်ပိုဆင်းလုပ်ကိုင်ကြရပြီး ယင်းရက်များတွင် လုပ်ကိုင်သည့် အလုပ်သမားများကို လုပ်ခလစာနှစ်ဆပေး၍ လုပ်ကိုင်စေခိုင်း လျက်ရှိသည်။

အလုပ်သမားနေ့တွင် အလုပ်ခေါ်ယူသော စက်ရုံများ နှင့် ပတ်သက်၍ လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်း အောင်က ‘‘မေဒေးနေ့ကိုတော့ သိသလောက် အားလုံးပိတ်ကြပါ တယ်။ အလုပ်သမားတွေအတွက် အရေးပါတဲ့ နေ့တစ်နေ့ပဲလေ။ ဘာကြောင့် တချို့စက်ရုံတွေ ဖွင့်သလဲဆိုတာတော့မသိဘူး။ အဲဒီနေ့တော့ ရှောင်ဖို့သင့်တယ်’’ဟု သုံးသပ်ပြောသည်။

ထို့အပြင်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၁ ရက်က မန္တလေး မြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရှိ အောင်စိန်ချည်မျှင်နှင့် ဆေးဆိုး စက်ရုံမှ အလုပ်ရှင်သည် မေးဒေး နေ့တွင် အလုပ်ဆင်းရမည်ဟု စက်ရုံအတွင်း စာကပ်ကြေညာခဲ့ သောကြောင့် စက်ရုံရှိအလုပ်သ မား ၃၀၀ ကျော်က မကျေနပ်၍ အလုပ်သမားနေ့၌ စက်ရုံရှေ့ တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

၎င်းတို့သည် တောင်းဆိုချက် ငါးချက်ဖြင့် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များတွင် မေ ဒေးနေ့အပါအ၀င် အစိုးရရုံး ပိတ် ရက်များ၌ အလုပ်ပိတ်ပေးရန် ပါဝင်ခဲ့သည်။

လက်ရှိအလုပ်ရှင်အလုပ်သ မား အငြင်းပွားမှုဖြစ်ပွားရာတွင် အခြေခံလုပ်ခလစာနည်းပါးသည့် အတွက် တိုးမြှင့်တောင်းခံလျက်ရှိ သည့်အပြင် အချိန်ပိုများ အဓမ္မ ခိုင်းစေမှုကြောင့် ဖြစ်ပွားသည့် ပဋိပက္ခမှာ အများဆုံးဖြစ်သည်။ သို့သော်လက်ရှိတွင် အစိုးရမှ အခြေခံအလုပ်သမားများအ တွက် လုံလောက်သည့် အနည်း ဆုံးအခကြေးငွေနှုန်းထားမပြ ဋ္ဌာန်းနိုင်သေးသရွေ့ အချိန်ပို လုပ်ခကြေးပေါ်သာ မှီခိုရလျက်ရှိ သည်။

သို့သော်ဘ၀ရည်ရွယ်ချက် အကောင်အထည်ဖော်ရန် ပဲခူး တိုင်း ဖြူးမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်ခဲ့ သည့် ပီနံအိတ်စက်ရုံမှ အလုပ်သ မလေး ၎င်းအဖို့ အလုပ်သမားနေ့ (မေဒေးနေ့) နှင့် အလုပ်သမား အခွင့်အရေးဆိုတာ ဘာဆိုဘာမှ နားမလည်၊ စိတ်လည်း မ၀င်စား ပေ။ ရည်ရွယ်ချက်ပန်းတိုင်အ တွက် အလုပ်ရှင်မှ သတ်မှတ်ပေး ထားသည့် တစ်ပတ်လျှင် တစ်ရက်သာ နားရက်ပေးထားသည့် ရက် ကိုသာ ပိတ်ရက်အဖြစ် ခံယူထား သည်။ ‘‘ရည်ရွယ်ချက်ကတော့ ရွာ ပြန်ရင် ငွေထုပ်ပိုက်ပြီး ပြန်ချင် တယ်။ ရွာမှာအလှူအကြီးကြီးလုပ် ချင်တယ်။ အခုတော့ ရည်ရွယ် ချက်က တစ်ဝက်လောက် ရောက် နေပါပြီ’’ဟု ပျော်ရွှင်ရယ်မောစွာ ပြောခဲ့သည်။

အစိုးရအနေဖြင့် အလုပ် ရှင်များမှ အလုပ်သမားများအပေါ် မတရား အဓမ္မ အချိန်ပိုခိုင်းစေမှု ပပျောက်စေရန် စက်ရုံများသို့ ရှောင်တစ်ခင်စစ်ဆေးမှုများ ပြု လုပ်လျက်ရှိပြီး စစ်ဆေးတွေ့ရှိ သော စက်ရုံများကို ခံဝန်ကတိ ရေးထိုးစေကာ သတိပေးထားပြီး ထပ်မံကျူးလွန်ဖောက်ဖျက်ပါက ၀န် ကြီးဌာနမှ တရားစွဲဆိုမည်ဟု ညွှန်ကြားထားသည်။

သို့သော် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အချိန် ပိုဆင်းရသည့် အလုပ်သမားများ သည် အစိုးရမှသတ်မှတ်ထား သည့်အတိုင်း အခြေခံလစာ၏ နှစ်ဆသာရရှိကြသည်။ ၎င်းတို့၏ အခြေခံလစာငွေမှာ နည်းပါးလွန်းသည့်အတွက် ၎င်းတို့ရရှိသည့် အချိန်ပိုကြေးမှာလည်း သိသိသာသာ တိုးမြှင့်ရရှိခြင်း မရှိသေးပေ။

အစိုးရက အလုပ်သမားများ အတွက် ကာကွယ်ပေးနိုင်မည့် ပြ ဋ္ဌာန်းကြေညာချက်များ ထုတ်ပြန် နေသော်လည်း ယခုအချိန်ထိ တရားစွဲဆို အရေးယူခံရသည့် စက် ရုံမျိုး မရှိသေးပေ။ အချို့ စက်ရုံများကသတ်မှတ်ပြဋ္ဌာန်းထား သည့်ပိတ်ရက်များအတိုင်း အလုပ်ပိတ်ပေး သော်လည်း မေဒေးနေ့ကဲ့သို့ အလုပ်သမားများနှင့် တိုက်ရိုက် သက်ဆိုင်သည့် ပိတ်ရက်မျိုးမှာပင် အလုပ်စေခိုင်းသည့် စက်ရုံများ ရှိနေဆဲပင်ဖြစ်သည်။

စက်ရုံအလုပ်ရှင်များ၏ အ ချိန်ပိုအလုပ်ချိန်နှင့် နားရက်မရ သည့် ပြဿနာသည် စာရွက်ပေါ် မှသာ ကြေညာနေပြီး ထိရောက် ပြင်းထန်သည့် အရေးယူမှုများ ပြု လုပ်နိုင်ခြင်းမရှိသည့် ကာလပတ် လုံး မေဒေးနေ့များနှင့် အထင်က ရပိတ်ရက်များသည် အလုပ်သ မားများအတွက် ဖြစ်လာနိုင်လိမ့် ဦးမည်မဟုတ်ပေ။ ။

7Day Daily