ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ်

ပို့စ်တင်ချိန် - 5/14/2014 11:57:00 AM




ရန်ကုန်၊ မေ ၁၃

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။

မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အထက်ပါအတိုင်း ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို အခြားလောကီဆိုင်ရာ စာပေများကဲ့သို့ ထုတ်ဝေပြီးမှ ပြန်လည် တင်ပြသည့် စနစ်ကျင့်သုံးပါက အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွားသွားပြီး သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာ ဘိဝံသက မိန့်ကြားသည်။
“အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွား သွားပါက သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အဆိုပါ အယူအဆလွဲများဖြင့် ရေးသားဟောပြော နေသောကြောင့် သာသနာတော် တည်တံရေးအတွက် နိုင်ငံတော် သံဃမဟာနာယကက စိစစ်ရန် တာဝန်ရှိကြောင်း မွန်ပြည်နယ် နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။

“မြတ်စွာဘုရားရှင်ရဲ့ဓမ္မဝိနယများကို မကျွမ်းကျင်ပဲ လူပြိန်းကြိုက် ကိုယ်လိုရာဆွဲပြီး ဟောပြော ရေးသားနေသောကြောင့် အဓမ္မဝါဒများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းကမိန့်ဆိုသည်။

အဆိုပါ အယူအဆ အလွဲများဖြင့် ရေးသား ဟောပြောမှုများကို စိစစ်ပြီးမှ ထုတ်ဝေရန် ဆုံးဖြတ်ချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေး ဆုံးဖြတ်ချက်များမှ ညွှန်ကြားချက်များဖြင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သံဃဗဟိုဝန်ဆောင် အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ၁၉၈၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့သော်လည်း ယခုပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ သံဃာတော် ကိုယ်စားလှယ်ပေါင်း ၂၅၅၈ ပါး တက်ရောက်ခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

The Voice Weekly